PR စနစ်ကျင့်သုံးရေး UEC ဖိတ်ခေါ်ချက် ပါတီ ၄၀ ကျော် လက်မခံ

စစ်တပ်ကို နိုင်ငံရေးမှာ ဆက်လက်လွှမ်းမိုးခွင့်ရစေဖို့ ရည်ရွယ်တယ်ဆိုပြီး စွပ်စွဲ ခံနေရတဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) သစ်ရဲ့ အချိုးကျ ကိုယ်စားပြုစနစ် (PR) ကျင့်သုံးရေး ကြိုးပမ်းချက်ကို နိုင်ငံရေးပါတီ ၄၁ ခုက လက်မခံဘဲ ငြင်းပယ်လိုက်ပါတယ်။

စစ်ကောင်စီရဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ နိုင်ငံရေးပါတီတွေ နေပြည်တော်မှာ ၂၀၂၁ မေလ ၂၁ ရက်နေ့က တွေ့ဆုံစဥ် Photo: UEC

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) သစ်က ဦးဆောင်ပြီး မနက်ဖြန် နိုဝင်ဘာ ၅ ရက်ကနေ ၇ ရက် နေ့ထိ ရန်ကုန်တိုင်းအစိုးရအဖွဲ့ရုံးမှာကျင်းပမယ့် အချိုးကျကိုယ်စားပြုစနစ် (PR) အကြောင်း ဆွေးနွေးပွဲကို NLD အပါအဝင် စုစုပေါင်း နိုင်ငံရေးပါတီ ၄၁ ခုက မတက်ရောက်ဘဲ ငြင်းပယ်လိုက်ပါတယ်။

အချိုးကျကိုယ်စားပြုစနစ် (PR) အပါအဝင် အခြားရွေးကောက်ပွဲစနစ်တွေအကြောင်း ဆွေးနွေးဖို့အတွက် နိုင်ငံရေးပါတီတစ်ခုကို ကိုယ်စားလှယ် နှစ်ယောက်နှုန်းနဲ့ တက်ရောက်ဆွေးနွေးဖို့ (UEC) အသစ်က နိုင်ငံရေး ပါတီ ၉၃ ခုလုံးကို လွန်ခဲ့တဲ့ နှစ်ပတ်လောက်ကတည်းက ဖိတ်ခေါ်ထားတာဖြစ်ပါတယ်။

ဒီဖိတ်ကြားချက်ကို စစ်ကောင်စီနဲ့ နီးစပ်တဲ့ ပါတီ ၅၂ ခုက တက်ရောက်ဖို့ အကြောင်းပြန်ထားပြီး NLD၊ SNLD နဲ့ ANP အပါအဝင် နိုင်ငံ‌ရေးပါတီ ၄၁ ခုက အကြောင်းမပြန်ခဲ့ဘူးလို့ စစ်တပ်နဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအကြောင်း အဓိကသတင်းရေးသားတင်ဆက်နေတဲ့ People Media က နိုဝင်ဘာ ၃ ရက် မနေ့က သတင်းထုတ်ပြန်ခဲ့ ပါတယ်။

PR စနစ်ကျင့်သုံးဖို့ ကြိုးစားတာဟာ စစ်အာဏာရှင်ကို ဆွေမျိုးစဉ်ဆက်အာဏာရဖို့ ရည်ရွယ်တာဖြစ်လို့ NLD ပါတီက တက်ရောက်မှာ မဟုတ်ဘူးလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ၊ စမ်းချောင်းမြို့နယ် ဥက္ကဋ္ဌ ဦးဘိုဘိုဦး က RFA ကို ပြောပါတယ်။

" PR စနစ်ဆိုပြီးတော့ သူတို့ထွင်ရတဲ့ အကြောင်းအရင်းက တခြားကြောင့်တော့ မဟုတ်ဘူးဗျ။ လွှတ်တော် ထဲမှာ လေးပုံတစ်ပုံ အလိုအလျောက် ထိုင်နေရတာတောင်မှ အစိုးရကိုလွှမ်းမိုးမှု မရနိုင်ဘူး၊ ပြည်သူက လည်း တစ်ခဲနက်ဆန့်ကျင်ပြီးတော့ ပြည်သူ့ပါတီတစ်ရပ်ကို ထောက်ခံထားတဲ့ သာဓကတွေက ရှိလာ ခဲ့တော့ အမြဲတမ်း စစ်တပ်ကနေ လွှမ်းမိုးနိုင်အောင်ဆိုပြီးတော့ ၂၅ ရာခိုင်နှုန်း ယူထားနိုင်ရုံတင်မကဘူး PR စနစ်ဆိုပြီးတော့ရှိသမျှ လူတွေအကုန်လုံးကို လွှတ်တော်ထဲ မောင်းသွင်းမယ်ဆိုတဲ့ပုံစံနဲ့ အဲလိုလုပ် တာပါပဲ။ သဘောကတော့ အာဏာသိမ်းစစ်ကောင်စီ ဗိုလ်ချုပ်မင်းအောင်လှိုင်ရဲ့ မတော်လောဘပါပဲ၊ နောက်ကျရင် ဘာဖြစ်လာမလဲဆိုတော့  ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်ပြီးရင် ဆက်ခံမယ့်သူတွေက သူ့သားတွေ သူ့တူတွေ ဖြစ်လာအောင် ကြံစည်နေတာပါ"

ဦးဘိုဘိုဦးဟာ NLD ပါတီရဲ့ သက်တမ်းရင့် နိုင်ငံရေးသမားတစ်ယောက်ဖြစ်ပြီး၊ ပြီးခဲ့တဲ့ စက်တင်ဘာလထဲမှာ ပြုလုပ်ခဲ့တဲ့ တရုတ်ကွန်မြူနစ်ပါတီနဲ့ အရှေ့တောင်အာရှ၊ တောင်အာရှနိုင်ငံရေးပါတီများ တွေ့ဆုံပွဲကို NLD ပါတီအတွက် ကိုယ်စားပြုပြီး တက်ရောက်ခဲ့သူဖြစ်ပါတယ်။

အလားတူ ရှမ်းတိုင်းရင်းသားတွေရဲ့ ထောက်ခံမှုကို အခိုင်အမာရရှိထားပြီး ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ မဲအများဆုံး အနိုင်ရပါတီတစ်ခုဖြစ်ခဲ့တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (SNLD) ကလည်း ဒီဆွေးနွေးပွဲတက်လို့ ဘာမှထူးလာမှာ မဟုတ်တာကြောင့် နောင်လည်း တက်ရောက်မှာ မဟုတ်ဘူးလို့ SNLD ဥက္ကဋ္ဌ ဦးစိုင်းညွန့်လွင် က ပြောပါတယ်။

"ကျွန်တော်တို့ ပါသည်ဖြစ်စေ မပါသည်ဖြစ်စေ သူတို့ကလုပ်မှာပဲ။ တကယ်လို့ ရွေးကောက်ပွဲ ၂၀၂၃ မှာ လုပ်မယ်ဆိုရင်တော့ သူတို့ PR လုပ်မှာပေါ့။ ကျွန်တော်ကတော့ လက်ရှိအခြေအနေအတိုင်းဆိုရင် ရွေးကောက်ပွဲဖြစ်မယ်လို့ မထင်ဘူး။ ကျွန်တော်တို့က ဒီအပေါ်မှာ ဘာမှပြောမှာ မဟုတ်တော့ဘူး။ ဘာကြောင့်လဲဆိုတော့ PR နဲ့ ပတ်သက်ပြီး ကျွန်တော်တို့ပြောလည်းလုပ်မှာပဲ၊ မကန့်ကွက်လည်းပဲ လုပ်မှာပဲ"

PR စနစ်နဲ့ပတ်သက်ပြီး ပါတီတွင်းမှာ ကျေကျေလည်လည် ညှိနှိုင်းထားတာမျိုးမရှိသလို၊ ခရီးသွားလာရေး အခက်အခဲကြောင့် ရခိုင်ပြည်နယ်မှာ လူထုထောက်ခံမှု အများဆုံးရရှိထားတဲ့ ရခိုင်အမျိုးသားပါတီ (ANP) ကလည်း မတက်ဘူးလို့ ANP ဥက္ကဋ္ဌ ဦးသာထွန်းလှ က RFA ကို ပြောပါတယ်။

"လောလောဆယ်တော့ PR စနစ်က ပါတီအတွင်းမှာ ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးထားတဲ့ အခြေအနေ လည်း မရှိသေးဘူး။မြန်မာနိုင်ငံရဲ့ အခြေအနေတစ်ခုကို ကျွန်တော်တို့သုံးသပ်တာတော့ ရွေးကောက်ပွဲ လုပ်လို့ရတဲ့ အခြေအနေမရှိဘူးလို့ မြင်တယ်။ ပြီးရင် ကျွန်တော်တို့လူတွေ ခရီးသွားဖို့လည်း ခက်ခဲတယ်။ မြန်မာနိုင်ငံရဲ့ အခြေအနေကလည်း တော်တော်ရှုပ်ထွေးနေတယ်လို့ သုံးသပ်တဲ့အတွက်ကြောင့် ကျွန်တော် တို့ပါတီက အဲဒီဆွေးနွေးပွဲကိုမတက်ဖြစ်ဘူး"

အချိုးကျကိုယ်စားပြုစနစ် (PR) ဟာ လက်ရှိကျင့်သုံးနေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်မှာ အလုပ်မဖြစ်နိုင်ဘူးလို့လည်း ဦးသာထွန်းလှက ဆိုပါတယ်။

မနက်ဖြန်ဆွေးနွေးပွဲကို NLD နဲ့ SNLD အပါအဝင် နိုင်ငံ‌ရေးပါတီ ၄၀ ကျော် မတက်ရောက်မယ့်ကိစ္စနဲ့ ပတ်သက်ပြီး အမြင်သဘောထားသိနိုင်ဖို့အတွက် နေပြည်တော်ရှိ UEC ရုံးကို RFA က ဖုန်းခေါ်ခဲ့ပေမဲ့ လက်ခံဖြေကြားမယ့်သူ မရှိပါဘူး။

"PR စနစ်လုပ်ရင် လွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ပုံသေယူထားတဲ့ တပ်ကိုယ်စားလှယ်က သမ္မတဖြစ်ဖို့ အခြေအနေ ပိုကောင်းသွားနိုင်တာပေါ့"

စစ်ဗိုလ်ချုပ်ဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ (USDP) ကတော့ မနက်ဖြန်ဆွေးနွေးပွဲကို တက်ရောက်ဆွေးနွေးဖို့ ပြင်ဆင်နေပါပြီ။

PR စနစ်နဲ့ဆိုရင် ပြည်သူ့ကိုယ်စားလှယ်တွေ လွှတ်တော်ထဲ ပိုရောက်လာနိုင်တာကြောင့် PR စနစ်ကို ထောက်ခံတယ်လို့ ကြံ့ခိုင်ရေးပါတီ ပြောခွင့်ရ ဒေါက်တာနန္ဒလှမြင့် က ပြောပါတယ်။

" PR စနစ်မှာကျတော့ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူရဲ့  ၉၀ ရာခိုင်နှုန်းဝန်းကျင်လောက်ကို လွှမ်းခြုံနိုင်မှုရှိတာကို တွေ့ရတယ်။ သူတို့ရဲ့ ဆန္ဒအတိုင်းပဲ ကိုယ်စားလှယ်ရွေးချယ်ခွင့် ရရှိခဲ့တာဖြစ်တဲ့အတွက် မဲဆန္ဒရှင် အားလုံးနီးပါးကို လွှမ်းခြုံနိုင်တဲ့စနစ်တစ်ခုလို့ မြင်ရပါတယ်။ ကျနော်တို့ကတော့ ဘယ်စနစ်ကိုမဆို လေ့လာမယ် အားနည်းချက် အားသာချက်ကို သုံးသပ်မယ်၊ မလုပ်သင့်တဲ့အ​ခြေအနေတွေကို သက်ဆိုင်ရာ လူကြီးတွေ သက်ဆိုင်ရာအဖွဲ့အစည်းတွေ ကျနော်တို့ကိုတာဝန်ယူထားတဲ့ ရွေးကောက်ပွဲကော်မရှင်ကို တင်ပြမယ်၊ ပြီးတော့မှ ကျ​နော်တို့က ဘယ်စနစ်ကိုပဲ ကျင့်သုံးပြီး ယှဉ်ပြိုင် ယှဉ်ပြိုင် ကျနော်တို့ကတော့ မှန်မှန်ကန်ကန်နဲ့ ကြိုးစားပြီးတော့ ပြည်သူ့ဆန္ဒကို ခံယူယှဉ်ပြိုင်သွားမှာပဲဖြစ်ပါတယ်။ ကိုယ့်နိုင်ငံနဲ့ ကိုယ့်လူမျိုးအတွက် အကျိုးပြုမယ့် မည်သည့်ကိစ္စကိုမဆို လိုက်ပါဆောင်ရွက်သွားဖို့ပဲရှိပါတယ်"

(၂၀၂၀ နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲမှာ မဲပေးခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို တွေ့ရစဥ်) AFP Photo

လွှတ်တော်အမတ်ဟောင်းတစ်ဦးဖြစ်တဲ့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်း ကတော့ စစ်ကောင်စီဖွဲ့ထားတဲ့ UEC အသစ်က PR စနစ်ကိုကျင့်သုံးဖို့ ရည်ရွယ်တာဟာ လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ စစ်တပ် ရရှိထားတဲ့ လွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းနဲ့ စစ်တပ်ထောက်ခံတဲ့ပါတီတွေ ပူးပေါင်းပြီး အစိုးရဖွဲ့ဖို့ ရည်ရွယ်တာလို့ သုံးသပ်ပါတယ်။

"တကယ်လို့ PR စနစ်လုပ်ရင် လွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ပုံသေယူထားတဲ့တပ်က ကိုယ်စား လှယ်က သမ္မတဖြစ်ဖို့အတွက် အခြေအနေပိုကောင်းသွားနိုင်တာပေါ့။ ဒါကြောင့် တပ်က ဒါကိုလုပ်ချင် တယ်၊ စိတ်ဝင်စားတယ်လို့ မြင်ပါတယ်။ PR စနစ်ကို ဇွတ်အတင်းလုပ်မယ်ဆိုရင်တော့ အခြေခံဥပဒေ ထဲမှာ ပြဋ္ဌာန်းထားတဲ့အချက်တွေ တော်တော်များများက ကန့်လန့်ဖြစ်ကုန်မှာ"

ဒါပေမဲ့ PR စနစ်ဟာ လက်ရှိပြဌာန်းထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မညီလို့ စစ်တပ်က ဇွတ်အတင်း ကျင့်သုံးရင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အကြီးအကျယ်ချိုးဖောက်ရာရောက်သလို အနာဂတ်အတွက် လည်း မကောင်းနိုင်ဘူးလို့ ဦးရဲထွန်းက သတိပေးပါတယ်။

၂၀၁၄ ခုနှစ် အောက်တိုဘာလ သမ္မတဦးသိန်းစိန်အစိုးရလက်ထက် ပထမအကြိမ် ပြည်သူ့လွှတ်တော်တုန်းက လွှတ်တော်ထဲမှာ PR စနစ်ကျင့်သုံးဖို့ အကြိတ်အနယ် ဆွေးနွေးခဲ့ဖူးပါတယ်။

အဲဒီတုန်းက တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လူထုထောက်ခံမှုရရှိထားတဲ့ NLD ပါတီ ကိုယ်စားလှယ်တွေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံအရ ရွေးကောက်ခံစရာမလိုဘဲ လွှတ်တော်ထဲကို အလိုအလျောက်ဝင်ထိုင်နိုင်တဲ့ တပ်မတော် သား လွှတ်တော်ကိုယ်စားလှယ်တွေက PR စနစ်ကို အပြင်းအထန် ကန့်ကွက်ခဲ့ကြပါတယ်။

ဒါ့အပြင် သမ္မတဦးသိန်းစိန်အစိုးရ ခန့်အပ်ထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးကလည်း PR စနစ်ဟာ၂၀၀၈ ဖွဲ့စည်းပုံနဲ့ မကိုက်ညီဘူးဆိုပြီး ဆုံးဖြတ်ခဲ့ဖူးပါတယ်။ ဒါကြောင့် PR စနစ်မကျင့်သုံးဖို့ ပြည်သူ့လွှတ်တော်ကနေ ဆုံးဖြတ်အတည်ပြုခဲ့ပြီးသားဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org