ချင်းပြည်နယ်မှာ စားနပ်ရိက္ခာ ပိုခက်ခဲလာ

ချင်းပြည်နယ် မင်းတပ်၊ ကန်ပက်လက်၊ မတူပီ၊ ထန်တလန်နဲ့ ပလက်ဝမြို့နယ်တွေမှာ ချင်းဒေသကာကွယ်ရေးအဖွဲ့တွေနဲ့ ပတ်သက်လို့ စစ်ကောင်စီက လမ်းတွေမှာ စစ်ဆေး ကန့်သတ်နေတဲ့အပြင် ကုန်ဈေးနှုန်း မြင့်တက်တဲ့အတွက် အခက်ကြုံနေရတယ်လို့ စစ်ဘေးဒုက္ခသည်တွေက ပြောပါတယ်။
စားသုံးကုန်တွေဟာ အရင်ကထက် ခု သုံးဆလောက်ဈေးတက်နေပြီး ဆန်၊ စားသုံးဆီနဲ့ စက်သုံးဆီ ပြတ်လပ်နေတယ်လို့ ပြောပါတယ်။
ဒါကြောင့် မင်းတပ်မြို့နယ်က စစ်ဘေးဒုက္ခသည်တွေအပါအဝင် ဒေသခံတွေဟာ အရင်က မိရိုးဖလာ စားသုံးခဲ့တဲ့ ပြောင်းဖူးကို ပြန်စားသုံးဖို့ပြင်ဆင်နေကြရတယ်လို့ စစ်ဘေး ဒုက္ခသည်တစ်ဦးက RFA ကို ပြောပါတယ်။
"ကျနော်တို့မှာ ပြောင်းဖူးကတော့ ဟိုအရင်ကတည်းက ပြောင်းဖူး တောင်ယာပြောင်း တွေ ထွက်တယ်။ ဒီတောင်ယာပြောင်းတွေကို နေခြောက်လှန်း အခြောက်ထားပေါ့နော်။ အဲဒါ ပြန်ဖွပ်ပြီး ဆန်လိုဟာမျိုး ချက်စားရတယ်။ အရင်တုန်းက အဲလိုရှိခဲ့တယ်။ အခု ဆိုရင်လည်း အဲလိုပြန်စားသောက်ဖို့ ပြင်ဆင်နေကြ တယ်။ ကျနော်တို့က ပြောင်းတွေ ကို ရိုးရာအနေနဲ့လည်း စားသုံးတဲ့အခါ ရှိခဲ့တယ်။ ကျနော်တို့က အဲဒီခေတ်ကို ပြန် ရောက်သွားပါတယ်။ ဆန်တွေကို ဝယ်ယူဖို့ အရမ်းခက်ခဲသွားတယ်။ ရိုးရာပြောင်းပဲ စားရတော့မယ့် အခြေအနေ ဖြစ်လာတယ်"
စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်တွေက စားနပ်ရိက္ခာတွေကို အကန့်အသတ်နဲ့ပဲ သယ်ယူခွင့်ပြုတာကြောင့် အခုလို အခက်အခဲနဲ့ ကြုံနေရတာလို့ သူက ပြောပါတယ်။
ဒီအတိုင်း ဆက်ဖြစ်နေမယ်ဆိုရင် စစ်ဘေးဒုက္ခသည်တွေ အငတ်ဘေးနဲ့ ကြုံလာရ နိုင်တယ်လို့ မင်းတပ်မြို့နယ်က လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စစ်ဘေးဒုက္ခသည် တစ်ဦးက RFA ကို ပြောပါတယ်။
"အခုဆို ဝင်ငွေက လုံးဝမရှိကြဘူး။ ပြီးတော့ အခုချိန်ထိ တောင်ပေါ်မှာ စကစရဲ့ ဖြတ်တောက်မှုက များပြား တယ်။ အခု ဓာတ်ဆီတွေရော အဆမတန်ဈေးတက်လာ တယ်။ သွားလာရေးလည်း အရမ်းခက်ခဲတယ်။ တောင်ပေါ်မှာ ဓာတ်ဆီ၊ ဒီဇယ်တွေ ဝယ်လို့မရတော့ဘူး။ ကျနော်တို့အတွက် အရမ်းလိုအပ်တဲ့ စားနပ်ရိက္ခာ ဆန်ဝယ်ယူ ဖို့ဆိုတာ ပိုခက်ခဲလာတယ်။ ဒီလိုမျိုးသာကြာသွားရင် ကျနော်တို့ စစ်ဘေးရှောင်တွေဟာ ကပ်ဘေးကို ကြုံလာရနိုင်တယ်"
လမ်းပန်းဆက်သွယ်ရေး ခက်ခဲပြီး ကုလားတန်မြစ်ကြောင်းတစ်ခုတည်းကို အဓိကအသုံးပြု နေရတဲ့ ပလက်ဝမြို့နယ်မှာလည်း စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ ပြီးခဲ့တဲ့ မေလနောက်ဆုံးပတ်က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ပလက်ဝ - ကျောက်တော် ရေလမ်းကြောင်း အသွားအလာကို စစ်ကောင်စီက ကန့်သတ်ခဲ့ပါတယ်။ ဒါကြောင့် စစ်ဘေး ဒုက္ခသည်တွေဟာ စားသောက်ကုန်နဲ့ စက်သုံးဆီပြတ်လပ်တာနဲ့ ကြုံနေရတယ်လို့ ပလက်ဝမြို့မှာ ခိုလှုံနေတဲ့ စစ်ဘေးဒုက္ခသည်တစ်ဦးက ပြောပါတယ်။
"ကုန်ဈေးနှုန်းတွေက တအားတက်တယ်။ ဆန်တစ်အိတ်ကို ငါးသောင်း၊ ခြောက် သောင်းတောင်မှ ဝယ်ဖို့မရှိ တော့ဘူး။ ဆန်တွေလိုရင် မြို့ပေါ်နဲ့နီးတဲ့ရွာမှာ လိုက်ရှာ ရတယ်။ တစ်အိတ်ရရ၊ နှစ်အိတ်ရရ၊ အဲလိုမျိုးလိုက် ရှာစုပြီး အဲလိုဝယ်ရတာပဲ"
ဩဂုတ် ၂၅ ရက်နေ့ကတော့ ပလက်ဝမြို့ပေါ်မှာရှိတဲ့ စစ်ဘေးဒုက္ခသည်စခန်းငါးခုက ဒုက္ခသည်ငါးထောင် ကျော်အတွက် ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) က ပေးပို့တဲ့ ဆန်အိတ် ၁၂၀၀ ရောက်ရှိလာတယ်လို့ စစ်ဘေးဒုက္ခ သည်တွေက ပြောပါတယ်။
"စားနပ်ရိက္ခာ ဆန်ဝယ်ယူဖို့ဆိုတာ ပိုခက်ခဲလာတယ်"
ထန်တလန်မြို့မှာ စားနပ်ရိက္ခာတွေကို အိန္ဒိယနိုင်ငံက သယ်ဆောင်ရတာကြောင့် အခက် အခဲရှိတယ်လို့ စစ်ဘေးဒုက္ခသည်တစ်ဦးက ပြောပါတယ်။
"ကုန်ဈေးနှုန်းတက်တဲ့အပေါ်မှာ စစ်ဘေးရှောင်တွေဆီမှာ သက်ရောက်မှုအများကြီး ရှိတာပေ့ါ။ ဘာဖြစ်လို့လဲ ဆိုတော့ ကျနော်တို့က ဆန်တစ်အိတ်ကိုဝယ်ဖို့အတွက် အရင်တုန်းက ၃၅,၀၀၀ကျပ်နဲ့ ဝယ်တဲ့ဟာကို အခု တစ်သိန်းနီးပါး တက်လာပြီ။ ထန်တလန်မြို့နယ်မှာ ဆက်သွယ်ရေး အရမ်းခက်ခဲတယ်။ ပြည်မဘက်က ဆန်တွေကို သယ်လို့မရတော့ဘူး။ ပြည်မဘက်က ဆန်အိတ် နည်းနည်းပဲရောက်နိုင်တာကြောင့်၊ အိန္ဒိယဘက်ကနေ ဝယ်ရတာကြောင့် ခက်ခဲတယ်"

ချင်းပြည်နယ်မှာ စစ်ကောင်စီတပ်က ကန့်သတ်တာတွေအပြင် ဒုက္ခသည်တွေ ကြုံတွေ့ နေကြရတဲ့ အခက်အခဲတွေနဲ့ ပတ်သက်လို့ ချင်းပြည်နယ် စစ်ကောင်စီ ပြောခွင့်ရသူ လူမှုရေးရာဝန်ကြီး ဦးသန့်ဇင်ကို RFA က ဖုန်းနဲ့ဆက်သွယ် မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။
အာဏာသိမ်းပြီးနောက် ဖြစ်ပွားလာတဲ့ တိုက်ပွဲတွေကြောင့် ချင်းပြည်နယ်က လူ တစ်သိန်း နီးပါး ဘေးလွတ်ရာကို ထွက်ပြေးနေကြရပါတယ်။ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်မှာ ဒုက္ခ သည် လေးသောင်းကျော်နဲ့ ပြည်တွင်းမှာ ခြောက်သောင်းကျော်ရှိနေတယ်လို့ ချင်းရေးရာ အဖွဲ့ချုပ်က ပြောဆိုထားပါတယ်။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UN OCHA) ကလည်း စစ်ကောင်စီက စားသောက်ကုန်နဲ့ ဆေးဝါးပစ္စည်းတွေအပါအဝင် မရှိမဖြစ်လိုအပ်တဲ့ ကုန်ပစ္စည်းတွေ သယ်ယူခွင့်ကို ကန့်သတ်ထားတာကြောင့် စစ်ဘေးဒုက္ခသည်တွေဆီကို လူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေ သွားရောက်ပေးအပ်ဖို့ အခက်အခဲရှိနေတယ်လို့ ဩဂုတ်လ ၃ ရက်နေ့က ကြေညာချက် ထုတ်ပြန်ထားပါတယ်။