တပ်ပေါင်းစုဖွဲ့ဖို့ ညီညွတ်ရေးနဲ့ ငွေကြေး အဓိကလိုအပ်နေ
ဒီရက်ပိုင်းအတွင်း တိုင်းရင်းသားလက်နက်ကိုင်အင်အားစုတွေ တပ်ပေါင်းစုဖွဲ့စည်းဖို့အတွက် ဆွေးနွေး တိုင်ပင်နေကြတယ်လို့ သိရပါတယ်။ အဓိကလိုအပ်ချက်က ညီညွတ်ရေးနဲ့ ငွေကြေးဖြစ်ပြီး CRPH နဲ့ တိုင်းရင်းသားတွေ လက်တွဲနိုင်မယ်ဆိုရင် အာဏာရှင်စနစ်ကို အပြီးဖယ်ရှားနိုင်မှာဖြစ်တယ်လို့ ဝေဖန်သူတွေက ပြောပါတယ်။
-
ခင်မောင်စိုး(ဝါရှင်တန်ဒီစီ)
2021-04-05 -
-
-
ဒီရက်ပိုင်းအတွင်း တိုင်းရင်းသားလက်နက်ကိုင်အင်အားစုတွေ တပ်ပေါင်းစုဖွဲ့စည်းဖို့အတွက် ဆွေးနွေး တိုင်ပင်နေကြတယ်လို့ သိရပါတယ်။ အဓိကလိုအပ်ချက်က ညီညွတ်ရေးနဲ့ ငွေကြေးဖြစ်ပြီး CRPH နဲ့ တိုင်းရင်းသားတွေ လက်တွဲနိုင်မယ်ဆိုရင် အာဏာရှင်စနစ်ကို အပြီးဖယ်ရှားနိုင်မှာဖြစ်တယ်လို့ ဝေဖန်သူတွေက ပြောပါတယ်။
အာဏာသိမ်းစစ်ကောင်စီကို ဖယ်ရှားရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေတပ်ပေါင်းစုဖွဲ့ဖို့ ဆွေးနွေး တိုင်ပင်နေကြတယ်လို့ သိရပါတယ်။ အဲဒီတပ်ပေါင်းစုမှာ NCA အပစ်ရပ်စာချုပ် လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေရော မထိုးသေးတဲ့အဖွဲ့တွေပါ ပါဝင်ဖို့ဆွေးနွေးနေကြကြောင်း ပအိုဝ်းလက်နက်ကိုင် အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီး ခွန်ဥက္ကာက ထုတ်ဖော်ပြောဆိုတာလည်း ကြားရပါတယ်။ ဒီရက်ပိုင်း ပြုလုပ်ခဲ့တဲ့ NCAအဖွဲ့ဝင်တွေရဲ့ PPST အစည်းအဝေးကလည်း ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ကထုတ်ပြန်ခဲ့တဲ့ ၂ဝဝ၈ အခြေခံဥပဒေ ဖျက်သိမ်းရေးကို ထောက်ခံလိုက်ပြီး ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ကို ကြိုဆိုခဲ့ပါတယ်။ တကယ်လို့သာ တပ်ပေါင်းစု ဖွဲ့နိုင်ခဲ့ပြီး CRPH နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ နားလည်မှုအပြည့်နဲ့ ပူးပေါင်း နိုင်မယ်ဆိုရင် အာဏာသိမ်းစစ်ကောင်စီကို အလျှင်အမြန်ဖယ်ရှားနိုင်မှာ ဖြစ်တယ်လို့ ဝေဖန်သူတွေက ပြောပါတယ်။ မြန်မာနိုင်ငံရဲ့ သမိုင်းမှာ ပြည်သူတရပ်လုံး အညီညွတ်ဆုံး ကာလဖြစ်တဲ့အတွက် ဒီအခွင့်အရေးကို ထိထိရောက်ရောက် အသုံးပြုနိုင်ဖို့လိုတယ်လို့ နိုင်ငံရေးလေ့လာသူ ဦးသန်းစိုးနိုင်က ပြောပါတယ်။
“ကျနော်တို့ သမိုင်းတလျှောက်မှာ ဒီနေ့လောက် နိုင်ငံရေးအရ သဘောထားတူညီတဲ့အခြေအနေက လက်နက်ကိုင်အဖွဲ့တွေမှာရော ဒီမိုကရေစီအင်အားစုတွေမှာပါ ဒီနေ့လောက် ညီညွတ်တာ မရှိတော့ဘူး။ အဲဒီတော့ စစ်ရေးအရ ညီညွတ်အောင် လုပ်ရမှာဘဲ။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေက တပ်ပေါင်းစုဖွဲ့ကြပြီဆိုလို့ရှိရင် NCA ထိုးထားတဲ့ အဖွဲ့ပဲဖြစ်စေ၊ မထိုးထားတဲ့အဖွဲ့ပဲဖြစ်စေ၊ ဒီနေ့ကာလမှာ သူတို့ ရင်ဆိုင်နေရတဲ့ ပြသနာဟာ စစ်ကောင်စီကို အလဲထိုးရမယ့် ပြဿနာမှာ စည်းလုံးညီညွတ်တဲ့ အင်အားစုဖြစ်အောင် ဝိုင်းဝန်းလုပ်ဆောင်ရမယ့် အချိန်ဖြစ်ပါတယ်။ အဲလိုလုပ်တဲ့အခါမှ တဖွဲ့ချင်းအရ သဘော မညီတာတွေ ပဋိပက္ခတွေရှိကြတယ် အဲဒါတွေ နောက်ကြောင်းကို ပြန်တွန်းဖယ်ပစ်ဖို့ လိုပါတယ်။ ဒီနေ့ ကာလမှာ လူထုလှုပ်ရှားမှုကြီးအောင်မြင်အောင် ဘယ်လိုဝိုင်းဝန်းကြမလဲဆိုတဲ့ ကိစ္စပေါ်မှာ အခြေခံပြီးတော့ ဟန်ချက်ညီညီပေါင်းစပ်ပြီးတော့ စစ်ရေးဗျူဟာတွေ ခင်းကျင်းကြဖို့ လိုပါတယ်”
ဒါ့အပြင် ဦးသန်းစိုးနိုင် က မြန်မာပြည်ရဲ့ လက်ရှိ ပြဿနာကို လုံခြုံရေးကောင်စီမှာ ဖြေရှင်းရေးကိစ္စဟာ တရုတ်နဲ့ ရုရှားက ဗီတိုအာဏာသုံးပြီး ပယ်ချမှာဖြစ်တဲ့အတွက် ကုလသမဂ္ဂအဖွဲ့ဝင်တွေက တခြားနည်းနဲ့ဖြေရှင်းဖို့ ကြိုးစားနေကြပြီဖြစ်ပါတယ်။ CDM အပါအဝင် လက်ရှိ လူထုလှုပ်ရှားမှုတွေကို အချိန်ကာလ တခုအထိ ဆက်လက်ထိန်းသိမ်းထားမယ်ဆိုရင် နိုင်ငံတကာရဲ့ ငွေကြေးရော လက်နက်အကူ အညီတွေပါ ဝင်ရောက်လာမယ်လို့ မျှော်လင့်ရတယ်။ ဒါပေမယ့် အဲဒီလို ရရှိဖို့အတွက် လူထုလှုပ်ရှားမှုအပြင် ပြည်တွင်း လက်နက်ကိုင်အင်အားစုတွေ အားလုံးကလည်း တညီတညွတ်တည်းရှိကြောင်း ပြသနိုင်ဖို့လိုတယ် လို့ ပြောပါတယ်။
အမည်မဖော်လိုတဲ့ တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်တဦးကတော့ "တပ်ပေါင်းစုဖွဲ့ရေး အလားအလာ အင်မတန် ကောင်းပါတယ်။ ဒါပေမယ့် အဓိက လိုအပ်ချက်က ငွေနဲ့ လက်နက်ဖြစ်တယ်၊ အဲဒီလိုအပ်ချက်ကို CRPH က ဖြေရှင်းပေးနိုင်မယ်ဆိုရင် တိုက်ခိုက်မယ့်အင်အားအတွက် ပူပန်ဖို့မလိုပါဘူး။ အခုလက်ရှိမှာတင် တော်လှန်ရေးလုပ်မယ့် လူငယ်တွေအများကြီးပဲ"လို့ RFA ကိုပြောပါတယ်။
ဒီအတောအတွင်း နိုင်ငံတကာရောက် မြန်မာတွေက CRPH ကို ရန်ပုံငွေထည့်ဝင်နေတဲ့ သတင်းတွေ ဆက်တိုက်ရရှိနေပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ လှုပ်ရှားနေတဲ့ ဦးကျော်ဝဏ္ဏ က .....
“CRPH အတွက် ထောက်ခံမှု လိုအပ်တယ်၊ CRPH အတွက် လှူဒါန်းကြပါလို့ ကြေညာလိုက်တဲ့အချိန်မှာ တကမ္ဘာလုံးမှာရှိတဲ့ မြန်မာတွေရဲ့ လှူဒါန်းမှုက ကြောက်ခမန်းလိလိ ပါဘဲ။ တနာရီကို အမေရိကန် ဒေါ်လာ ၁ သိန်း တက်သွားအောင် ဝိုင်းလှူလိုက်ကြတာ ၃ ရက်အတွင်း အမေရိကန်ဒေါ်လာ ၉ သန်းကျော် လှူဒါန်းကြတယ်ဆိုတာ ကျနော်တို့ မျက်ဝါးထင်ထင် တွေ့မြင်ရတယ်။ ဒါဟာ ဘယ်လောက် မြန်မာနိုင်ငံရဲ့ အပြောင်းအလဲကို မြင်ချင်နေကြတယ်ဆိုတဲ့ သက်သေပါဘဲ။ ဒီ စစ်အုပ်စုကို ဖြုတ်ချဖို့၊ ဖက်ဒရယ် ပြည်ထောင်စုကြီး ပေါ်ပေါက်လာဖို့၊ လက်တွေ့ကျကျလုပ်ဆောင်နေတဲ့ တိုင်းရင်းသား အင်အားစုများ အပါအဝင် ကျန်တဲ့အင်အားစုများရဲ့ လိုအပ်ချက်တွေကို တတ်နိုင်သမျှ ကူညီဖြည့်ဆည်းဖို့ ကြိုးစားနေကြပါတယ်။ တကမ္ဘာလုံးက မြန်မာနိုင်ငံသားတွေက ဒီစိတ်နဲ့ ဝိုင်းဝန်းနေကြတယ်ဆိုတာကို ပြောကြားချင်ပါတယ်။”
ဒီအတောအတွင်းမှာပဲ ဝေဖန်သူတချို့ကတော့ လက်ရှိမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအနက် KNU နဲ့ KIA တွေက အာဏာရှင်တပ်ဖွဲ့တွေကို တိုက်ခိုက်နေကြပြီဖြစ်ပေမယ့် AA၊ UWSA နဲ့ RCSS အဖွဲ့တွေပါ ပူးပေါင်းပါဝင်ဖို့လိုတယ်လို့ ထောက်ပြနေကြပါတယ်။