လွှတ်တော်မှာ နေရာပိုရနိုင်ဖို့ တိုင်းရင်းသားပါတီများ ပြင်ဆင်နေ

ဝေမာထွန်း
2020.05.22

တိုင်းရင်းသားတွေတောင်းဆိုကြတဲ့ ဗဟိုချုပ်ကိုင်မှု လျော့ကျစေရေး၊ ဖက်ဒရယ်ပြည်ထောင်စုစနစ် တည်ဆောက် ရေးတို့အတွက် ပြည်နယ်အဆင့်အပြင် ပြည်ထောင်စုအဆင့်လွှတ်တော်တွေမှာပါ တိုင်းရင်းသားပါတီတွေက ကိုယ်စားလှယ်တွေ အများစု ပါဝင်နိုင်ဖို့ လိုအပ်နေပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာ တစ်ပါတီတည်းက မဲအပြတ်အသတ်အောင်နိုင်လို့ လွှတ်တော်တွေထဲ အဲဒီပါတီက ကိုယ်စားလှယ်တွေပဲ အများစု ရောက်လာဦးမယ်ဆိုရင် လွှတ်တော်က ဆုံးဖြတ်ဆောင်ရွက်မယ့်အရာတိုင်းဟာ အနိုင်ရပါတီရဲ့ သဘောအတိုင်းသာဖြစ်နေဦးမှာပါ။

ဒီလိုအခြေအနေမှာ လွှတ်တော်နဲ့အစိုးရဟာ တစ်ပါတီထဲကသူတွေဖြစ်လို့ အစိုးရကို လွှတ်တော်က ပီပီပြင်ပြင် ထိန်းကြောင်းနိုင်ဖို့လည်း အခက်တွေ့နေဦးမှာ ဖြစ်ပါတယ်။

ဒီအခင်းအကျင်းကို ပြီးခဲ့တဲ့ ၂၀၁၀ နဲ့ ၂၀၁၅ အထွေထွေရွေးကောက်ပွဲပြီးနောက်ပိုင်း လွှတ်တော်သက်တမ်း နှစ်ခုစလုံးမှာ ကြုံတွေ့ခဲ့ပြီးပါပြီ။

ပြီးခဲ့တဲ့ လွှတ်တော်အစည်းအဝေးတွေမှာ ဘတ်ဂျက်နဲ့ ပတ်သက်လို့ ထောက်ပြဆွေးနွေးတာ၊ ဒေသဖွံ့ဖြိုးရေး ကိစ္စနဲ့ ပတ်သက်လို့ တင်ပြတာနဲ့  အခြေခံဥပဒေ ပြင်ဆင်ရေးမှာ တိုင်းရင်းသား ပါတီတွေရဲ့ လိုလားချက်တွေကို တင်ပြတဲ့အခါ မဲအရေအတွက် နည်းပါးမှုကြောင့် အရာ မရောက်ခဲ့တာတွေ အများအပြားရှိပါတယ်။

ရှုံးနှိမ့်မှုတွေထဲမှာ နိုင်ငံတော်သမ္မတကသာ ဝန်ကြီးချုပ်တွေကို တိုက်ရိုက်ခန့်အပ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၆၁ (ခ) ကို ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ မဲပေးရွေးချယ်မှုနဲ့ ခန့်အပ်နိုင်ရေး ပြောင်းလဲပြင်ဆင်ပေးဖို့ တင်ပြချက် မအောင်မြင်ခဲ့တာလည်း ပါဝင်ခဲ့ပါတယ်။

ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ USDP အစိုးရခေတ်နဲ့ အာဏာရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကြီးစိုးတဲ့ကာလ လွှတ်တော်တွေကနေ အခွင့်အရေးဆုံးရှုံးတဲ့ သင်ခန်းစာရခဲ့ပြီးပြီလို့ မြေပုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက ပြောပါတယ်။

“ကိုယ့်တိုင်းရင်းသား အချင်းချင်းရနိုင်အောင် ကြိုးစားဖို့ လိုတယ်။ တဖက်က တောင်ပြိုကမ်းပြိုနိုင်တဲ့ ပုံစံမျိုးဆိုရင် ကျွန်တော်တို့က ဒီအတိုင်းပဲ အခွင့်အရေးဆုံးရှုံးနေဦးမှာပဲ။ USDP ခေတ်တုန်းကလည်း ပထမအကြိမ် လွှတ်တော်မှာလည်း အဲလိုပဲဆုံးရှုံးခဲ့တယ်။ NLD လွှတ်တော်ကျတော့လည်း အနိုင်ကျင့်သလို ကျွန်တော်တို့ ခံစားခဲ့ရတယ်။ တဖက်ပါတီတွေက တိုင်းရင်းသားပါတီတွေရဲ့ အားကိုယူပြီး အစိုးရဖွဲ့နိုင်မယ့် အနေအထားမျိုးရောက်မှ ကျွန်တော်တို့ရဲ့ ဆန္ဒတွေ ရယူသွားနိုင်မယ်”


သူဟာ ရခိုင်အမျိုးသားပါတီ ANP က ကိုယ်စားလှယ်ပါ။ ရခိုင်ပြည်နယ်မှာတော့ ပြည်မ ပါတီတွေရဲ့ လွှမ်းမိုးမှုက မရှိသလောက်ဖြစ်နေတဲ့အတွက် တိုင်းရင်းသားပါတီတွေသာ အနိုင်ရလိမ့်မယ်လို့ သူက တထစ်ချယုံကြည်ထားပါတယ်။

လက်နက်ကိုင်ပဋိပက္ခရှိနေပေမယ့် မြို့နယ်တိုင်းသာ ရွေးကောက်ပွဲသာကျင်းပဖြစ်မယ် ဆိုရင် ရခိုင်ပြည်နယ် မြောက်ပိုင်း ကိုးမြို့နယ်ကို ANP က အနိုင်ရဖို့ ယုံကြည်ချက်ရှိပြီး ပြည်နယ်တွင်း တခြား မြို့နယ်တွေမှာလည်း တခြားသော ရခိုင်တိုင်းရင်းသား ပါတီတွေနဲ့ ညှိနှိုင်းဆောင်ရွက်ဖို့ ANP က အစီအစဉ်ရှိတယ်လို့ ပြောပါတယ်။

ANP ဟာ ပြီးခဲ့တဲ့ ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာလည်း ပြည်နယ်လွှတ်တော်အပါအဝင် ပြည်သူ့ လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်တွေမှာ ရခိုင်ပြည်နယ်အတွက် နေရာအများစု အနိုင်ရခဲ့ပြီး အနည်းအကျဉ်းကိုတော့ ကြံ့ခိုင်ရေးပါတီကို ပေးခဲ့ရပါတယ်။

NLD အားသာခဲ့တဲ့ မွန်ပြည်နယ်၊ ကချင်ပြည်နယ်တွေမှာတော့ ဒေသခံတွေက ရွေးကောက်ပွဲအောင်နိုင်ရေး လှုပ်ရှားမှုအနေနဲ့ ကွဲပြားနေတဲ့ တိုင်းရင်းသားပါတီတွေကို ပူးပေါင်းပြီး တစ်ပါတီတည်းဖြစ်ရေး လုပ်ဆောင် ပြီးပါပြီ။

ကချင်ပြည်နယ် ဒီမိုကရေစီပါတီ၊ ကချင်ဒီမိုကရက်တစ်ပါတီနဲ့ ကချင်ပြည်နယ် စည်းလုံးညီညွှတ်ရေးနဲ့ ဒီမိုကရေစီပါတီတွေကို ပူးပေါင်းပြီး ကချင်ပြည်နယ် ပြည်သူ့ပါတီကို ဖွဲ့စည်းခဲ့ပါတယ်။

ပေါင်းလိုက်တဲ့ ပါတီသစ်ရဲ့ ဥက္ကဋ္ဌ ဒေါက်တာမနာမ်တူးဂျာက ၂၀၂၀ ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် ယုံကြည်ချက် ရှိနေတယ်လို့ ပြောပါတယ်။

“ကိုယ့်သားသမီးတွေ ဖွဲ့စည်းတဲ့ပါတီ၊ ကိုယ့်ဒေသမှာ ဖွဲ့စည်းတဲ့ပါတီကို ဝိုင်းဝန်းမဲပေးကြပါ။ ကျွန်တော်တို့ ပါတီက မဲမနိုင်စရာ အကြောင်းမရှိဘူးလို့ ကျွန်တော်မြင်ပါတယ်။ အဓိကတော့ ရွေးကောက်ပွဲ ကော်မရှင်က လွတ်လပ် တရားမျှတတဲ့ ရွေးကောက်ပွဲကျင်းပပေးဖို့၊ ပြည်သူလူထုလည်း သေချာစဉ်းစားပြီး မဲပေးကြဖို့။ မဲတစ်ပြားဟာ အကျိုးရှိတဲ့ မဲတစ်ပြားဖြစ်ပါစေ၊ အပြုသဘောဆောင်တဲ့ မဲတစ်ပြားဖြစ်ပါစေ”

ကချင်ပါတီတွေကို ပူးပေါင်းလိုက်တယ်ဆိုပေမယ့် ကချင်ပြည်နယ်မှာ ဒေသခံပါတီတွေဖြစ်တဲ့ ဒီမိုကရေ စီပါတီသစ် (ကချင်)၊ ကချင်အမျိုးသားကွန်ကရက်ပါတီ၊ ကချင်အမျိုးသားပါတီ ၃ ခုက သီးသန့်စီ ရှိနေပါ သေးတယ်။

ဒေါက်တာမနာမ်တူးဂျာတို့ ပူးပေါင်းပါတီရဲ့ အဓိက ယှဉ်ပြိုင်ဘက်ကတော့ ပါတီကြီးတွေဖြစ်တဲ့ USDP နဲ့ NLD သာ ဖြစ်တယ်လို့ ပြောပါတယ်။  ကိုယ်စားလှယ်လောင်းတွေအဖြစ်  ဒေသခံ ဖြစ်သူတွေ၊ အသက်မကြီးလွန်း မငယ်လွန်းသူတွေထဲက ကြိုတင် ရွေးချယ်ထားပြီး အမျိုးသမီးနဲ့ လူငယ်ပါဝင်မှုကိုလည်း ထည့်သွင်းထားတယ်လို့ ပြောပါတယ်။

မွန်ပြည်နယ်မှာလည်း မွန်အမျိုးသားပါတီနဲ့ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ၂ ခု ပူးပေါင်းပြီး မွန်ညီညွတ်ရေး ပါတီကို တည်ထောင်ထားပါတယ်။ တခြားမွန်ပါတီအနေနဲ့ကတော့ အမျိုးသမီးပါတီ (မွန်) သာ ရှိပါတော့တယ်။

မွန်ပြည်နယ်မှာ  ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် မဟာမိတ်ပါတီတွေနဲ့ ညှိနှိုင်းဆောင်ရွက်သွားမယ်လို့  မွန်ညီညွတ်ရေးပါတီရဲ့ ဗဟိုအလုပ်မှုဆောင်ကော်မတီဝင် နိုင်စိုးမြင့် က ပြောပါတယ်။

“တိုင်းရင်းသားပါတီတွေ ပြတ်ပြတ်သားသားနိုင်ဖို့တော့ လိုအပ်တယ်။ အတတ်နိုင်ဆုံးတော့ ကြိုးစားတာပေါ့။ မွန်ပြည်နယ်က တခြားသောပြည်နယ်တွေ ၊ ရခိုင်တွေနဲ့ မတူတာလည်းရှိတယ်။ ဥပမာ - ကျိုက်ထိုတို့ ဘီးလင်းတို့မှာ မွန်တွေက အနည်းစုပဲရှိတယ်။ ၂၀၂၀မှာ NLD အနိုင် မရရေး အတွက် ကြိုးစားမှာပေါ့လေ။ မွန်တစ်ခုတည်း ကြိုးစားလို့ မရရင် မိတ်ဖက်အဖွဲ့အစည်းတွေအနေနဲ့ တိုင်ပင်ပြီး ကြိုးစားမယ်။ ကိုကိုကြီးတို့ ပါတီ UNA ပါတီတွေ ၊ ဒေးဗစ်လှမြင့်တို့ ဒါတွေနဲ့ပေါ့”

ပြီးခဲ့တဲ့ ရွေးကောက်ပွဲ အခင်းအကျင်းမှာတော့ ရှမ်းပြည်နယ်မှာ အားကောင်းတဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်က ရွေးကောက်ခံကိုယ်စားလှယ် ၁၀၇ ဦး ရှိတဲ့   ပြည်နယ်လွှတ်တော်မှာ  ၂၈ နေရာ ရခဲ့ပါတယ်။ ကျန်တဲ့ တိုင်းရင်းသားမျိုးနွယ်စုပါတီတွေ ၂၃ နေရာ ရတာ တွေ့ရမှာပါ။

ပြည်ထောင်စုအဆင့်မှာတော့ SNLD ဟာ အမျိုးသားလွှတ်တော်မှာ ၁၂ နေရာအနက် သုံးနေရာရခဲ့ပြီး ပြည်သူ့ လွှတ်တော်က နေရာ ၉၀ ကျော်မှာ နေရာ ၂၀ နီးပါးရခဲ့ပါတယ်။

SNLD နဲ့ ယှဉ်ပြိုင်ဘက် ရှမ်းပါတီဖြစ်တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီကလည်း ပြည်သူ့လွှတ်တော် မှာ ၁၅ နေရာ နီးပါး ရခဲ့ပါတယ်။

လာမယ့်ရွေးကောက်ပွဲမှာ ရလဒ်က အပြောင်းအလဲ သိပ်မရှိနိုင်ဘူးလို့ SNLD ပါတီရဲ့ ရှမ်းပြည်နယ်၊ မိုင်းရှုးမြို့နယ်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် စိုင်းလင်းမြတ်က ပြောပါတယ်။

“၂၀၂၀ မှာလည်း သိပ်ပြီးတော့ ကြီးကြီးမားမား ပြောင်းလဲသွားမယ့် အခြေအနေမျိုးတော့ မရှိလောက်ဘူးလို့ ကျွန်တော်ထင်တယ်။ လက်ရှိအနိုင်ရရှိထားတဲ့ မြို့နယ်နေရာတွေထက် ပိုပြီးတော့ ၂၀၂၀ မှာ ရရှိနိုင်ဖို့ ကြိုးပမ်းနေတာလည်းရှိတယ်၊ ရရှိမယ်လို့လည်း ယုံကြည်တယ်။ တနေ့ကျရင် ကိုယ်လိုချင်တဲ့ ပန်းတိုင်တော့ အပြည့်အဝ ဖြစ်လာမယ်လို့တော့ ယုံတယ်။ ငြိမ်းချမ်းရေး ဖြစ်စဉ်ကနေ ဖြစ်လာနိုင်စရာတွေလည်း မျှော်မှန်း ရတာရှိတယ်”


တိုင်းရင်းသားပါတီတွေ ရွေးကောက်ပွဲနိုင်ကြမယ်ဆိုရင်တောင် လွှတ်တော်ထဲမှာ အချင်းချင်းပူးပေါင်းဆောင် ရွက်နိုင်ဖို့ လိုမယ်လို့ တိုင်းရင်းသား အရေးလေ့လာသူ ဦးသန်းစိုးနိုင်က ပြောပါတယ်။

“၂၀၁၅ နဲ့ စာလို့ရှိရင် တိုင်းရင်းသားတွေရဲ့ ပါဝင်မှု အချိုးအစားက ပိုပြီး ကောင်းလာနိုင်ချေရှိတယ်။ ဒါပေမဲ့ အခြေအနေတစ်ခုလုံး ပြောင်းသွားနိုင်ဖို့က တိုင်းရင်းသားအင်အားစု အချင်းချင်းက ပေါင်းစည်းနိုင်မှ။ အဲလို ပေါင်းစည်းနိုင်မယ်ဆိုရင်တော့ ဘာပဲဖြစ်ဖြစ် သူတို့အနေနဲ့ အဆိုတင်တာတွေ ဘာတွေကို လုပ်နိုင်မယ်။ ပြည်နယ်တစ်ခုချင်းရဲ့ အကျိုးစီးပွားတွေကို ပေါင်းစည်းဖို့ဆိုတာက တော်တော်တော့ခက်ခဲတဲ့ကိစ္စ”


၂၀၁၄ သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံမှာ လူဦးရေ ၅၂ သန်းဝန်းကျင်ရှိပြီး တိုင်းရင်းသား လူမျိုးပေါင်း ၁၃၅ မျိုး နေထိုင်ပါတယ်။

အဲဒီထဲမှာ ဗမာတိုင်းရင်းသားက အများစုဖြစ်ပြီး တခြားတိုင်းရင်းသားတွေက ၃၀ ရာခိုင်နှုန်းကျော်ရှိတယ်လို့ ခန့်မှန်းပါတယ်။ တိုင်းရင်းသား လူမျိုးနွယ်စုအလိုက် လူဦးရေ သန်းခေါင်စာရင်း ထုတ်ပြန်နိုင်ဖို့ အစိုးရက စီစဉ်ဆောင်ရွက်နေပေမယ့် လက်ရှိ အချိန်အထိ မထုတ်ပြန်နိုင်သေးပါဘူး။

လူဦးရေအချိုးအစားအရ နည်းပါးတဲ့ တိုင်းရင်းသားတွေအနေနဲ့ မိမိတို့လိုလားချက်တွေကို လွှတ်တော်တွင်းကနေ အကောင်အထည်ဖော်ရေးနိုင်ရေးဆောင်ရွက်ရာမှာ တိုင်းရင်းသားအရေး ပြောမယ့် တိုင်းရင်းသားပါတီတွေ လွှတ်တော်ထဲ များများရောက်လာဖို့ လိုပါတယ်။

တဖက်မှာလည်း တိုင်းရင်းသားပါတီတွေဘက်က ပြည်သူတွေက တိုင်းရင်းသားပါတီတွေအပေါ် ယုံကြည်မှု တိုးလာအောင် တည်ဆောက်ဖို့ လိုအပ်နေကြောင်း တင်ပြလိုက်ရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။