ကိုရိုနာ သတင်းမှားဖြန့်သူတွေကို အစိုးရ အရေးယူနိုင်မှုအားနည်း

Coronavirus ကူးစက်ပြန့်ပွားမှုနဲ့ ပတ်သက်ပြီး အများပြည်သူ အထိတ်တလန့် ဖြစ်စေတဲ့ သတင်းမှားတွေ ရေးသားဖြန့်ဝေတာတွေကို အရေးယူမယ်လို့ အာဏာပိုင်တွေက ပြောထားပေမယ့် သတင်းမှား၊ အချက်အလက်မှား ရေးသားဖြန့်ဝေတာတွေ ဆက်ပြီး ရှိနေပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ရောဂါကြိုတင်ကာကွယ်ရေးအတွက် ပုဇွန်တောင်ဈေးထဲက သားငါးဆိုင်တန်းတွေကို ၂၀၂၀ မတ် ၂၁ရက်နေ့က ပိုးသတ်ဆေးဖျန်းနေစဉ် Photo: Aung Thain kha / RFA

 

Coronavirus ကူးစက်ပြန့်ပွားမှုနဲ့ ပတ်သက်ပြီး ပြည်သူလူထု အထိန့်တလန့်ဖြစ်စေတဲ့ သတင်းမှားတွေ ရေးသားဖြန့်ဝေတာတွေကို အရေးယူမယ်လို့ အစိုးရအာဏာပိုင်တွေက ပြောထားပေမယ့် အခုထိ သတင်းမှား၊ အချက်အလက်မှားတွေကို ရေးသားဖြန့်ဝေတာတွေ မပြတ်ရှိနေပါတယ်။ ဒီလို သတင်းမှားဖြန့်သူတွေကို အာဏာပိုင်တွေအနေနဲ့ အရေးယူပေးသင့်တယ်လို့ ထောက်ပြတာတွေလည်းရှိပါတယ်။

အခုချိန်မှာ ပြည်သူတွေကြားမှာ နားစွင့်၊ သတိထားနေရတာကတော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုဆိုင်ရာ  (ကိုဗစ်နိုင်တီး) သတင်းတွေပါ။ လူတွေကို စိုးရိမ်ထိတ်လန့်စေမယ့်သတင်းတွေ တင်တဲ့သူ၊ ဖြန့်တဲ့သူတွေကို အစိုးရက စုံစမ်းအရေးယူမယ်လို့ မတ် ၁၃ ရက်မှာ နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောကြားခဲ့ပေမယ့် သတင်းမှားတွေ ဖြန့်နေတာ အခုချိန်အထိ မရပ်တန့်သေးပါဘူး။

မြန်မာနိုင်ငံမှာ ကိုရိုနာကူးစက်ခံရတယ်လို့ အစိုးရက အတည်ပြုထားတာ မရှိသေးပေမယ့် လူမှုကွန်ရက်မှာတော့ ကိုရိုနာကူးစက်ခံရသူ တွေ့နေပြီဆိုတဲ့ စာသားတွေအပါအဝင် လူတွေကို ထိတ်လန့်စေမယ့် သတင်းတွေ၊ ဓာတ်ပုံနဲ့ဗီဒီယိုတွေကို လူမှုကွန်ယက်တွေမှာ ဖြန့်ဝေနေကြဆဲဖြစ်ပါတယ်။

ဒါဟာ အစိုးရက သေချာအရေးယူတာ မရှိသေးတာကြောင့်လို့ သတင်းမီဒီယာကောင်စီဝင် ကိုဇေယျာလှိုင်က ပြောပါတယ်။

ကိုရိုနာကူးစက်ခံရတဲ့ အတည်ပြုလူနာ ရှိနေပြီဆိုတဲ့ သတင်းတွေအပြင် ည ၁၂ နာရီမှာ ရဟတ်ယာဉ်နဲ့ ပိုးသတ်ဆေးဖြန်းမယ်၊ အဝတ်တွေရုပ်ထားကြဆိုတဲ့ အမျိုးသားရော အမျိုးသမီးအသံဖိုင်နဲ့ပါ Messenger တွေမှာလိုက်ဖြန့်နေတာပါ။ အင်တာနက်ကနေ နှာခေါင်းစည်းရောင်းတဲ့သူ၊ လက်သန့်ဆေးရည်ရောင်းတဲ့သူ တချို့ကလည်း သတင်းမှားတွေဖြန့်ပြီး သူတို့ရဲ့ ရောင်းကုန်ပစ္စည်းတွေကို အဝယ်များအောင် သတင်းမှားတွေ ဖြန့်နေတာတွေလည်းရှိတယ်။ လူတွေပြေးလွှားနေတဲ့ ဓာတ်ပုံအဟောင်းတွေကိုသုံးပြီး ကိုရိုနာကူးစက်နေလို့ ကြောက်ပြီးပြေးကြတာဆိုပြီး လူတွေကို ထိတ်လန့်အောင် ရေးတင်နေတာတွေလည်း ရှိပါတယ်။ ဒါတွေကို သေချာအရေးယူသင့်တယ်လို့ ထောက်ပြကြပါတယ်။

နောက်ပြီး နာရေးကူညီမှုအသင်းက ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်တုန်းက H1N1 ရောဂါနဲ့ သေဆုံးသူတွေကို ကူညီပို့ဆောင်ပေးတဲ့ ပုံတွေကိုသုံးပြီး လူတွေကို အထိတ်တလန့်ဖြစ်အောင် ကိုရိုနာကိုဗစ်နိုင်တီးနဲ့ သေဆုံးတာပါဆိုပြီး သတင်းမှားတွေ ဖြန့်ကြပါတယ်။

အဲဒီလိုဖြန့်တဲ့သူတွေဆီကို သတင်းမှားတွေမဖြန့်ဖို့ အကြောင်းကြားစာပို့ထားတယ်လို့ နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးကျော်သူက ပြောပါတယ်။

အဲဒီသတင်းတွေ အများစုမှာဆိုရင် တရားဝင် အတည်ပြုချက်ပေးနိုင်တဲ့ တာဝန်ရှိသူတွေ ပြောတာမဟုတ်ဘဲ တဆင့်စကားတွေကနေ ကြားပြီး ရေးတင်တာတွေကိုလည်း တွေ့ရပါတယ်။ အဲဒီသတင်းတွေကို စိုးရိမ်တကြီး ပြန်ဖြန့်ကြတဲ့သူတွေလည်း မနည်းပါဘူး။

သတင်းမှားတွေရေးတဲ့သူ၊ ဖြန့်တဲ့သူတွေကို အရေးယူတဲ့နေရာမှာလည်း စိုးရိမ်စိတ်နဲ့ သတင်းမှားမှန်းမသိဘဲ ဖြန့်တဲ့သူတွေကို အရေးမယူသင့်ဘူးလို့ ဖွံ့ဖြိုးမှုအတွက် မြန်မာအိုင်စီတီအဖွဲ့ MIDO Myanmar က မထိုက်ထိုက်အောင်က ပြောပါတယ်။

တည်ဆဲဥပဒေတွေထဲမှာ မမှန်ကန်တဲ့သတင်းတွေကို မရိုးသားတဲ့စိတ်နဲ့ ရေးသားတာ၊ ဖြန့်ဝေတာတွေကို ဆက်သွယ်ရေးဥပဒေ၊ အီလက်ထရောနစ် ဆက်သွယ်ရေးဥပဒေ၊ ရာဇသတ်ကြီးဥပဒေတွေနဲ့ အရေးယူလို့ရတယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောပါတယ်။

သတင်းမှားတင်တဲ့သူတွေရဲ့ အကောင့်တွေ၊ စာမျက်နှာတွေကို နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးဆီကို သတင်းပို့ကြတာတွေလည်း ရှိပါတယ်။ အစိုးရဘက်က သတင်းမှာရေးတဲ့သူ၊ ဖြန့်တဲ့သူတွေကို ဘယ်လိုဘယ်ပုံအရေးယူထားတယ်ဆိုတာတော့ မထုတ်ပြန်သေးပါဘူး။ တယ်လီဖုန်းနဲ့ ဖြေကြားလေ့မရှိတဲ့အတွက် ဒီသတင်းနဲ့ပတ်သက်လို့ RFA က ဦးဇော်ဌေးဆီ ဆက်သွယ်မေးမြန်းခွင့်တော့ မရခဲ့ပါဘူး။

ဒီအချိန်မှာ ပြည်သူတွေအများစုဟာ ကိုရိုနာကူးစက်ခံရသူ ရှိလာတော့မလဲဆိုတာကို စိုးရိမ်နေရချိန်ပါ။ ဒါကို အသုံးချပြီး ကိုယ်ကျိုးအတွက် သတင်းအမှား ဖြန့်နေတဲ့သူတွေကို ထိထိရောက်ရောက် အရေးယူသင့်တယ်လို့ ထောက်ပြကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org