တိုင်းရင်းသားနယ်တွေမှာ တိုက်ပွဲတွေပိုများလာ

RFA Burmese
2023.05.11
တိုင်းရင်းသားနယ်တွေမှာ တိုက်ပွဲတွေပိုများလာ ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) တပ်ဖွဲ့ဝင်တချို့အား တွေ့ရစဉ်။
Karenni Nationalities Defense Force - KNDF BO1

၂၀၂၃ ဖေဖော်ဝါရီ ၁ ရက်ကစလို့ စစ်ကောင်စီသက်တမ်းထပ်တိုးပြီး သိပ်မကြာခင်မှာပဲ ချင်း၊ ကချင်၊ ရှမ်း၊ ကယားနဲ့ ကရင်ပြည်နယ်တို့က ခုခံဆန့်ကျင်မှုတွေကို လေကြောင်းရော၊ လက်နက်ကြီးတွေနဲ့ပါ အင်အားသုံးအရှိန်မြှင့်ပြီး စစ်ကောင်စီတပ်က ထိုးစစ်ဆင်နေတယ် လို့ တိုင်းရင်းသားလက်နက်ကိုင်တွေ က ပြောပါတယ်။

ကယားပြည်နယ်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်းမှာ စစ်ဘေးဒုက္ခသည်တွေရဲ့ နေရာတွေတောင် မရှောင်ဘဲ တိုက်လာတယ်လို့ ကရင်နီစစ်ဘက်ရေးရာ ဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့ ပြောခွင့်ရသူ ခူးညေးရယ် က ပြောပါတယ်။

“ဒီနှစ်ထဲမှာတော့ သူတို့တပ်တွေ အင်အားဖြည့်လာတာတွေ့ရတယ်။ နောက်ပြီးတော့ လေကြောင်း ပစ်ခတ်မှုကလည်း ပိုပြီးတော့မှ တိုးမြှင့်လာတာရှိတယ်။ နောက် လက်နက်ကြီးနဲ့ အရပ်သားကို ထုတာကလည်း အဲ့ဒီ လူထုတွေ၊ စစ်ဘေးရှောင်တွေ နေတဲ့နေရာမျိုးတွေမှာ သူတို့က ပစ်မှတ်ထားပြီးတော့မှ ပစ်ခတ်နေတာမျိုးတွေရှိတယ်။ လေကြောင်းနဲ့ ဗုံးကြဲတာတို့၊ စက်သေနတ်တွေနဲ့ပစ်တာမျိုးတွေက ပိုပြီးစိပ်လာတယ်။ တိုက်ပွဲတွေ ပြင်းထန်လာတာကတော့ အခုထိပေါ့ဗျာ”

ကရင်နီပြည်နယ်က စစ်ဘက်ရေးရာအဖွဲ့တွေရဲ့ မှတ်တမ်းအရ အာဏာသိမ်းပြီးချိန်ကနေ ၂၀၂၂ ခု၊ နှစ်ကုန်ပိုင်း အထိ နှစ်နှစ်အတွင်း ကယားပြည်နယ်မှာ လေကြောင်းတိုက်ခိုက်မှုနဲ့ တိုက်ပွဲပေါင်း အကြိမ် ၇၀၀ လောက်ဖြစ်ခဲ့တာ တွေ့ရပါတယ်။ ဒါပေမဲ့ အခု ၂၀၂၃ ပထမ လေးလအတွင်းမှာတင် ၃၂၆ ကြိမ်ဖြစ်ခဲ့ပါတယ်။

တစ်ဖက်မှာလည်း ကရင်နီတပ်မတော် (KA) နဲ့ PDF တွေ ဒေသတွင်းမှာ အင်အားကောင်း လာပြီး နေပြည်တော် လုံခြုံရေးစိုးရိမ်လို့ စစ်ကောင်စီတပ်က ပြင်းပြင်းထန်ထန် နှိမ်နင်းနေ ပုံရတယ်လို့ ခူးညေးရယ်က သုံးသပ်ပါတယ်။

"လေကြောင်းနဲ့ ဗုံးကြဲတာတို့၊ စက်သေနတ်တွေနဲ့ပစ်တာမျိုးတွေက ပိုပြီးစိပ်လာတယ်။ တိုက်ပွဲတွေ ပြင်းထန်လာတာကတော့ အခုထိပေါ့ဗျာ”

ကချင်ပြည်နယ်မှာလည်း ပြီးခဲ့တဲ့နှစ်ကထက် ဒီနှစ်ထဲမှာ ပိုပြင်းတိုက်ပွဲတွေ ပြင်းထန်လာ တယ်လို့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ က ပြောပါတယ်။

“ သူက ရွေးကောက်ပွဲလုပ်ချင်တာ၊ ဒါပေမဲ့ အခြေအနေကမဟန်ဘူး။ ဒါကြောင့် သူက စစ်ရေးနဲ့ ဖြေရှင်းချင်တဲ့ ဆန္ဒတွေရှိလာတယ်လို့ ကျွန်တော် ထင်တယ်။ နောက် သူ့ရဲ့ စစ်အာဏာရှင်စနစ်ကို ပြန်ပြီး ဆုပ်ကိုင်နိုင်ဖို့အတွက်၊ ပြန်ပြီးအဓွန့်ရှည်ဖို့အတွက် စစ်ရေးနဲ့ဖိပြီးမှ အုပ်ချုပ်ချင်တဲ့ဆန္ဒရှိနေလို့ အခုလိုမျိုး တိုင်းရင်းသားနယ်မြေတွေ အထူးသဖြင့် သူက စုပေါင်းစစ်ဆင်ရေးကို ဆောင်ရွက်နေတယ်လို့ ကျွန်တော် မြင်တယ်”

KIA ရဲ့ စာရင်းတွေအရ စစ်တပ်အာဏာသိမ်းပြီးနောက် ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းမှာ စစ်ကောင်စီတပ်နဲ့ KIA အကြား တိုက်ပွဲပေါင်း တစ်ထောင် ကျော် ဖြစ်ခဲ့ပါတယ်။ အဲဒီထဲက တိုက်ပွဲ ၂၀၀ နီးပါးဟာ အခု ၂၀၂၃ နှစ်ဆန်းပိုင်းမှာ ဖြစ်ခဲ့ တာပါ။ တိုက်ပွဲကြောင့် ထိခိုက်သေဆုံးမှုတွေကို စစ်ကောင်စီဘက် ကရော KIA ဘက်ကပါ ထုတ်မပြောပါဘူး။

ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တပ်ဖွဲ့ဝင်အချို့အား တွေ့ရစဉ်။ (ဓာတ်ပုံ - ကချင်လွတ်မြောက်ရေးတပ်မတော် (KIA))
ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တပ်ဖွဲ့ဝင်အချို့အား တွေ့ရစဉ်။ (ဓာတ်ပုံ - ကချင်လွတ်မြောက်ရေးတပ်မတော် (KIA))

အလားတူ ကရင်ပြည်နယ်အတွင်းမှာလည်း အာဏာသိမ်းပြီးနောက် တိုက်ပွဲပေါင်း ၉၀၀၀ ကျော်ဖြစ်ခဲ့တယ်လို့ KNU ဗဟိုရဲ့ အချက်အလက်တွေအရ သိရပါတယ်။

၂၀၂၂ ခုနှစ်အတွင်း တစ်လကို တိုက်ပွဲ ၂၀၀ နဲ့ ၃၀၀ ကြားဖြစ်ခဲ့ပေမယ့် ၂၀၂၃ ခုနှစ် ဇန်နဝါရီလကစလို့  တစ်လကို တိုက်ပွဲ ၄၀၀ ကျော် ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

ကရင်အမျိုးသားအစည်းအရုံး (KNU) ဟာ PDF တွေကို စစ်ရေးအကူအညီပေးတဲ့အပြင် လက်နက် ကိုင်ခုခံမှုမှာ အပြည့်အဝပူးပေါင်းနေတဲ့အတွက် စစ်ကောင်စီက ပစ်မှတ်ထား နှိမ်နင်းလာတာလို့ KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီး က ပြောပါတယ်။
 
“ကျွန်တော်တို့ကိုပြန်ပြီး သဲမဲပြီးထိုးစစ်ဆင်နေတာ ဘယ်လိုမှကိုငြင်းလို့မရတဲ့အချက်ပဲ။ အဲ့ဒါကြောင့် စစ်ရေးအရရော၊ နိုင်ငံရေးတိုက်ပွဲအရရော စီးပွားရေးပိတ်ဆို့မှုတွေရော အကုန်လုံး ကျွန်တော်တို့ စုစည်းပြီးတော့ သူတို့ လုံးဝတရားဝင်အာဏာမရရေးအတွက် အစွမ်းကုန်လုပ်ဆောင်နေတဲ့အခါမှာ ကျွန်တော်တို့ ကို ပြန်ပြီးတော့ မဲတာဟာ ဒါမဆန်းဘူး”

ချင်းပြည်နယ်က ဝိတိုရီယတောင်ကို ခြေကုပ်ယူထားတဲ့ ချင်းအမျိုးသားတပ်ဦး CNF ကလည်း ချင်းပြည်နယ်အတွင်း လက်နက်ကိုင်ခုခံမှုတွေမှာ ဦးဆောင်နေပါတယ်။ ဒါကြောင့် ချင်းပြည်နယ်က (၈) မြို့နယ်ကို စစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြေညာ ထားပါတယ်။

ချင်းဒေသကာကွယ်ရေးတပ်များပူးပေါင်းကော်မတီ (CJDC) ရဲ့ စာရင်းတွေအရ စစ်အာဏာသိမ်းပြီးချိန် ကနေ ဒီနှစ် ဖေဖော်ဝါရီလကုန်အထိ ချင်းပြည်နယ်မှာ တိုက်ပွဲပေါင်း အကြိမ် ၁၀၅၀ ဖြစ်ခဲ့ပါတယ်။

ချင်းအမျိုးသားတပ်ဦး CNF တပ်ဖွဲ့ဝင်များ စစ်ရေးပြနေစဉ်။ (Photo: Chin National Front - Headquarters)
ချင်းအမျိုးသားတပ်ဦး CNF တပ်ဖွဲ့ဝင်များ စစ်ရေးပြနေစဉ်။ (Photo: Chin National Front - Headquarters)

တိုင်းရင်းသားပြည်နယ်တွေမှာ စစ်ရေးအရှိန်မြှင့်တက်လာတာနဲ့ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က အကြိမ်ကြိမ် ဖုန်းခေါ်ခဲ့ပေမယ့် လက်ခံဖြေ ဆိုခြင်းမရှိပါဘူး။

စစ်တပ်အရာရှိဟောင်းတွေနဲ့ ဖွဲ့ထားတဲ့ သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့ အမှုဆောင်ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦး ကတော့ PDF တွေနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေရဲ့ ပေါင်းစည်းမှုကို လက်ခံရင် ကိုယ့်လည်ပင်းကိုယ် ကြိုးကွင်းစွပ် ရာရောက်လိမ့်မယ်လို့ RFA ကို ပြောပါတယ်။

“တိုင်းရင်းသားတွေကတော့ NCA လမ်းကြောင်း ဖော်ဆောင်ထားပြီးသားဖြစ်တယ်။ PDF ကတော့ မဲမသမာမှုဆိုတဲ့ကိစ္စကပျောက်သွားပြီးတော့ တပ်က အာဏာထိန်းလို့ ဖြစ်ရပါတယ်ဆိုတဲ့ ခေါင်းစဉ် အောက်ကသွားတဲ့ခါကျတော့ ဘုံရန်သူကို တိုက်ရ မယ်ဆိုတဲ့ ဦးတည်ချက်အောက်မှာ သွားဆုံတဲ့အခါ လက်ရှိတာဝန်ယူထားတဲ့ နစကအနေနဲ့ ဒါမျိုးကို ဘယ်လိုမှ လက်ခံနိုင်စရာအကြောင်းမရှိဘူး။ အဲ့ဒါကြောင့်မို့ အထူးသဖြင့် တိုင်းရင်းသားလက်နက်ကိုင်တွေက PDF နဲ့ သွားပေါင်းတယ်ဆိုတာကို ဘယ်လိုမှလက်မခံနိုင်တဲ့ အတွက် နယ်မြေတည်ငြိမ်အေးချမ်းရေး နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးတွေ လုပ်လာရတာပါပဲ”

PDF တွေကို ကူညီနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို ပြင်းပြင်းထန်ထန် အရေးယူမယ်လို့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မတ်လ ၂၇ ရက် တပ်မတော်နေ့မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုထားပါတယ်။

အဲဒီနောက် စစ်ကောင်စီဟာ အခုဘဏ္ဍာနှစ်အတွက် ကာကွယ်ရေးဘတ်ဂျက်ကို မနှစ်ကထက် မြန်မာငွေကျပ် ၁၉၃၁ ဘီလီယံအထိ တိုးမြှင့်ထားပါတယ်။

တော်လှန်ရေးအင်အားစုတွေကို အမြစ်ပြတ်ချေမှုန်းမယ်ဆိုတဲ့ စစ်ကောင်စီရဲ့ ဆုံးဖြတ်ချက်နဲ့ NUG အစိုးရရဲ့ စစ်ရေးချိန်ခွင်လျှာပြောင်းလဲရေးဆိုတဲ့ နှစ်ဖက်လုံးက စစ်ရေးအရှိန်မြှင့်မယ့်ဆောင်ရွက်ချက်ကြောင့် တိုက်ပွဲတွေများလာတာလို့ နိုင်ငံရေး လေ့လာသူ ဦးသန်းစိုးနိုင် က သုံးသပ်ပါတယ်။

“စစ်ကောင်စီဘက်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို PDF ကို အကူအညီပေးလို့ရှိရင် အပြတ်တိုက်မယ်ဆိုတဲ့ သဘောထားမျိုးဖော်ထုတ်လာတယ်။ နောက်ပြီးတော့ NUG နဲ့ PDF တွေကို လည်း အပြတ်အသတ်ချေမှုန်းပစ်မယ်လို့ တပ်မတော်နေ့မှာ ကြွေးကြော်ကြုံးဝါးထားပါတယ်။ တစ်ချိန်တည်းမှာ NUG ဦးဆောင်တဲ့ PDF တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေကလည်း ဒီနှစ်ဟာ စစ်ရေးချိန်ခွင်လျှာ ပြောင်းလဲဖို့အတွက် အဆုံးအဖြတ်ပေးမယ့်နှစ်အဖြစ် ကြွေးကြော်ပြီးတော့ အပြင်းအထန်တိုက်ပွဲဝင်သွားမယ်လို့ ဆုံးဖြတ်တဲ့အခါမှာ အဲ့ဒီဆုံးဖြတ်ချက်နှစ်ရပ် ထိပ်တိုက်တွေ့ပြီးတော့ ဒီကနေ့ မြန်မာပြည်အနှံ့အပြားမှာ ဒီနွေဦးတော်လှန်ရေးရဲ့ မီးတောက်မီးလျှံတွေ ပျံ့နှံ့နေတာဖြစ်တယ် လို့ ကျွန်တော်တို့ သုံးသပ်ပါတယ်”

ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးရုံး (UN OCHA) ရဲ့ မေလ ၆ ရက် ထုတ်ပြန်ချက်အရ နိုင်ငံတစ်ဝန်းမှာ အိုးအိမ်စွန့်ခွာထွက်ပြေးရတဲ့ စစ်ဘေးဒုက္ခသည် တစ်သန်း ရှစ်သိန်းကျော် ရှိနေပြီး အဲဒီအထဲက တစ်သန်းခွဲဟာ စစ်တပ်အာဏာသိမ်းပြီး နောက်ပိုင်း အသစ်တိုးလာတဲ့ ဒုက္ခသည်တွေ ဖြစ်ပါတယ်။

အခု ၂၀၂၃ ခုနှစ်မှာ နိုင်ငံတစ်ဝန်းက လူဦးရေ ၁၇ သန်းကျော်ဟာ လူသားချင်းစာနာမှု အကူအညီတွေ အရေးပေါ်လိုအပ်လိမ့်မယ်လို့လည်း (UN OCHA) က ကြိုတင်ခန့်မှန်း ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။