EU ကုန်သွယ်ရေးဆိုင်ရာ အထူးအခွင့်အရေး ကြေညာချက်အပေါ် သုံးသပ်ချက်များ
မြန်မာနိုင်ငံအအပေါ် EU ဥရောပသမဂ္ဂက ကုန်သွယ်မှုအထူးအခွင့်အရေး GSP ကို ရုပ်သိမ်းဖို့မသိမ်းဖို့ ဆိုတာဟာ မြန်မာအစိုးရက ပြန်လည်တင်ပြမယ့် အချက်တွေအပေါ်မှာ မူတည်တယ်လို့ EU အဖွဲ့က အောက်တိုဘာလ ၃၁ ရက်နေ့ ရက်စွဲနဲ့ ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
-
2018-11-01 -
-
-
Your browser doesn’t support HTML5 audio
ရခိုင်အရေးအပါအဝင် ရှမ်း၊ ကချင်ဒေသတွေက လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေမှာ ကလေးစစ်သား အသုံးပြုနေတာတွေကို ဥရောပသမဂ္ဂ EU က ထောက်ပြခဲ့ပြီး ကုန်သွယ်မှု အထူးအခွင့်အရေး GSP ကို ရုပ်သိမ်း၊ မသိမ်းဆိုတာဟာ မြန်မာအစိုးရက ပြန်လည်တင်ပြမယ့် အချက်တွေအပေါ်မှာ မူတည်ကြောင်း EU က မနေ့က ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်ပါတယ်။
EU ရဲ့ ကြေညာချက်အပေါ် ပြည်တွင်းက အလုပ်သမားရေး၊ စီးပွားရေးနဲ့ နိုင်ငံရေးလေ့လာသူတွေရဲ့ တုံ့ပြန်ချက်တွေကို RFA သတင်းထောက် မဝေမာထွန်း စုစည်းတင်ပြထားပါတယ်။
……………………………………………
ဥရောပသမဂ္ဂ EU ကိုယ်စားလှယ်အဖွဲ့ရဲ့ ၄ ရက်ကြာ ခရီးစဉ်အတွင်း ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့တာပါ။
အဲဒီကြေညာချက်ထဲမှာ ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးသွားတဲ့ ဒုက္ခသည်တွေ ဂုဏ်သိက္ခာ ရှိရှိနဲ့ နေရပ်ပြန်နိုင်ရေးအတွက် ဆောင်ရွက်ပေးဖို့ မြန်မာအစိုးရအဖွဲ့ဝင်ဝန်ကြီးတွေနဲ့ ဆွေးနွေးခွင့်ရခဲ့ကြောင်း၊ ပြစ်မှုကျူးလွန်ခဲ့တယ်လို့ သံသယရှိသူတိုင်းကို စုံစမ်းစစ်ဆေးဖို့နဲ့ တရားစွဲဆိုနိုင်ရေးအတွက် နိုင်ငံတကာက ကြိုးပမ်းဆောင်ရွက်နေမှုတွေကို အစိုးရက ပူးပေါင်းဆောင်ရွက်ဖို့လိုကြောင်း ဆွေးနွေးဖြစ်ခဲ့တယ်လို့ ပြောထား ပါတယ်။
EU ရဲ့ ထောက်ပြချက်တွေအပေါ် မြန်မာနိုင်ငံဘက်က လိုက်နာဆောင်ရွက်မှု အနေအထားပေါ်မူတည်ပြီး ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်က မြန်မာနိုင်ငံကို ပေးထားခဲ့တဲ့ ကုန်သွယ်မှုအထူးအခွင့်အရေး GSP ကို ပြန်လည်ရုပ်သိမ်း၊ မသိမ်း ဆိုတာကို ဆုံးဖြတ်သွားမှာဖြစ်တယ်လို့ ကြေညာထားပါတယ်။
နိုင်ငံတကာရဲ့ စိုးရိမ်ချက်တွေအပေါ် မြန်မာအစိုးရရဲ့ ပူးပေါင်းဆောင်ရွက်မှု မအောင်မြင်ရင် GSP ရုပ်သိမ်းရေးဟာ အချိန်မရွေးလုပ်ဆောင်မယ့် ခြေလှမ်းတရပ်ဖြစ်တယ်လို့ သတိပေးထားပါတယ်။
EU ရဲ့ ကြေညာချက်အတိုင်းဆိုရင် ကုန်သွယ်မှုအထူးအခွင့်အရေး ပြန်ရုပ်သိမ်းခံရမလားဆိုတာ စိုးရိမ်နေရ ဆဲဖြစ်ကြောင်း စီးပွားရေးပညာရှင် ဦးလှမောင်က ပြောပါတယ်။
"အခြေအနေက စိုးရိမ်စရာရှိတယ်။ GSP ရုပ်သိမ်းဖို့ ဖြစ်ရခြင်းရဲ့ မူလအကြောင်းတရားကို ဒီက ကောင်းကောင်း မဖြေရှင်းနိုင်ဘူး။ မြန်မာပြည် ရိုဟင်ဂျာအရေးကို မီဒီယာနဲ့ ကမ္ဘာကိုဖြန့်နေတာ။ သူတို့ဖြန့်နေတာတွေက မဟုတ်ဘူးဆိုတာကို မီဒီယာကို မီဒီယာနဲ့ ပြန်တိုက်ရမယ့် အခြေအနေဖြစ်နေတယ်။ မြဝတီ ရုပ်မြင်သံကြားကနေ ARSA ရဲ့ အကြမ်းဖက်မှုတွေကို ပြနေတာရှိတယ်။ အဲဒါကို ကမ္ဘာထဲကို ရောက်အောင်ပြနိုင်ရမယ်"
အတင်းအဓမ္မ လုပ်အားခိုင်းစေမှုနဲ့ ပတ်သက်ပြီး အီးယူရဲ့ စိုးရိမ်ချက်တွေထဲမှာ မြန်မာနိုင်ငံအတွင်းက လက်နက်ကိုင် အဖွဲ့အစည်းတွေမှာ ကလေးစစ်သား အသုံးပြုနေတာတွေ၊ လွတ်လပ်တဲ့ သမဂ္ဂဖွဲ့စည်းခွင် မရှိတာတွေနဲ့ လွတ်လပ် စွာစုဝေးခွင့် မရှိတာတွေကို ပါဝင်တယ်လို့ ပြောပါတယ်။
အီးယူရဲ့ စိုးရိမ်ချက်တွေနဲ့ပတ်သက်ပြီး လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့က ဦးမောင်မောင်လေးက မေးကြည့်ပါတယ်။ ဒီနှစ်ပိုင်းအတွင်း ကလေးစစ်သား စုဆောင်းခံရမှုနဲ့ ပတ်သက်ပြီး သူတို့အဖွဲ့ထံ လာရောက် ချိတ်ဆက် ဆောင်ရွက်ကြသူတွေရှိနေဆဲဖြစ်တယ်လို့ ပြောပါတယ်။
"အစိုးရစစ်တပ်ကနေ စုဆောင်းတဲ့ကလေးတွေ သူတို့မိဘတွေက ရောက်လာတာတွေရှိပါတယ်။ ဒေသအနေနဲ့ ပြောရမယ်ဆိုရင် ဒီနှစ်ထဲမှာ ပုသိမ်ဘက်မှာရှိမယ်။ ရှမ်းပြည် ဟဲဟိုးဘက်မှာ တစ်မှုစ၊ နှစ်မှုစရှိမယ်။ နောက်တစ်ခါ မကွေးတိုင်းမှာ ကလေးစစ်သား စုဆောင်းမှုတွေရှိမယ်။ တိုင်းရင်းသား လက်နက်ကိုင်တွေဘက်က ကလေးစစ်သား စုဆောင်းတာတွေက ကချင်နဲ့ ရှမ်းပြည်ဘက်တွေမှာ တွေ့ရတယ်"
မြန်မာပြည်ခရီးစဉ်အတွင်း အီးယူူကိုယ်စားလှယ်အဖွဲ့ဟာ အစိုးရအဖွဲ့ဝင်ဝန်ကြီးတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေ၊ အလုပ်သမားအဖွဲ့အစည်းတွေ၊ အလုပ်သမားတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။
လုပ်ငန်းရှင်တွေက ဥရောပသမဂ္ဂက မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှု ပြန်လည်စတင်လိုက်မယ်ဆိုရင် အလုပ်သမား ၅ သိန်းကျော်ရှိတဲ့ အထည်ချုပ်လုပ်ငန်းတွေ ထိခိုက်နိုင်ပြီး အဲဒီအလုပ်သမားတွေရဲ့ မိသားစုတွေနဲ့ ပါဆိုရင် လူဦးရေ ၂ သန်းလောက် ထိခိုက်နိုင်တယ်လို့ တင်ပြခဲ့ကြပါတယ်။
အီးယူရဲ့ အရေးယူမှုဟာ လက်တွေ့ကျဖို့ အရေးယူမှုဖြစ်ဖို့လိုအပ်ကြောင်း အလုပ်သမားသမဂ္ဂများ ပူးပေါင်းဆောင် ရွက်ရေး ကော်မတီ အထွေထွေအတွင်းရေးမှူး ဦးရဲနိုင်ဝင်း က ပြောပါတယ်။
"စစ်တပ်နဲ့ အနွယ်ဝင်တွေ ပိုင်ဆိုင်တာတွေ ထိန်းချုပ်တာ ဥပမာ MEC တို့ ဦးပိုင်တို့ ကုမ္ပဏီကြီးတွေရဲ့ နိုင်ငံ တကာ ကုန်သွယ်ရေးတွေမှာ လက်ဝါးကြီးအုပ်ထားတာ၊ ဥပမာ ဓါတ်ဆီလို လုပ်ငန်းတွေ၊ ဆီရောင်းဝယ်ရေး လုပ်ငန်းတွေမှာ လက်ဝါးကြီး အုပ်ထားတာတွေကို ပစ်မှတ်ထားလုပ်တာဆိုရင်တော့ ဖြစ်နိုင်တယ်"
အီးယူကုန်သွယ်ရေး ကော်မရှင်နာမင်းကြီး Cecilia Malmstrom ကတော့ အခု အီးယူကိုယ်စားလှယ်အဖွဲ့က မြန်မာခရီးစဉ်အတွင်း ထောက်ပြခဲ့တဲ့ ဆိုးဝါးလှတဲ့ လူ့အခွင့်အရေးကိစ္စတွေကို အစိုးရအနေနဲ့ ကိုင်တွယ်ဖြေရှင်းဖို့ မျှော်လင့်ကြောင်းနဲ့ ဖြေရှင်းဖို့ပျက်ကွက်ခဲ့ရင် တိုင်းပြည်စီးပွားရေးနဲ့ လူမှုဖွံ့ဖြိုးရေးအတွက် အရေးပါတဲ့ လွတ်လပ်စွာ ကုန်သွယ်ခွင့် ပိတ်သိမ်းခံရတာဟာ မြန်မာအာဏာပိုင်တွေရဲ့ တာဝန်သာဖြစ်တယ်လို့ ပြောပါတယ်။
ပြည်သူ့ပါတီရဲ့ ဦးဆောင်ကော်မတီဝင် ဦးမင်းဇေယျာက အီးယူအနေနဲ့ လူ့အခွင့်အရေး ဆောင်ရွက်တဲ့အခါ ဘက်မလိုက်ဘဲ ဆောင်ရွက်ဖို့နဲ့ ပိတ်ဆို့မှုတွေဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီကို အညွှန်ချိုးသလိုဖြစ်အောင် မဖြစ်ဖို့လိုတယ်လို့ ပြောပါတယ်။
"လူ့အခွင့်အရေးကို ကာကွယ်ဖို့လုပ်ရင်းနဲ့ လူ့အခွင့်အရေးကို ဘက်လိုက်သလို ဖြစ်သွားမှာ စိုးရိမ်တယ်။ နုနယ်လှတဲ့ ဒီမိုကရေစီကာလမှာ ဒီမိုကရေစီကို အညွန့်ချိုးသလိုဖြစ်မှာကို စိတ်ပူတယ်"
ကက်သလစ်ခရစ်ယာန်ဂိုဏ်းချုပ် ဘုန်းတော်ကြီး ကာဒီနယ်လ် ချားလ်မောင်ဘိုက မြန်မာနိုင်ငံဟာ စစ်တပ်အုပ်ချုပ် မှုအောက်မှာ နှစ်ပေါင်း ၆ဝ လောက်ကျရောက်ခဲ့တဲ့အတွက် တိုင်းပြည်ညီညွတ်ရေး ပြန်လည်တည်ဆောက် ရတာဟာ ခက်ခဲကြောင်း၊ အနောက်နိုင်ငံတွေဟာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရရဲ့ ဒီမိုကရေစီနိုင်ငံ ထူထောင်ရေးအတွက် ပင်ပင်ပန်းပန်း ကြိုးစားနေမှုကို ထည့်သွင်းတွက်ချက်ခြင်း မပြုကြကြောင်း၊ အီးယူအနေနဲ့ ကုန်သွယ်ရေးအရ ပိတ်ဆို့အရေးယူမယ်ဆိုရင် ဆင်းရဲသားအလုပ်သမားတွေ ဒုက္ခရောက်မှာဖြစ်တာမို့ ကန့်ကွက်ကြောင်း ပြောထားပါတယ်ရှင်။