ဇလွန်မြို့နယ်နဲ့ မြင်းခြံမြို့နယ်က ငမြောင်တောင်ဖျက်ပိုးအန္တရာယ်

ဧရာဝတီတိုင်း ဇလွန်မြို့နယ်နဲ့ မန္တလေးတိုင်း မြင်းခြံမြို့နယ်တွေထဲက ပြောင်းစိုက်ခင်းဧက ၁၃ဝဝဝ ကျော်မှာ ဖျက်ဆီးအားကောင်းတဲ့ ငမြောင်တောင်ဖျက်ပိုး (Fall Army Worm) မျိုးစိတ်အသစ်တစ်မျိုး ကျရောက်နေတဲ့ အတွက် ဒီပိုးကိုနှိမ်နှင်းဖို့ ပြောင်းစိုက်တောင်သူတွေ ဆေးဝါးအကူအညီ လိုအပ်နေတယ်လို့ သိရပါတယ်။

လယ်ထဲမှာ တောင်သူတစ်ဦးကို တွေ့ရစဉ် Photo: Kyaw Myo Min/RFA

ဧရာဝတီတိုင်း ဇလွန်မြို့နယ်နဲ့ မန္တလေးတိုင်း မြင်းခြံမြို့နယ်တွေထဲက ပြောင်းစိုက်ခင်းဧက ၁၃ဝဝဝ ကျော်မှာ ဖျက်ဆီးအားကောင်းတဲ့ ငမြောင်တောင်ဖျက်ပိုး (Fall Army Worm) မျိုးစိတ်အသစ်တစ်မျိုး ကျရောက်နေတဲ့ အတွက် ဒီပိုးကိုနှိမ်နှင်းဖို့ ပြောင်းစိုက်တောင်သူတွေ ဆေးဝါးအကူအညီ လိုအပ်နေတယ်လို့ သိရပါတယ်။

RFA သတင်းထောက် မဇာဏီထွဏ်းက တင်ပြထားပါတယ်။

~~~~~~~~~~

ဇလွန်မြို့နယ်နဲ့ မြင်းခြံမြို့နယ်က ငမြောင်တောင်ဖျက်ပိုးအန္တရာယ်

(ဇာဏီထွဏ်း)

ဧရာဝတီတိုင်းဒေသကြီး ဇလွန်မြို့နယ်ထဲက ပြောင်းစိုက်ဧက ၁၂၀၀၀ ကျော်နဲ့ မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ်က ဧက ၁၀၀၀ ကျော်မှာ ဖျက်စီးနှုန်းအားကောင်းတဲ့ FAW လို့ အတိုကောက်ခေါ်တဲ့ ငမြောင်တောင်ဖျက်ပိုး မျိုးစိတ်အသစ် Fall Army Worm ပိုးတွေကျနေတယ်လို့ RFA က စုံစမ်းသိရပါတယ်။


အဲဒီကျေးရွာတွေအပြင် နေပြည်တော်ကောင်စီနယ်မြေ၊ ရှမ်းပြည်နယ်အရှေ့ ကျိုင်းတုံမြို့နယ်တွေက ကျေးရွာတွေမှာလည်း ပေါက်ဖွားနှုန်းမြန်ဆန်တဲ့ ငမြောင်တောင်ဖျက်ပိုး မျိုးစိတ်သစ် FAW တွေ ကျရောက်နေတယ်လို့ စိုက်ပျိုးရေးဦးစီးဌာနက မနေ့က သတင်းထုတ်ပြန်ထားပါတယ်။

အဲဒီဖျက်ပိုးတွေဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလလောက်က စကျလာတာဖြစ်ပြီး အခုချိန်အထိ နှိမ်နှင်းနေရတုန်းဖြစ်ပါတယ်။

ဧရာဝတီတိုင်းဒေသကြီး ဇလွန်မြို့နယ်မှာရှိတဲ့ ကျေးရွာတော်တော်များများမှာ FAW ဖျက်ပိုးကျရောက်နေပြီး နန်းတော်ကျွန်းကျေးရွာအုပ်စု ကျေးရွာ ၆ ရွာထဲက ဧကပေါင်း ၄၅၀ လောက်ဟာ ဖျက်ပိုးဒဏ် ခံနေရတယ်လို့ အဲဒီကျေးရွာအုပ်စုရဲ့ အုပ်ချုပ်ရေးမှူး ဦးခင်စိုး က ပြောပါတယ်။

အဲ့ဒီမျိုးစိတ်သစ်တွေဟာ ပေါက်ဖွားနှုန်းမြန်တဲ့အပြင် ပျံ့နှံ့နှုန်း၊ ကူးစက်နှုန်းပါ မြန်တဲ့အတွက် ထိထိရောက်ရောက် ကာကွယ်နှိမ်နှင်းတာတွေ မရှိဘူးဆိုရင် သီးနှံအထွက်လျော့ပြီး သီးနှံကရမယ့် အကျိုးစီးပွား ထိခိုက်နိုင်တာကြောင့် အလေးထား ကာကွယ်သင့်တယ်လို့ စိုက်ပျိုးရေးဦးစီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

အဲဒီပိုးစကျတယ်လို့ သိလိုက်ရတဲ့ ရက်ကနေ နောက် ၄၊ ၅ ရက်အတွင်းမှာပဲ ဖျက်ပိုးတွေက တော်တော်များများ ပျံ့နှံ့နေပြီလို့ ပြောင်းစိုက်ခင်း ၁၀ ဧက ဖျက်ပိုးဒဏ်ခံနေရတဲ့ ဇလွန်မြို့နယ် နန်းတော်ကျွန်းကျေးရွာအုပ်စု ရွာကန့်လန့်ကျေးရွာက ဦးဇော်ဝင်းနိုင်က ပြောပါတယ်။

"တော်တော်ဆိုးတယ်။ ၄၊ ၅ ရက်အတွင်းမှာပဲ ပြောင်းခင်းထဲကို နွားစားထားသလို ဖြစ်သွားတာ။ စကာပေါက်တွေဖြစ်သွားပြီး ပြတ်ထွက်ကုန်တာ။ သိလည်းသိ ဆေးဖြန်းတာတောင် မရဘူးဗျာ၊ ဆေးတွေဖြန်းတာတောင် မရဘူး။ ပြောင်းရွက်အလိတ်ထဲမှာ နေပြီး ကြွက်စာလို ကျစ်စာခဲတွေ ဖုံးထားတာ။ အဲ့တော့ ဆေးကမထိဘူး။ အဲ့တော့ မသေဘူး"
FAW ငမြာင်တောင်ပိုးတွေဟာ အာရှနိုင်ငံတစ်ခုဖြစ်တဲ့ အိန္ဒိယနိုင်ငံမှာ ပထမဆုံး တွေ့ခဲ့ရတာဖြစ်ပြီး အရှေ့တောင်အာရှနဲ့ တရုတ်နိုင်ငံ တောင်ပိုင်းဒေသတွေမှာပါ လျင်လျင်မြန်မြန် ပျံ့နှံ့သွားနိုင်တဲ့အကြောင်း ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ FAO ပြီးခဲ့တဲ့ နှစ် သြဂုတ်လတုန်းက သတိပေးထုတ်ပြန်ထားပါတယ်။

အဲဒီဖျက်ပိုးဟာ ပြောင်းသီးနှံတွေအပြင် စပါး၊ မြေပဲ၊ ဟင်းသီးဟင်းရွက်နဲ့ ဝါသီးနံှတွေ အပါအဝင် သီးနှံအမျိုးပေါင်း ၈၀ ကျော်ကို စားသောက်ဖျက်ဆီးနိုင်ပြီး တစ်ညအတွင်း ကီလိုမီတာ ၁၀၀ အထိ ပျံ့သန်းနိုင်စွမ်းရှိတယ်လို့လည်း FAO က ထုတ်ပြန်ထားတာဖြစ်ပါတယ်။

အဲဒီ FAW ဖျက်ပိုးတွေဟာ သာမာန် ပိုးသတ်ဆေးတွေနဲ့ မနှိမ်နှင်းနိုင်တာ၊ ဒေသ ငမြောင်တောင်ပိုးတွေလို ရာသီဥတုအေးတဲ့အခါ၊ မိုးရွာတဲ့အခါမှာ မသေနိုင်ဘူးလို့ သိရပါတယ်။

အဲဒီ FAW ဖျက်ပိုးတွေဟာ ဒေသ ငမြောင်တောင်ပိုးနဲ့ ကွာခြားတာတွေကို ရွာကန့်လန့်ကျေးရွာက ပြောင်းစိုက်ခင်း ၁၅ ဧကမှာ ဖျက်ပိုးဒဏ်ခံနေရတဲ့ ဦးဇော်လင်းအောင်က ရှင်းပြပါတယ်။

"ငမြောင်တောင်ဆိုတာက အရင်က ကိုက်ဖြတ်တာက မြေကြီးထဲကနေပြီး အပင်ပေါက်ကာစကိုပဲ ကိုက်ဖြတ်လေ့ရှိတယ်။ အပင်ကြီးသွားရင် အပင်ပေါ်ကို မတက်ဘူး။ အခုက အပင်ဘယ်လောက်ကြီးကြီး အပင်ပေါ်တက်ကိုက်တယ်။ ပထမ ငမြောင်တောင်က ရာသီဥတုနဲ့ ဆိုင်တယ်။ အေးတယ်ဆိုရင် ၂ ရက် ၃ ရက် ၇ ရက်အတွင်းမှာ ငမြောင်တောင်ပိုးက သူ့ဘာသာသူ သေသွားတယ်။ အခု ငမြောင်တောင်ပိုးဟာဆိုရင် အခုလက်ရှိလည်း အေးနေတယ်။ ပြီးခဲ့တဲ့ ရက်ကလည်း မိုးကြီးတအားရွာတယ်။ မိုးရွာတော့ သေမယ်လို့ တောင်သူတွေက ပျော်နေကြတယ်ပေါ့နော်။ တကယ့်တကယ်ကျတော့ မိုးရွာပြီး တအား အခြေအနေဆိုးသွားတယ်"

အဲဒီ FAW ဖျက်ပိုးတွေဟာ အလွယ်တကူ မသေနိုင်တာကြောင့် တောင်သူတွေက ဆေးကို ၃ ကြိမ်လောက် ဖြန်းတာတောင် မနှိမ်နှင်းနိုင်သေးဘူးလို့ ပြောပါတယ်။ ပိုးသတ်ဆေးကလည်း ၁ ဧကအတွက် ၁ သောင်းခွဲကနေ ၃ သောင်းလောက်အထိ ပေးနေရတယ်လို့လည်း တောင်သူတွေက ပြောပါတယ်။


စိုက်ပျိုးရေး ဦးစီးဌာနက ပညာပေးတာတွေရှိပေမယ့် ဆေးထောက်ပံ့မှုကတော့ အလုံလောက် မရဘူးလို့ တောင်သူ ဦးဇော်ဝင်းနိုင်က ပြောပါတယ်။

ဖျက်ပိုးဒဏ်ခံနေရတဲ့ ပြောင်းစိုက်တောင်သူတွေကို အသိပညာပေးတာ၊ ကူညီနေတာတွေနဲ့ ပတ်သက်ပြီး ဇလွန်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မန်နေဂျာ ဒေါ်ရီရီမြင့်က အခုလိုပြောပါတယ်။

"ဆေးဖြန်းပုံးတွေဘာတွေ ဆောင်ရွက်ပေးတယ်။ နောက် ကုမ္ပဏီတွေကို ဈေးလျော့ရောင်းပေးဖို့ရယ်၊ နောက်တော့ ဆိုင်းငံ့သဘောနဲ့ ရောင်းခိုင်းတာပေါ့နော်။ သီးနှံပေါ်ပြီး ဆောင်ရွက်နိုင်အောင် ကုမ္ပဏီတွေကို တောင်းဆိုထားတာပေါ့"

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့က ပြောင်းစိုက်ခင်းဧက ၁၀၀၀ ကျော်မှာတော့ ကာကွယ်နှိမ်နှင်းရေးတွေ လုပ်နေပြီး တောင်သူတွေကို ကူညီတာပေးနေတယ်လို့ မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဝင်းမာက ပြောပါတယ်။

အခု ဖျက်ပိုးကျနေတဲ့ အစေ့ထုတ်ပြောင်း စိုက်ခင်း ၁ ဧကအတွက် ကျပ် ၂ သိန်းခွဲကနေ ၃ သိန်းခွဲအထိ ရင်းနှီးမြှုပ်နှံခဲ့ကြရပြီး အဲ့ဒီ အစေ့ထုတ်ပြောင်း မျိုးစေ့တွေကလည်း ထိုင်းနိုင်ငံဘက်ကနေ တင်သွင်းတာဖြစ်တဲ့အတွက် ဈေးကြီးပေးဝယ်ရတယ်လို့ တောင်သူတွေက ပြောကြပါတယ်။

အခုအချိန်မှာတော့ အပင်ပေါက်တွေ၊ အပင်ငယ်တွေကတော့ တော်တော်များများ ပျက်စီးတဲ့အပြင် အပင်ကြီးတွေမှာလည်း ပိုးကျနေတာတွေကို မနှိမ်နှင်းနိုင်သေးတာကြောင့် တောင်သူတွေမှာ အခက်တွေ့နေတယ်လို့လည်း သိရပါတယ်ရှင်။
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org