တစ်နိုင်ငံလုံးမှာ ၁၂ ရက်အတွင်း လူ ၄၀ နီးပါး အသတ်ခံရ

နိုင်ငံအဝှမ်းမှာ အာဏာသိမ်း စစ်ကောင်စီရဲ့ ဖမ်းဆီးနှိပ်စက်သတ်ဖြတ်မှု၊ ဒေသ အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်တွေကနေ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေနဲ့ စစ်ကောင်စီသတင်းပေးအဖြစ် စွပ်စွဲခံရသူတွေကို လုပ်ကြံသတ်ဖြတ်မှုတွေကြောင့် ဇွန်လ ၁၉ ရက်ကနေ ဇွန်လ ၃၀ ရက်၊ မနေ့ကထိ ၁၂ ရက်အတွင်း လူ (၄၀) နီးပါး သေဆုံးခဲ့ပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ကို တွေ့ရစဉ်။ Photo: Citizen Journalist

နိုင်ငံအဝှမ်းမှာ အာဏာသိမ်း စစ်ကောင်စီရဲ့ ဖမ်းဆီးနှိပ်စက်သတ်ဖြတ်မှု၊ ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်တွေကနေ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေနဲ့ စစ်ကောင်စီသတင်းပေးအဖြစ် စွပ်စွဲခံရသူတွေကို လုပ်ကြံသတ်ဖြတ်မှုတွေကြောင့် ဇွန်လ ၁၉ ရက်ကနေ ဇွန်လ ၃၀ ရက်၊ မနေ့ကထိ ၁၂ ရက်အတွင်း လူ (၄၀) နီးပါး သေဆုံးခဲ့ပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း AAPP က ဒီကာလအတွင်းမှာ ထုတ်ပြန်တဲ့ သေဆုံးသူစာရင်းတွေနဲ့ RFA ရဲ့ သီးခြားတွေ့ရှိချက်တွေအရ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၆ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် နိုင်ငံတစ်ဝှမ်း ပန်းသပိတ်ဆင်နွှဲခဲ့ကြတဲ့ ဇွန်လ ၁၉ ရက်ကနေ ဇွန်လ ၃၀ ရက်အထိ စစ်ကိုင်းတိုင်း တစ်ခုတည်းမှာတင် အသတ်ခံရသူ အနည်းဆုံး ၁၀ ဦး ရှိခဲ့ပါတယ်။

ဇွန်လ ၁၉ ရက်နေ့က စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ကင်းရွာမှာ စစ်တပ်နဲ့ ပျူစောထီး အဖွဲ့ဝင်တွေက ဒေသခံ ၁၅ ယောက်ကို ဓားနဲ့မွှန်း၊ တုတ်နဲ့ရိုက်ပြီး နှိပ်စက်ညှဉ်းပန်းရုံမက သေနတ်နဲ့ပါ ပစ်ခတ်ခဲ့တာကြောင့် အသက် (၅၀) အရွယ် ဦးစိန်မင်း သေဆုံးခဲ့ရပါတယ်။

ဦးစိန်မင်းရဲ့ ရုပ်အလောင်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ရေထဲမျှောခဲ့တာကြောင့် မိသားစုက အလောင်းကို တောင် မမြင်ရဘဲ နာရေးလုပ်ခဲ့ရတယ်လို့ ဇနီးဖြစ်သူ မမိုးဝင်းက RFA ကို ပြောပါတယ်။

"အလောင်းက မရဘူး။ ရေထဲ မျှောခဲ့တယ်ရှင့်။ အလောင်းမရှိဘဲနဲ့ ရက်လည်လိုက်တယ်။ အခု လလည် လုပ်မယ်။ မိသားစုက ဝိုင်းလုပ်ပေးတာပါ။ မသင်္ဂြိုဟ်လိုက်ရဘူးရှင့်။ သူတို့က သေနတ်ဖောက် ရွာထဲကို ဝင်လာတာ။ လူထုက မဝင်ရဲတဲ့အခါကျတော့ သူ့ကို ကယ်မယ့်သူ မရှိတာ။ ကိုစိန်မင်းက ရွာကအထွက်၊ စစ်သားတွေကအဝင် တစ်ခါတည်း ပစ်သတ်ပြီးတော့ အလောင်းကိုချထားတော့ ရွာထဲကို မဝင်ရဲကြဘူး။ စစ်သားတွေက အလောင်းလာကောက်မှာကို စောင့်နေကြတာ။ ညကျ သူတို့က အလောင်းကို ရေထဲ မျှောပစ်လိုက်တာ။"

အဲဒီ ၁၉ ရက်နေ့မှာပဲ စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ သနပ်ကုန်းရွာအနီးမှာ နာရေးကူညီမှုကားနဲ့ အတူ ပါလာသူ ပရဟိတ ကူညီကယ်ဆယ်ရေး လုပ်နေတယ်လို့ ယူဆရသူ သုံးဦးကို အမည်မသိ လူတစ်စုက သတ်ဖြတ်သွားခဲ့ပါတယ်။

အဲဒီနေ့ ညပိုင်းမှာလည်း စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ ညောင်ပင်သာရပ်ကွက်မှာတော့ စစ်ယူနီဖောင်းနဲ့ စစ်ဖိနပ်တွေ ဝတ်ဆင်ထားတဲ့ သေနတ်သမားတွေက မိသားစုတစ်စုရဲ့ နေအိမ်ထဲထိ ဝင်ရောက်ပစ်ခတ် သွားတာကြောင့် မိသားစုဝင် လေးဦး သေဆုံးခဲ့ပါတယ်။

ဒီပစ်ခတ်သတ်ဖြတ်မှုတွေနဲ့ ပတ်သက်ပြီး စစ်တပ်နဲ့ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအကြား အပြန်အလှန် စွပ်စွဲနေတာကို တွေ့ရပါတယ်။

ဇွန်လ ၂၁ ရက်နေ့မှာတော့ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ လယ်ဇင်ကျေးရွာကနေ ရဲနဲ့ စစ်တပ်ရဲ့ ဖမ်းဆီးခံလိုက် ရတဲ့ အသက် (၃၀) အရွယ် ကိုဇေယျာလင်း ဟာ အဖမ်းခံရပြီး နောက်တစ်ရက်မှာပဲ စစ်ကြောရေးစခန်းမှာ သေဆုံးခဲ့ပါတယ်။

သုံးရက်အကြာ ဇွန်လ ၂၄ ရက်နေ့မှာ အဲဒီရွာကဘဲ စစ်ကောင်စီ သတင်းပေးလို့ စွပ်စွဲခံထားရတဲ့ မိသားစုတစ်စု အိမ်ကို မျက်နှာဖုံးစွပ် လူတစ်စု ရုတ်တရက် ရောက်လာပြီး သေနတ်နဲ့ပစ်ခတ်ခဲ့လို့ အသက် (၂၃) နှစ်အရွယ် သမီးဖြစ်သူ မသူသူငြိမ်း သေဆုံးခဲ့ပါတယ်။

ဇွန်လ ၂၀ ရက်ကနေ ၂၃ ရက်နေ့အထိ သုံးရက်အတွင်း စစ်ကိုင်းတိုင်းထဲက စစ်ကောင်စီ သတင်းပေးသူ ၂၇ ယောက်ကို သတ်ဖြတ်ခဲ့တယ်လို့ ဒေသ ကာကွယ်ရေးတပ်ဖြစ်တဲ့ နယ်စည်းမခြား မိုးကြိုးမုန်တိုင်းအဖွဲ့က ဇွန်လ ၂၃ ရက်နေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဒီအချက်အလက်ကိုတော့ RFA က သီးခြားအတည်ပြုနိုင်ခြင်း မရှိပါဘူး။

(သေနတ်နဲ့ ပစ်ခံရတဲ့ သဲဖြူဝကျေးရွာက အုပ်ချုပ်ရေးမှူး ဦးမြင့်ဌေး လဲကျနေတာကို ၂၀၂၁၊ ဇွန် ၂၇ ရက်နေ့က တွေ့ရစဉ်၊ Photo: CJ)

ရန်ကုန်တိုင်းမှာလည်း ဇွန်လ ၁၉ ရက်ညက ဗဟန်းမြို့နယ် ဆာဖိုးသာခြံလမ်းမှာ နေထိုင်တဲ့ ကိုသက်ပိုင်ထူး (ခေါ်) အလီ ကို ဆန္ဒပြလှုပ်ရှားမှုမှာမှာ ပါဝင်တယ်ဆိုပြီး ရဲနဲ့ စစ်တပ်က သေလုမျောပါး ရိုက်နှက် ဖမ်းဆီး သွားပြီး နောက်တစ်နေ့ မနက်ပိုင်း စစ်ကြောရေးမှာ သေဆုံးခဲ့ပါတယ်။

ကိုသက်ထူးပိုင် (ခေါ်) အလီ ကို လာဖမ်းချိန်က ကြောက်လန့်ပြီး ထွက်ပြေးတဲ့ အသက် (၁၃) နှစ်အရွယ် မောင်ဖိုးစိန် လည်း စစ်ကောင်စီတပ်တွေက ပစ်ခတ်တာကြောင့် သေဆုံးခဲ့ရပါတယ်။

ဇွန်လ ၂၉ ရက်နေ့မှာတော့ အာဏာသိမ်းစစ်ကောင်စီ သတင်းပေးလို့ နာမည်ကြီးတဲ့ သင်္ကန်းကျွန်းမြို့နယ်က ကျားကြီး(ခ) ကိုစိန်လှိုင်ဝင်း၊ တာမွေမြို့နယ် မေတ္တာညွန့် ရပ်ကွက်က မြန်မာ့စီးပွားရေးဘဏ်မှာ တာဝန်ကျနေတဲ့ ရဲတစ်ဦးနဲ့ တောင်ဒဂုံမြို့ နယ်က ရပ်ကွက်အုပ်ချုပ်ရေး ဝန်ထမ်း အမျိုးသမီး တို့ အသတ်ခံခဲ့ ရပါတယ်။

အလားတူ ဇွန်လ ၁၉ ရက်ကနေ ၂၉ ရက်နေ့အထိ ၁၀ ရက်အတွင်းမှာ ကရင်ပြည်နယ် မြဝတီမြို့၊ အမှတ်(၂) ရပ်ကွက်က ရာအိမ်မှူး ဦးသန်းဋ္ဌေး၊ မန္တလေးတိုင်း မြင်းခြံမြို့နယ် သဲဖြူဝကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမြင့်ဌေး၊ ပဲခူးတိုင်း ပေါင်းတည်မြို့နယ် ကြို့ကုန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်လတ် (ခ) ဇော်လတ်ကို တို့ဟာလည်း အမည်မသိ သေနတ်သမားတွေရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ပါတယ်။

"စစ်အုပ်စုကနေပြီး ပြည်သူတွေ လိုလားတောင့်တနေတဲ့ လိုအပ်ချက်တွေကို မလိုက်လျော မပေးမချင်း ဒါတွေက ဆက်ပြီးတော့ ဖြစ်နေဦးမှာပဲ"

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP တာဝန်ရှိသူ တစ်ဦးကတော့ ပြည်သူတွေရဲ့ တောင်းဆိုချက်တွေကို အာဏာသိမ်းစစ်ကောင်စီက မလိုက်လျောမချင်း နှစ်ဘက် ထိခိုက်ကျဆုံးမှုတွေ ဒီထက်ပိုများလာနိုင်တယ်လို့ ပြောပါတယ်။

"စစ်အုပ်စုကနေပြီး ပြည်သူတွေ လိုလားတောင့်တနေတဲ့ လိုအပ်ချက်တွေကို မလိုက်လျော မပေးမချင်း ဒါတွေက ဆက်ပြီးတော့ ဖြစ်နေဦးမှာပဲ။ တော်လှန်ရေးကာလအတွင်း နှစ်ဘက်အထိအခိုက်၊ အကျအဆုံး တွေ ရှိမှာပဲ။ တစ်နေ့တစ်နေ့ များလာဖို့ပဲ ရှိတယ်။ ဘယ်သူပဲသေသေ နိုင်ငံသူ၊ နိုင်ငံသားတွေ ဖြစ်တယ်။ ပြည်သူတွေဖြစ်တယ်။ ဒါတွေကို ရပ်တန်းက ရပ်ဖို့ဆိုရင် စစ်အုပ်စုအနေနဲ့ သူတို့ မတရားသိမ်းထားလို့ အာဏာကို ပြန်ပေးပြီးတော့ ပြည်သူတွေ လိုလားတောင့်တာနေတဲ့ အရာကို ဆောင်ရွက်ပေးဖို့လိုတယ်။"

မတရားအကြမ်းဖက် ညှဉ်းပန်းနှိပ်စက်မှုတွေ၊ သတ်ဖြတ်မှု ကျူးလွန်သူတွေအားလုံးကို အပြစ်ပေးအရေးယူဖို့ အင်မတန်အရေးကြီးပြီး၊ ဒါတွေလုပ်ဆောင်မှသာ လက်ရှိဖြစ်နေတာတွေ ပြီးဆုံးသွားနိုင်တယ်လို့ သူက ဆိုပါတယ်။

နိုင်ငံတကာလူ့အခွင့်အရေး ကျွမ်းကျင်သူ Fortify Rights အဖွဲ့က ကိုနစ်ကီဒိုင်းမွန်း ကတော့ အကြမ်းဖက် စစ်ကောင်စီကို တွန်းလှန်နေတဲ့ တပ်ဖွဲ့တွေအနေနဲ့ စစ်ကောင်စီကိုပဲ အဓိက ပစ်မှတ်ထားပြီး တိုက်ခိုက်သင့် တယ်၊ ပြည်သူတွေကို ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုမျိုးဟာ လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်တယ်လို့ RFA ကို မှတ်ချက် ပေးပြောဆိုပါတယ်။

"အကြမ်းဖက်စစ်တပ်က ကျူးလွန်နေတာတွေက ရှင်းတယ်။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ နိုင်ငံတကာ ရာဇဝတ်မှုမြောက်တဲ့ အမှုတွေကို တရားဝင် ပြတ်ပြတ်သားသား ကျူးလွန်နေတာ။ ဒါပေမဲ့ အကြမ်းဖက် စစ်ကောင်စီကို တွန်းလှန်နေတဲ့ တပ်ဖွဲ့တွေအနေနဲ့ ဂျနီဗာ ကွန်ဗင်းရှင်းကို လေးစားလိုက်နာဖို့ လိုတယ်။ အရပ်သားတွေကို တရားရင်ဆိုင်ဖို့ အခွင့်အလမ်းမပေးဘဲနဲ့ သတ်ဖြတ် သုတ်သင်တာတွေက လုံးဝကို မလုပ်သင့်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဖြစ်တယ်။ ဒါမျိုး ကျူးလွန်တာမျိုးတွေက NUG အနေနဲ့ နိုင်ငံတကာအသိအမှတ်ပြုမှု ရှာဖွေတဲ့နေရာမှာ အရမ်းကို အဟန့်အတား၊ အနှောင့်အယှက်တွေ ဖြစ်မယ်။ ဒါမျိုးတွေကို ရှောင်ဖို့လိုမယ်။ ဂျနီဗာ ကွန်ဗင်းရှင်းကို လေးစားလိုက်နာဖို့ လိုမယ်။ အရပ်ဘက် ပစ်မှတ်တွေ နဲ့ အကြမ်းဖက်စစ်တပ်ရဲ့ ပစ်မှတ်တွေကို ခွဲခြား သိပြီးတော့ သူတို့ကိုပဲ ပစ်မှတ်ထားပြီးတော့ တိုက်ခိုက်ဖို့ လိုမယ်။ ပြည်သူတွေကို ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုမျိုးဆိုရင် အန္တရာယ်အများကြီးရှိတယ်။ ဒလန်တွေရဲ့ သဘောကို သဘောပေါက်ပေမယ့် ဒလန်ဆိုတဲ့ သတင်းအချက်အလက်၊ အထောက်အထားအောက်မှာ အခြေခံပြီး မှားယွင်းပြီးတော့ ကွပ်မျက်လိုက်တယ်ဆိုရင် ဒီလူတွေအတွက် အစားပြန်ပေးလို့ မရတော့ဘူး။"

ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းက စစ်ကောင်စီရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ချက်ချင်းရပ်တန့်ဖို့ အကြိမ်ကြိမ် သတိပေး တိုက်တွန်းနေပေမယ့်လည်း မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီး ငါးလအတွင်း သတ်ဖြတ်မှုတွေ၊ ဖမ်းဆီးမှုတွေက နေ့စဉ်နီးပါး ရှိနေပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး AAPP ရဲ့ ဇွန်လ ၂၉ ရက် နောက်ဆုံး ထုတ်ပြန်ချက်အရ ရဲနဲ့ စစ်တပ်ရဲ့ ပစ်ခတ်ဖြိုခွင်းမှု၊ ဖမ်းဆီးနှိပ်စက်မှုတွေကြောင့် သေဆုံးရသူ စုစုပေါင်း ၈၈၄ ယောက်ရှိပြီး အဖမ်းခံထားရသူပေါင်း ၅၂၁၀ ဦး ရှိနေပါတယ်။ အဲဒီထဲမှာ တစ်နိုင်ငံလုံးရှိ အကျဉ်းထောင်တွေကနေ ဇွန်လ ၃၀ ရက် မနေ့က ၂၂၆၉ ဦး ပြန်လွတ်လာတာမို့ ဒီကနေ့ထိ အကျဉ်းထောင်အသီးသီးမှာ ဖမ်းဆီးခံထားရသူ သုံးထောင်ကျော် (၃၀၄၁) ဦး ကျန်ရှိနေဆဲဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org