ဧရာဝတီတိုင်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုများလာ
ဧရာဝတီတိုင်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူတွေ တိုးလာနေပြီး ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို ပြည်သူတွေဘက်က လိုက်နာမှုအားနည်းနေတဲ့အတွက် ကုသရေး ဆောင်ရွက်ပေးနေရသူ အခက်အခဲတွေ ဖြစ်နေတယ်လို့ ပြောကြပါတယ်။
-
စိုးသိမ်း
2020-12-03 -
-
-
ဧရာဝတီတိုင်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူတွေ တိုးလာနေပြီး ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန် ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို ပြည်သူတွေဘက်က လိုက်နာမှုအားနည်းနေတဲ့အတွက် ကုသရေး ဆောင်ရွက်ပေးနေရသူ အခက်အခဲတွေ ဖြစ်နေတယ်လို့ ပြောကြပါတယ်။
အထွေထွေရွေးကောက်ပွဲရှိခဲ့တဲ့ နိုဝင်ဘာလ တစ်လထဲမှာ ဧရာဝတီတိုင်းထဲ ရောဂါပိုးကူးစက်ခံရသူက ၁၅၀၀ ကျော် ရှိခဲ့ပါတယ်။
ကျန်းမာရေးဝန်ကြီးဌာနရဲ့ စည်းကမ်းချက်တွေကို မလိုက်နာဘဲ လူစုလူဝေးတွေရှိခဲ့တာမို့ ရောဂါပိုး ကူးစက် ခံရသူတွေက တစ်နေ့ထက် တစ်နေ့ များလာတယ်လို့ ကျန်းမာရေးဝန်ထမ်းတွေက ပြောပါတယ်။
ဧရာဝတီတိုင်းမှာ အရင်က တစ်ရက်ကို ကူးစက်ခံရသူ ၄၀ ခန့်လောက်ရှိရာကနေ ပွဲလမ်းသဘင်တွေများတဲ့ နိုဝင်ဘာလနဲ့ ဒီဇင်ဘာလဆန်းထဲ ကူးစက်မှုနှုန်း ရာဂဏန်းအထိ တက်သွားတဲ့ ရက်တွေလည်း ရှိခဲ့ပါတယ်။
ပြီးခဲ့တဲ့လအတွင်း လူစုလူဝေးဖြစ်စေတဲ့ အခြေအနေတွေကနေ ကူးစက်ခံရသူတွေ များလာနေတာမို့ ပြည်သူတွေအနေနဲ့ လူစုလူဝေးကို ရှောင်ဖို့ ပုသိမ် ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာသန်းမင်းထွဋ် က တိုက်တွန်းပါတယ်။
“ကာကွယ်ရေးစည်းက ဘာလို့ ကျိုးသွားလဲဆိုတော့ ကျိုးသွားတဲ့အချက်တွေ အများကြီး ရှိတာပေါ့။ ဥပဒေ ကို ချိုးဖောက်တဲ့လူတွေများနေတဲ့ဟာတွေရှိတယ်။ ပြည်သူတွေ တစ်ယောက်ချင်းရဲ့ စည်းကမ်းလိုက်နာမှု ရှိခြင်း၊ မရှိခြင်းက အများကြီးပါတယ်။ Mask မတပ်ဘဲ လျှောက်သွားတာတွေ ရှိတယ်။ တန်ဆောင်တိုင်မှာ အုံးအုံးကျွက်ကျွက်နဲ့ ပျော်ပါးတဲ့သူတွေ ရှိတယ်။ ရွေးကောက်ပွဲတုန်းကလည်း လူစုလူဝေးနဲ့ သွားခဲ့တာတွေ ရှိတယ်။ ရွေးကောက်ပွဲမှာ မဲပေးခဲ့တဲ့ဟာတွေရှိမယ်။ ပြီးရင် အငြင်းပွားခဲ့တာတွေ အများကြီးရှိတယ်။ နောက်ပြီးတော့ ပွဲလမ်းသဘင်တွေ အများကြီးရှိတော့ ပွဲလမ်းသဘင်တွေလိုက်ပြီး ပျော်ပါးပြီးတော့ ပံ့သကူ ပစ်ဆိုလည်း ပစ်လိုက်ကြ။ အုံးအုံးကျွက်ကျွက်ပေါ့နော်”
ဆေးရုံရဲ့ ကုသရေးပိုင်းအတွက် စက်ကရိယာတွေ အဆင်သင့် ပြင်ဆင်ထားပေမယ့် ကျန်းမာရေးဝန်ထမ်းတွေ ဝန်မပိအောင် ပြည်သူတွေက ကူးစက်မခံရရေးအတွက် ကိုယ်တိုင်ကာကွယ်ဖို့နဲ့ စည်းကမ်းလိုက်နာဖို့ လိုတယ် လို့ သူက ပြောပါတယ်။
ဒေသတချို့မှာ ကျန်းမာရေးဝန်ထမ်းတွေ ကူးစက်ခံနေရတယ်လို့ ဒေါက်တာသန်းမင်းထွဋ် က ဆက်ပြော ပါတယ်။
“အချိန်မှီ နာရီပိုင်းအတွင်း ထိန်းလိုက်နိုင်ရင် ဘေးကို မပြန့်ပွားအောင် ထိန်းလိုက်နိုင်ပေမယ့် နယ်တွေမှာ ကျတော့ အဲဒီလိုလုပ်လို့မရတဲ့အခါတွေကျတော့ တချို့ဆေးရုံတွေမှာ ဝန်ထမ်းတွေ ထိတာတွေ များသွား တယ်။ ဝန်ထမ်းတွေ ထိတာတွေ များသွားတဲ့အခါကျတော့ ဆေးရုံက ဆက်ပြီးလည်ပတ်လို့ မရတဲ့ဟာ မျိုးတွေ ဖြစ်တယ်။ ရှေ့ပိုင်းမှာ ကျောင်းကုန်းဆေးရုံမှာဖြစ်ပြီးပြီ၊ အခု ကျိုက်လတ်တို့၊ မော်လမြိုင်ကျွန်း တို့၊ ဟင်္သာတတို့မှာ အဲဒီလို အဖြစ်မျိုးတွေဖြစ်နေကြတယ်ပေါ့နော်။”
ဧရာဝတီတိုင်းအတွင်း ကျန်းမာရေးဝန်ထမ်းအရေအတွက် ဘယ်လောက် ကိုဗစ်-၁၉ ကူးစက်ခံထားရသလဲ ဆိုတဲ့စာရင်းကိုတော့ RFA က စုံစမ်းနေဆဲ ဖြစ်ပါတယ်။
ဒီဇင်ဘာလ ၁ ရက်နေ့ က ပုသိမ်မြို့ထဲကို အစစ်ဆေးမခံဘဲ တရားမဝင်တောလမ်းကနေ ဝင်ရောက်လာသူ တစ်ဦးမှာ ပိုးတွေ့ခဲ့လို့ ထိတွေ့မှုရှိခဲ့တဲ့ ပုသိမ်ပြည်သူ့ဆေးရုံကြီးက ကျန်းမာရေးဝန်ထမ်း ၁၂ ဦးကို အသွား အလာ ကန့်သတ်ထားရပါတယ်။
တခြားမြို့နယ်တွေကနေ ပုသိမ်မြို့ထဲလာသူတွေ ပြရတဲ့ ဝင်ခွင့်ထွက်ခွင့်ကတ်တွေမှာ အချက်အလက် မပြည့်စုံပါဘူး။
ဒီအခြေအနေကို အခွင့်ကောင်းယူပြီး သွားလာနေခြင်းကလည်း ကူးစက်မှု ပိုများစေတဲ့အကြောင်းရင်း ဖြစ်နိုင်တယ်လို့ ပုသိမ်မြို့အဝင် ကိုးဆူ စစ်ဆေးရေးဂိတ် တာဝန်ခံ ဦးသိန်းအောင် ကပြောပါတယ်။
"အဲဒီတော့ ကျနော်တို့က ဘာအခက်အခဲတွေ့လာရလဲဆိုတော့ ဒီထောက်ခံစာနဲ့ ဒီဝင်ထွက်ခွင့်ကတ်ပဲ၊ ဝင်ထွက်ခွင့်ကတ်တွေမှာ မှတ်ပုံတင်နံပါတ် မပါတော့ ဈေးဝယ်တဲ့သူတွေကို ဒီကတ်ပါရင် လွှတ်ပေးရမယ် ဆိုတော့ ဒီလူတွေက ဘာလုပ်လာလဲဆိုတော့ ကျနော်တို့က ကိုးဆူရွာကပါ၊ အပင်နှစ်ဆယ်ကပါ၊ ကန်ကြီး ထောင့် ကပါ ဆိုပြီးတော့ ဝင်လာတယ်။ ဒါကို ကျနော်တို့က သေချာအောင် ဘယ်လိုစစ်မလဲ။ ဒါ ကျနော်တို့ ထိပ်တိုက်ရင်ဆိုင်ရတဲ့ အခက်အခဲတွေပေါ့”
ကျန်းမာရေးစစ်ဆေးမခံရဘဲ ဂိတ်အဆင့်ဆင့်ကို ကျော်ဖြတ်ပြီး ပုသိမ်မြို့တွင်း ဝင်ခွင့်ရအောင် ကားသမားနဲ့ ဆိုင်ကယ်သမားတချို့က ရွာလမ်း၊တောလမ်းတွေကို အသုံးပြုပြီး ပို့ဆောင်ပေးနေတာတွေ ရှိပါတယ်။
ဒီလိုဝင်ရောက်လာသူတွေကြောင့် ပိုးကူးစက်ခံရသူတွေ ပိုများလာပြီး ပရဟိတအဖွဲ့တွေလည်း ပိုပင်ပန်းနေ ရတယ်လို့ ပုသိမ်မြို့ ရဲ့ ဘက်စုံပရဟိတ ဆရာတော် ရှင်စန္ဒာသီရိ ကမိန့်ပါတယ်။
“အခက်အခဲတွေ အများကြီးဖြစ်တာပေါ့။ ညတုန်းကလည်း ပုသိမ်မြို့ကို ခိုင်းဝင်လာတဲ့တစ်ယောက်ကို သက်ဆိုင်ရာအုပ်ချုပ်ရေးပိုင်းက အကြောင်းကြားလို့ ချက်ချင်းသွားခေါ်လိုက်တယ်။ ခေါ်ပြီးတော့ သက် ဆိုင်ရာ ကွာရန်တင်းစင်တာကို သွားပို့ပေးလိုက်တာပေါ့။ အဲဒီလို ခိုးဝင်တာတွေရှိလို့ နေ့ရော၊ ညရော ထဲထဲဝင်ဝင် နဂိုထက် အချိန်တွေ တအားပေးပြီး လုပ်ရတယ်ပေါ့။ အဲဒီအတွက်ကို အချိန်အများကြီးပေး လိုက်ရတော့ တခြားနေရာမှာ ပုံမှန်လုပ်နေရတာထက်စာရင် နှစ်ဆလောက် ပိုအလုပ်ရှုပ်သွားတယ်”
ဆရာတော်ရဲ့ ပရဟိတအဖွဲ့ဝင်တွေ က ပိုးတွေ့လူနာတွေကို ဆေးရုံတက်၊ ဆေးရုံဆင်း လိုက်ပါကူညီ ပို့ဆောင်နေပါတယ်။
ကူးစက်မှုများတဲ့ ရန်ကုန်က ပြန်လာသူတွေ၊ အတည်ပြုလူနာနဲ့ မကြာသေးခင်က ထိတွေ့မှုရှိခဲ့သူတွေ စောင့်ကြည့်ရေးစခန်းဝင်ရာမှာလည်း သူတို့က ကူညီပို့ဆောင်ရတာပါ။
ပရဟိတအဖွဲ့ဝင် ဦးဝင်းနိုင် ကတော့ မလိုအပ်ဘဲ အပြင်ထွက်တာ လျှော့ချသင့်ကြပြီလို့ ပြောပါတယ်။
“တတ်နိုင်သလောက် အပြင်ထွက်တာလေးတွေ လျော့ပါးသလောက် လျော့ပါးအောင် ဆုတောင်းရုံ အပြင်ကတော့ ကျနော်တို့လည်း ဘာမှမတတ်နိုင်တော့ဘူး။ ဘာကြောင့်လဲ ဆိုတော့ ရောဂါကြီးကလည်း ပျောက်မလိုနဲ့ တိုးလာ၊ တိုးလာတွေ ဖြစ်တဲ့အခါကျတော့ တိုးလာရခြင်း အကြောင်းကလည်း လူထု သွားလာမှုတွေက များပြားလာရခြင်းအတွက်ကို အဓိက ဖြစ်သွားတာပေါ့”
ဧရာဝတီတိုင်းအတွင်းမှာ နိုဝင်ဘာလ ၈ ရက်နေ့အထိ ပိုးတွေ့လူနာ ၁၄၃၈ ဦးနဲ့ သေဆုံးသူ သုံးဦးသာ ရှိပါ တယ်။ ဒီနေ့ ဒီဇင်ဘာလ ၃ ရက်နေ့မှာတော့ ပိုးတွေ့လူနာ ၂၉၇၄ ဦး ရှိပြီး သေဆုံးသူ ၁၈ ဦးအထိ ရှိလာပြီ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ရောဂါကူးစက်ခံရတဲ့သူ စုစုပေါင်း ကိုးသောင်းလေးထောင်ခန့် ရှိနေပြီဖြစ်ပြီး ပြန်လည်သက်သာ လာတဲ့သူက စုစုပေါင်း ခုနှစ်သောင်းနှစ်ထောင်ကျော် ရှိနေပါပြီ။
သေဆုံးသူက ၂၀၀၀ ခန့်ရှိနေပြီ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုက တဖြည်းဖြည်းများလာနေပြီး ကမ္ဘာ့နိုင်ငံပေါင်း ၂၃၀ မှာ မြန်မာ နိုင်ငံဟာ အဆင့် ၇၀ ကို ရောက်ရှိနေပြီဖြစ်ပါတယ်။