နိုင်ငံရေးအကျဉ်းသား ဟောင်းတွေ နှိပ်စက်ခံခဲ့ရလို့ စိတ်ဒဏ်ရာတွေရ
စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် အဖမ်းခံရတဲ့သူတွေဟာ လူမဆန်အောင် နှိပ်စက်ညှဥ်းပန်းခံရတဲ့ဒဏ်တွေကြောင့် အကျဥ်းထောင်က ပြန်လွတ်လာပေမယ့် စိုးရိမ်ကြောင့်ကျမှုတွေနဲ့ ခြောက်ခြားပြီး အနည်းနဲ့အများဆိုသလို စိတ်ဒဏ်တွေရလာကြတယ်လို့ ပြောပါတယ်။
- 2021-11-09
-
-
-
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် အဖမ်းခံရတဲ့သူတွေဟာ လူမဆန်အောင် နှိပ်စက်ညှဥ်းပန်း ခံရတဲ့ဒဏ်တွေကြောင့် အကျဉ်းစခန်းတွေ၊ ထောင်တွေ၊ အချုပ်ခန်းတွေက ပြန်လွတ်လာပေမယ့် စိုးရိမ်ကြောင့် ကျမှုတွေနဲ့ ခြောက်ခြားပြီး အနည်းနဲ့အများဆိုသလို စိတ်ဒဏ်ရာတွေရလာတယ်လို့ ပြန်လွတ်မြောက်လာသူ တချို့က RFA ကို ပြောပါတယ်။
ရန်ကုန်မြို့မှာနေထိုင်တဲ့ အသက် ၂၀ အရွယ် ကိုသော်ဟာ သပိတ်စစ်ကြောင်းတွေမှာပါဝင်ရင်း မတ်လ ၃ ရက် နေ့က ဖမ်းဆီးခံရပြီး မတ်လ ၂၄ ရက်နေ့က ပြန်လွတ်ခဲ့ပါတယ်။ အဲဒီနေ့မှာပဲ နေပြည်တော်က အိမ်မှာ ဒုတိယ အကြိမ် ဖမ်းဆီးခံရပြီးတဲ့နောက် ရာဇသတ်ကြီး ပုဒ်မ- ၅၀၅ (က) နဲ့ တရားစွဲခံရပြီး အောက်တိုဘာလ ၁၉ ရက် နေ့က စစ်ကောင်စီရဲ့ လွတ်ငြိမ်းသက်သာခွင့်အမိန့်နဲ့ ပြန်လွတ်လာခဲ့ပါတယ်။ သူကြုံခဲ့တာနဲ့ ပတ်သက်လို့ အခုလိုပြောပြပါတယ်။
"အင်္ကျီကို ဆွဲဖြဲတယ်။ အောက်ကပါတဲ့ အင်္ကျီကိုပါ ဆွဲဖြဲပြီးတော့ သူတို့ပါလာတဲ့တုတ်တွေနဲ့ ရင်ဘတ်တွေ လက်တွေကို ရိုက်တယ်။ မျက်နှာက အုပ်ထားတော့ မျက်နှာကိုတောက်လျောက် ၁၅ ယောက်လောက် ရှိမယ် အကုန်လုံးဝိုင်းရိုက်ကြတယ်။ ဂုတ်တွေကိုဖြတ်ကန်တယ်။ ကျောတွေကို ဖြတ်ကန်တယ်။ လူတစ် ကိုယ်လုံးကို ရစရာမရှိအောင်ကန်တယ်။ ဘာမှမမစစ်ရသေးဘူး။ ဘာမှန်းကိုမသိသေးဘူး၊ ရောက်တာနဲ့ တန်းလုပ်တာ။ ပြီးတော့ နောက်ရက်တွေကျတော့ ကျနော်တို့နဲ့ ပတ်သက်တဲ့သူတွေ ဘယ်သူတွေရှိလဲ မေးတယ်။ ကျနော်တို့နဲ့ မဆိုင်တဲ့လင့်တွေကိုလည်း ဆွဲချိတ်ပြီးတော့ ဝန်ခံခိုင်းတာတွေလည်းရှိတယ်။ ပြီးတော့ ထောင်ထဲရောက်တဲ့အချိန်မှာ တချို့လူတွေဆို လည်ပင်းကိုဓါးတွေနဲ့ လှီးထားတာ အကြောင်း လိုက်ပဲ။ ထောင်ထဲရောက်တာ တစ်လကြာနေပြီပြောတယ်။ ဒါပေမဲ့ အကြောင်းလိုက်ကြီးတွေဖြစ်နေတာ။ ထောင်ထဲကျတော့ ဆေးလည်း မပေးဘူးလေ။ ကျနော်က အဲလောက်ထိ ဆိုးဆိုးရွားရွားမခံစားရပေမယ့် တော်တော်လေးခံစားခဲ့ရပါတယ်"
ရန်ကုန်မြို့က အသက် ၂၄ နှစ်အရွယ် မယဉ်ယဉ်ဟာလည်း ပြီးခဲ့တဲ့ မတ်လ ၃ ရက်နေ့ သပိတ်စစ်ကြောင်း မှာပါဝင်ရင် ဖမ်းဆီးခံခဲ့ရသူပါ။ သူ့ကို စစ်ကောင်စီက ရာဇသတ်ကြီးပုဒ်မ - ၅၀၅ (က) နဲ့ အင်းစိန်ထောင် အတွင်းမှာ ထိန်းသိမ်းခဲ့ပြီးနောက် အောက်တိုဘာလ ၁၉ရက်နေ့က ပြန်လွှတ်ပေးခဲ့ပါတယ်။
သူဟာ ထောင်ကပြန်လွတ်လာပေမဲ့ စစ်ကြောရေးစခန်းမှာ ရခဲ့တဲ့အတွေ့အကြုံတွေကြောင့် အပြင်လောက ပြန်ရောက်လာပေမယ့် ပြန်အဖမ်းခံရမလားဆိုတဲ့သောကနဲ့ နေထိုင်ရတယ်လို့ ပြောပြပါတယ်။
“ထောင်ထဲက ထွက်လာတဲ့အခါဖြစ်တော့ ဟိုသွားလို့ရော လုံခြုံပါ့မလား၊ ဒီသွားရင်ရော ငါ့နောက်ကနေ ဘယ်သူတွေ လိုက်လာမလဲ။ ပြီးတော့ အခုချိန်ထိပေါ့နော် သူတို့ကပြန်လိုက်ဖမ်းတယ်ဆိုတဲ့ ကိစ္စတွေ လည်းရှိတော့ အိမ်ကိုပြန်လာဖမ်းမလား။ ဒါမဟုတ်ရင် ငါ့နာမည်ကို ဘယ်အချိန် ဝရမ်းပြန်ထုတ်မလဲဆိုတဲ့ အဲလိုမျိုးစိုးရိမ်စိတ်တွေနဲ့ နေနေရတာတော့ရှိတယ်ရှင့်။ ပြီးတော့ အိမ်ပြန်ရောက်ပြီးတဲ့အထိ လုံးလုံးလျား လျားကြီး ငါအိမ်မှာပါလားဆိုတဲ့ စိတ်ကမရသေးဘူးပေါ့နော်။ မနက်မိုးလင်းရင် အိပ်ယာနိုးမှ အမလေး တော်ပါသေးရဲ့ ဒါက ငါ့အိပ်ယာလေးဆိုပြီး စိတ်ကလေးနေနဲ့ နေရတယ်။ ညဘက်တွေဆိုလည်း အိပ်မက် မက်တုန်းပဲ။ ထောင်ထဲကနေ အပြင်ကို ပြန်မရောက်သေးဘူးပေါ့”
ကိုသော်ကလည်း သူ့မှာ မလုံခြုံသလို အမြဲခံစားပူပင်နေရတယ်လို့ ပြောပါတယ်။
"စိတ်က ပုံမှန်မဟုတ်တော့ဘူး။ အမြဲတမ်းကြောက်လန့်နေရတယ်။ ခြောက်လှန့်နေသလိုပဲ။ ညဘက်တွေ ဆိုရင် အစားအသောက်ကောင်းကောင်းမစားနိုင်ဘူး ကောင်းကောင်းမအိပ်နိုင်ဘူး ဘယ်အချိန်များ ပြန် ရောက်လာမလဲ အဲဒီစိတ်ကြီးနဲ့ နောက်တစ်ခုက အပြင်တစ်ခါတလေ ထွက်တဲ့အခါမျိုးရှိတယ်။ လမ်းထိပ် ဈေးသွားဝယ်ဖို့တောင်မှ ကျနော့်မှာတိုင်ပတ်နေတယ်။ သွားသင့်လား မသွားသင့်လား။ သွားသင့်လား မသွားသင့်လား စဉ်းစားနေတာနဲ့တင် ဘာမှမလုပ်ဖြစ်တော့ဘူး စိတ်ပိုင်းဆိုင်ရာကတော့ ခုနပြောသလို အချိန်ပြည့်ခြောက်လှန့်နေတယ် "
အသက် ၂၀ အရွယ် ကိုသော်ဟာ အာဏာသိမ်းစစ်ကောင်စီရဲ့ နှစ်ကြိမ် ဖမ်းဆီးခြင်းခံခဲ့ရပြီး ၈ လကျော် ထောင်ကျခံခဲ့ရသလို အသက် ၂၄ နှစ်အရွယ် မယဉ်ယဉ်ဟာလည်း ထောင်ထဲမှာ ၈ လကျော်နေခဲ့ရတာပါ။
သူတို့နှစ်ယောက်စလုံးဟာ အိမ်ကိုပြန်ရောက်ခဲ့ပေမယ့် အခုလိုခံစားနေရတဲ့ ပူပင်သောကတွေကို ကိုယ့်နည်း ကိုယ့်ဟန်နဲ့သာ ဖြေရှင်းနေကြရပါတယ်။
"စိတ်က ပုံမှန်မဟုတ်တော့ဘူး။ အမြဲတမ်း ကြောက်လန့်နေရတယ်"
စစ်ကြောရေးကာလတွေကို ဖြတ်သန်းခဲ့ရတဲ့လူငယ်တွေ လက်ရှိဘဝမှာ ခံစားနေရတဲ့ စိတ်ပိုင်းဆိုင်ရာမလုံခြုံမှု ပြဿနာတွေထဲမှာ အချက်သုံးချက်နဲ့ ရင်ဆိုင်နေရတယ်လို့ တကသ ကျောင်းသားဟောင်းများ အင်အားစုက ကိုနန်းလင်းက ပြောပါတယ်။
"စစ်ကြောရေးမှာ နှိပ်စက်ပြောဆိုတဲ့ကိစ္စတွေ လူမဆန်တဲ့ကိစ္စတွေ မိန်းကလေးတွေဆိုရင် လိင်ပိုင်းဆိုင် ရာရ အသားအရေ ထိပါးတဲ့စကားတွေ၊ ယောကျာ်းလေးတွေဆိုလည်း ကောင်မလေးနဲ့ ရိုက်ထားတဲ့ ပုံတွေတွေ့ရင်ကအစ ဒါမင်းကောင်မလေးနဲ့ နေဖူးလား ထိုင်ဖူးလား စသဖြင့် ဒီလိုမျိုးပုဂ္ဂိုလ်ရေးနဲ့ လုပ်နေတဲ့အလုပ်တွေနဲ့ ဘာမှမဆိုင်ပဲ စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာရစေလိုမှုနဲ့ လုပ်ဆောင်နေတဲ့အတွက် စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာရတာတွေရှိတယ်"
စိတ်ကျန်းမာရေးဆရာဝန် ပါမောက္ခ ဒေါက်တာ တင်ဦး ကတော့ အခုလို စိတ်ပိုင်းဆိုင်ရာပြဿနာအတွက် နားလည်တတ်ကျွမ်းတဲ့သူတွေနဲ့ စနစ်တကျ ကုသသင့်တယ်လို့ အကြံပြုပါတယ်။
"အဓိကကတော့ သူတို့ အဲလိုအတွေ့အကြုံမျိုးရှိတဲ့သူတွေက Mental Trauma ရနိုင်တယ်ပေါ့။ ကြောက် တာကနေစပြီးတော့ အဲဒါဆိုရင်တော့ အဲလို ထရော်မာတွေရရင်တော့ ဒီဘက်မှာ ပြန်ရောက်လာတဲ့အခါ counseling ကျွမ်းကျင်တဲ့သူတွေနဲ့ ပြသင့်တယ်။ လုပ်သင့်တာပေါ့နော်၊ ကိုယ့်ကိုကိုယ်သိမှာပဲလေ လက်ရှိ ခံစားရတာတွေ ဖြစ်ရပ်တွေကို ပြန်သတိရနေတာဖြစ်စေ နည်းနည်းလေးကြောက်လာတာပဲဖြစ်စေ အဲဒါ ဆိုရင်တော့ တိုင်ပင်သင့်တယ်ပေါ့"
ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၈ ရက်နေ့က နိုင်ငံတစ်ဝန်း အကျဉ်းထောင်အသီးသီးက အချုပ်သားနဲ့ အကျဉ်းသား ၅၀၀၀ ကျော်ကို လွတ်ငြိမ်းသက်သာခွင့်ပေးမယ်လို့ စစ်ကောင်စီက ကြေညာခဲ့တဲ့နောက် နိုင်ငံရေးအကျဉ်းသားတချို့ ပြန်လွတ်လာခဲ့ပါတယ်။ အဲဒီလူတွေထဲက တချို့လည်း မှားယွင်းလွှတ်မိလို့ ပြန်ဖမ်းတယ်ဆိုပြီး ထောင်တွေထဲ ပြန်ရောက်သွားတဲ့သူတွေရှိပါတယ်။
ပြန်လွတ်လာတဲ့သူတချို့ကတော့ စစ်ကြောရေးစခန်းတွေကနေ ရရှိလာတဲ့ စိတ်ဒဏ်ရာတွေကြောင့် ဆရာဝန် နဲ့ ကုသနေရတာတွေ ရှိနေတယ်လို့လည်း လေ့လာသူတွေက ပြောပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းထားတဲ့ အချိန်ကိုးလကျော်အတွင်း အဖမ်းခံရတဲ့သူ ဒီနေ့အချိန်မှာ ၇၁၀၀ ကျော်ရှိနေတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထား ပါတယ်။