မြို့နယ်တချို့ ရွေးကောက်ပွဲပျက်လို့ မဲပေးခွင့်ဆုံးရှုံးသူ ၁၃ သိန်းကျော်ရှိ
နိုဝင်ဘာလ ၈ ရက်နေ့ ကျင်းပမယ့် ရွေးကောက်ပွဲမှာ ရခိုင်နဲ့ရှမ်းပြည်နယ်မှာ တစ်မြို့နယ်လုံး ရွေးကောက်ပွဲ မကျင်းပတော့မယ့် မြို့နယ် ၁၅ မြို့နယ်နဲ့ ကချင်၊ ကရင်၊ မွန်၊ ပဲခူးတိုင်းတို့က ဖျက်သိမ်းလိုက်တဲ့ ရပ်ကွက်ကျေးရွာအုပ်စု ၅၀၀ ကျော်တို့မှာ မဲပေးခွင့်ဆုံးရှုံးသွားသူ ၁၃သိန်းကျော် ရှိနေပါတယ်။
-
ဖြူဖြူခိုင်၊ ဝေယံမိုးမြင့်၊ သီဟထွန်း
2020-10-19 -
-
-
နိုဝင်ဘာလ ၈ ရက်နေ့ ကျင်းပမယ့် ရွေးကောက်ပွဲမှာ ရခိုင်နဲ့ရှမ်းပြည်နယ်မှာ တစ်မြို့နယ်လုံး ရွေးကောက်ပွဲ မကျင်းပတော့မယ့် မြို့နယ် ၁၅ မြို့နယ်နဲ့ ကချင်၊ ကရင်၊ မွန်၊ ပဲခူးတိုင်းတို့က ဖျက်သိမ်းလိုက်တဲ့ ရပ်ကွက် ကျေးရွာအုပ်စု ၅၀၀ ကျော်တို့မှာ မဲပေးခွင့်ဆုံးရှုံးသွားသူ ၁၃သိန်းကျော် ရှိနေပါတယ်။
ရွေးကောက်ပွဲ ဖျက်သိမ်းလိုက်တဲ့အထဲမှာ တိုက်ပွဲမဖြစ်တဲ့ တည်ငြိမ်အေးချမ်းမှုရှိတဲ့ နေရာတွေလည်း ပါနေတဲ့အတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ဆုံးဖြတ်ချက်အပေါ် ဝေဖန်နေကြပါတယ်။
လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပဖို့ အခြေအနေမရှိဘူးဆိုပြီး ၂၀၂၀ ရွေးကောက်ပွဲ ဖျက်သိမ်းလိုက်တဲ့ မဲဆန္ဒနယ်တွေဟာ ၂၀၁၅ ရွေးကောက်ပွဲကထက် တစ်မြို့နယ်လုံးအတိုင်းအတာနဲ့ ရွေးကောက်ပွဲမကျင်းပနိုင်တဲ့ မြို့နယ် ရှစ်မြို့နယ်နဲ့ ရပ်ကွက်ကျေးရွာအုပ်စု ၁၀၀ ကျော် တိုးလာပါတယ်။
ရခိုင်ပြည်နယ်က မြို့နယ် ကိုးမြို့နယ်နဲ့ ရှမ်းပြည်နယ်က မြို့နယ် ခြောက်မြို့နယ်အပြင် ကချင်၊ ကရင်၊ မွန်၊ ပဲခူးတိုင်းတို့က ရပ်ကွက်ကျေးရွာအုပ်စု ၅၀၀ ကျော်မှာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မကျင်းပနိုင်တော့တဲ့ အတွက် မဲဆန္ဒရှင် ၁၃ သိန်းကျော် မဲပေးခွင့် ဆုံးရှုံးသွားပါတယ်။
၂၀၁၅ ခုနှစ်က ရှမ်းပြည်နယ်မှာ မြို့နယ် ခုနှစ်မြို့နယ်နဲ့ ကချင်၊ ကရင်၊ ပဲခူး၊ မွန်၊ ရှမ်းပြည်နယ်က ရပ်ကွက် ကျေးရွာအုပ်စု ၄၀၀ ကျော်မှာသာ ရွေးကောက်ပွဲ ဖျက်သိမ်းခဲ့တာပါ။
အခုဖျက်သိမ်းလိုက်တဲ့အထဲမှာ ရှမ်းပြည်နယ်အတွင်း “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲက ပန်ဆန်း၊ နားဖန်း၊ မိုင်းမော၊ ပန်ဝိုင်နဲ့ အထူးဒေသက မိုင်းလားမြို့နယ်တို့ ပါဝင်ပြီး အဲဒီ ငါးမြို့နယ်ဟာ အစဉ်အဆက် ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့တဲ့ နေရာတွေပါ။ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ထုတ်ထားတဲ့ ကိုယ်စားလှယ်လောင်း စာရင်းတွေအရလည်း အဲဒီမြို့နယ် ငါးခုမှာ ကိုယ်စားလှယ်လောင်းလျှောက်ထားသူ မရှိတာ တွေ့ရပါတယ်။
အခု ၂၀၂၀ ရွေးကောက်ပွဲမှာတော့ အဲဒီ ငါးမြို့နယ်အပြင် မိုင်းကိုင်မြို့နယ်ပါ ထပ်တိုးပါဝင်လာတာဖြစ်ပါတယ်။ မိုင်းကိုင်မြို့နယ်မှာ ပြည်သူ့လွှတ်တော်ကနေ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ကိုယ်စားပြု ဝင်ပြိုင်တဲ့ ကိုယ်စားလှယ်လောင်း စိုင်းဆိုင်မိုင်းက တိုင်းရင်းသားအခွင့်အရေးနဲ့ တိုင်းရင်းသားအသံတွေ လွှတ်တော်ထဲမှာ လျော့နည်းပပျောက်သွားတာပဲလို့ ပြောပါတယ်။
“မထင်မှတ်ဘဲ ဒီလိုဖြစ်သွားတော့ အားလုံးက စိတ်မကောင်းဘူး။ အထူးသဖြင့် တိုင်းရင်းသားမဲဆန္ဒရှင်တွေက အခွင့်အရေးဆုံးရှုံးတဲ့ အခြေအနေဖြစ်နေပြီဗျ။ သူတို့ စိတ်မကောင်းဘူးပေါ့ဗျာ။ ခွဲခြားဆက်ဆံခံရသလို ဖြစ်သွားတာပေါ့။ ဒီမိုကရေစီခေတ်ကြီးမှာ ပါလီမန်လွှတ်တော်ရှိနေတဲ့အနေအထားမှာ ကိုယ့်ဒေသက အထွေထွေရွေးကောက်ပွဲမှာ ပါဝင်ခွင့်မရဘူး၊ မဲပေးပိုင်ခွင့် ဆုံးရှုံးတော့မယ့် အနေအထားဖြစ်တယ်၊ လွှတ်တော်ကိုယ်စားလှယ် ဆိုတာလည်း ဖြစ်မလာနိုင်တော့ဘူး။ သူတို့ကို ကိုယ်စားပြုမယ့် ကိုယ်စားလှယ် တစ်ယောက်အနေနဲ့ ဥပဒေကြောင်းအရ ပြောပေးပိုင်ခွင့် ဆုံးရှုံးတာပေါ့ဗျာ။ နဂိုကတည်းကမှ ဖွံ့ဖြိုးတိုးတက်မှု နိမ့်ကျနေတဲ့ဒေသတွေမှာ ကိုယ်စားလှယ် ထပ်ဖြုတ်လိုက်ရင် ဒီလိုမဲပေးပိုင်ခွင့် ဆုံးရှုံးရမယ့် အနေအထားဖြစ်တယ်ဆိုရင် ဒါခွဲခြားဆက်ဆံတာပဲ၊ သာတူညီမျှဆိုတာ ဖြစ်မလာနိုင်ဘူး။ တန်းတူညီမျှမှု အခွင့်အရေးဆိုတာလည်း ဖြစ်မလာနိုင်ဘူး။ ပြောပြောနေတဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကို သွားမယ်ဆိုတာ ဖြစ်လာနိုင်စရာ အကြောင်းမရှိတော့ဘူး။ ဆိုတော့ ငြိမ်းချမ်းရေးဆိုတာ ဝေးသေးပေါ့နော်။”
စိုင်းဆိုင်မိုင်းဟာ လက်ရှိ မိုင်းကိုင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လည်း ဖြစ်ပါတယ်။
ရှမ်း၊ ပအိုဝ်း၊ ပလောင် တိုင်းရင်းသားအများစု နေထိုင်တဲ့ လူဦးရေ ရှစ်သောင်းဝန်းကျင်၊ မဲပေးပိုင်ခွင့်ရှိသူ ငါးသောင်းကျော်ရှိတဲ့ မိုင်းကိုင်မြို့နယ်ဟာ ၂၀၁၅ ရွေးကောက်ပွဲမှာ SNLD ပါတီက ပြည်သူ့လွှတ်တော်နဲ့ ပြည်နယ်လွှတ်တော် နှစ်နေရာတို့မှာ အနိုင်ရခဲ့တဲ့ နေရာတွေပါ။
မိုင်းကိုင်မြို့နယ်ဟာ တိုက်ပွဲမရှိဘဲ နယ်မြေတည်ငြိမ်အေးချမ်းတဲ့ မဲဆန္ဒနယ်ဖြစ်ပြီး ဒီလိုနေရာမျိုးတွေမှာ ရွေးကောက်ပွဲ ရုပ်သိမ်းလိုက်တာကို အံ့သြမိပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အပေါ် မေးခွန်းထုတ်စရာ ဖြစ်နေတယ်လို့ စိုင်းဆိုင်မိုင်းက ပြောပါတယ်။
ရှမ်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှုး ဦးဇော်မြင့်ဝင်းက ၂၀၂၀ ရွေးကောက်ပွဲမှာ ထင်မှတ်မထားတဲ့နေရာတွေ ဖျက်သိမ်းလိုက်တာလို့ ပြောပါတယ်။
“အောက်ခြေမှာတော့ ကျင်းပဖို့လုပ်ထားပြီးသား မဲရုံတွေလည်းလုပ်ထားပြီးသား ဒါကိုအထက်ဌာနက UEC က သက်ဆိုင်ရာ ဝန်ကြီးဌာနတွေနဲ့ ပြည်ထဲရေးတို့ ကာကွယ်ရေးတို့နဲ့ ဘယ်လိုညှိလုပ်ကြတယ်မသိဘူး အထက်က ညွှန်ကြားချက်ထွက်လာတာ။ မိုင်းကိုင်တစ်ခုပဲ အရေးကြီးတယ် အောက်ခြေမှာ ဘာမှမဖြစ်ဘူး နယ်မြေစည်းရုံးရေးလည်း သွားနေတယ် ကျင်းပဖို့လည်း လုပ်ထားပြီးသား။”
မိုင်းကိုင်မြို့နယ်လိုပဲ ရခိုင်ပြည်နယ်က ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ ကျောက်တော်၊ မင်းပြား၊ မြေပုံနဲ့ မြောက်ဦးမြို့နယ်တွေဟာ ၂၀၁၅ခုနှစ်က ရွေးကောက်ပွဲ ကျင်းပနိုင်ခဲ့တဲ့ မြို့နယ်တွေ ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်မှာ ရွေးကောက်ပွဲ ဖျက်သိမ်းလိုက်တဲ့ နေရာတွေထဲက ပေါက်တောမြို့နယ်ဟာ မိုင်းကိုင်မြို့နယ်လိုပဲ နယ်မြေအေးချမ်းတဲ့ နေရာဖြစ်ပါတယ်။ ပေါက်တောမြို့နယ်ဟာ ရွေးကောက်ပွဲ ကျင်းပမယ်လို့ ကြေညာထားတဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်လောက် လုံခြုံရေးစိုးရိမ်ရတဲ့ အခြေအနေ မရှိဘူးလို့ ထောက်ပြဝေဖန်နေကြပါတယ်။
“မဖျက်သိမ်းသင့်ဘူး ပေါက်တောမြို့နယ်မှာ အေးအေးချမ်းချမ်းနဲ့ ကျွန်း သုံးကျွန်းလုံးလျှောက်ပြီး သွားနေတာပဲ ဘယ်သူမှ နှောင့်ယှက်တာလဲမရှိဘူး။ ဖျက်သိမ်းလိုက်ဆိုတာ တွေးလို့ကိုမရဘူး ပေါက်တောမြို့နယ် ပြည်သူတွေကလည်း ဖျက်သိမ်းမယ်လို့ မထင်ဘူး မယူဆထားကြဘူး။”
ရွေးကောက်ပွဲ ဖျက်သိမ်းလိုက်တဲ့ ပေါက်တောမြို့နယ်မှာ ရခိုင်အမျိုးသားပါတီ ကိုယ်စားပြုပြီး ပြည်နယ် လွှတ်တော်မှာ ဝင်ပြိုင်မယ့် ကိုယ်စားလောင်း ဦးထွန်းသိန်း ပြောသွားတာပါ။ မြို့နယ် ၁၇ မြို့နယ်ရှိတဲ့ ရခိုင်ပြည်နယ်မှာ ကိုးမြို့နယ်က ရွေးကောက်ပွဲ ကျင်းပခွင့် မရှိတော့တာကြောင့် မဲပေးပိုင်ခွင့်ရှိသူ ၁၆ သိန်းကျော်ရှိတဲ့အထဲက ၁၂သိန်းကျော် မဲပေးခွင့် ဆုံးရှုံးသွားတယ်လို့ ရခိုင်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးသူရိန်ထွဋ် က ပြောပါတယ်။
ပေါက်တောမြို့နယ်မှာ ရွေးကောက်ပွဲ ဖျက်သိမ်းလိုက်တာကို ပေါက်တောမြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးစောထွန်းစိန်လည်း အံ့သြနေပါတယ်။
“ပေါက်တောမြို့နယ် တစ်မြို့နယ်လုံးက ဘာတိုက်ပွဲမှဖြစ်တာ မရှိဘူး ကျင်းပမယ်ဆို ကျင်းပလို့ရတယ်။ ဘာအကြောင်းရယ်လို့တော့ ခန့်မှန်းလို့မရဘူး ပေါက်တောပါမယ်ထင်တာ မပါဘူးဆိုတော့ အံ့သြမိတယ်။”
တစ်မြို့နယ်လုံးအတိုင်းအတာနဲ့ ရွေးကောက်ပွဲ ဖျက်သိမ်းလိုက်တာမဟုတ်ဘဲ ရပ်ကွက်ကျေးရွာအုပ်စု တချို့ ဖျက်သိမ်းခံလိုက်ရတဲ့အထဲမှာ ရှမ်းပြည်နယ်နဲ့ ကချင်ပြည်နယ်တို့က နယ်မြေတည်ငြိမ်တဲ့ နေရာတွေလည်း ပါဝင်နေတယ်လို့ ပြောကြပါတယ်။
နမ့်ဆန်မြို့နယ် ကျောက်ဖြူလေး ကျေးရွာအုပ်စုမှာ မဲပေးခွင့်ရှိသူ တစ်ထောင်နီးပါးရှိပြီး နယ်မြေမှာ ငြိမ်းချမ်းနေပေမယ့် ဖျက်သိမ်းခံလိုက်ရတဲ့အတွက် မဲပေးခွင့် ဆုံးရှုံးသွားရလို့ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစောလှိုင်က စိတ်မကောင်းဖြစ်နေပါတယ်။
“ဘာမှမရှိဘူး။ ကျနော်တို့ဘက်မှာ နယ်မြေမငြိမ်းချမ်းလို့၊ နယ်မြေမကောင်းလို့ တာဝန်မယူနိုင်လို့ အဲကိစ္စတွေလည်း ဘာမှမရှိဘူး။ အဖွဲ့အစည်းတွေကလည်း ကန့်ကွက်တာမရှိဘူး။ ဘာကြောင့်ဆိုတာ စဉ်းစားလို့မရဘူး။ ငါးရွာ မဲပေးရမယ့်လူပေါင်းက ကျားမ စုစုပေါင်း ၈၈၉ ရှိတယ်။ ရွေးကောက်ပွဲ ဖြစ်စေချင်တာပေါ့။ နယ်မြေမငြိမ်းချမ်းရင်တော့ တစ်မျိုးပေါ့ ဘာမှဖြစ်တာလည်း မဟုတ်ဘူး။ အခုက ဘာမှန်းကို မသိဘူး။”
ရှမ်းပြည်နယ်မှာ ၂၀၁၅ ခုနစ်က မူဆယ်၊ ကုန်းကြမ်း၊ မန်တုံ၊ မိုင်းခတ်၊ တန့်ယန်း၊ မိုင်းယန်း၊ မိုင်းယောင်း၊ မိုင်းတုံ၊ မက်မန်း၊ ဟိုပန် စတဲ့ မြို့နယ် ၁၀ခုက ကျေးရွာအုပ်စု ၁၀၆ စုမှာ ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့ပါဘူး။ ၂၀၂၀ မှာတော့ အဲဒီ ၁၀ မြို့နယ်အပြင် လားရှိုး၊ ကျောက်မဲ၊ ကွတ်ခိုင်၊ နမ့်ဆန်၊ နောင်ချို၊ ကွမ်းလုံ၊ မိုင်းဖြတ်စတဲ့ ခုနှစ်မြို့နယ် စုစုပေါင်း ၁၇ မြို့နယ်က ကျေးရွာအုပ်စု ၁၄၁ စုမှာ ရွေးကောက်ပွဲ မကျင်းပနိုင်တော့တာပါ။ ၂၀၂၀ မှာ တစ်စိတ်တစ်ပိုင်း ရွေးကောက်ပွဲ ဖျက်သိမ်းခံလိုက်ရတဲ့ ထပ်တိုး ကျေးရွာအုပ်စု ၃၅ စု နဲ့ မိုင်းကိုင်မြို့နယ်တို့မှာ မဲဆန္ဒရှင် တစ်သိန်းနီးပါး မဲပေးခွင့်ဆုံးရှုံးသွားတယ်လို့ ရှမ်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးထင်ကျော်က ပြောပါတယ်။
ကချင်ပြည်နယ်မှာတော့ ၂၀၁၅ ခုနှစ်က မြို့နယ် ၁၁ ခုက ကျေးရွာအုပ်စု ၂၁၁စုမှာ ရွေးကောက်ပွဲ မကျင်းပ ခဲ့ပေမယ့် ၂၀၂၀ မှာတော့ အဲဒီမြို့နယ် ၁၁ခုကပဲ ကျေးရွာအုပ်စု ၁၉၂ စုမှာ မကျင်းပနိုင်တော့တာပါ။ အရင်ကထက် ရွေးကောက်ပွဲမကျင်းပနိုင်တဲ့နေရာ လျော့သွားပေမယ့် အခု ဖျက်သိမ်းလိုက်တဲ့နေရာတွေထဲမှာ နယ်မြေ တည်ငြိမ်တဲ့ နေရာတွေပါဝင်နေတဲ့အပေါ် ဝေဖန်မှုတွေ ရှိနေပါတယ်။
“ကော်မရှင်က ကျနော်တို့ ဒေသခံပါတီတွေ၊ ဒေသက ပါတီခေါင်းဆောင်တွေနဲ့ သေသေချာချာ ဆွေးနွေး တိုင်ပင်ပြီးမှ တိုင်းရင်းသား ပြည်နယ်တွေက ရပ်ကျေးတွေမှာရှိတဲ့ ပြည်သူတွေရဲ့ မဲပေးပိုင်ခွင့်မဆုံးရှုံးအောင် အတူတကွ ပူးပေါင်းဆောင်ရွက်လို့ရပါတယ်။ ဒါပေမဲ့ အခု သူတို့ (ကော်မရှင်) က ဆွေးနွေးတိုင်ပင်ပြီး မလုပ်တော့ ရပ်ကျေးမှာရှိတဲ့ ဒေသခံပြည်သူတွေက မဲပေးခွင့်ဆုံးရှုံးရတာပေါ့။ ပြောမယ်ဆိုရင် ဒီနေရာတချို့က စပ်ကြားနယ်မြေတွေဖြစ်ပါတယ်။ တစ်ဘက်က ကေအိုင်အေ ထိန်းချုပ်တာနဲ့ ဒီဘက်က အစိုးရကလည်း ထိန်းချုပ်တယ်၊ အဲလိုမျိုး စပ်ကြားနယ်မြေတွေလည်း ရှိတာပေါ့။ ဒါပေမဲ့လည်း အေးအေးချမ်းချမ်းနဲ့ သွားသွားလာလာ ကောင်းကောင်းမွန်မွန်ရှိတဲ့ နယ်မြေတွေ အများကြီးပါတယ်။”
ဝိုင်းမော်မြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ် ၂ မှာ ယှဉ်ပြိုင်မယ့် ကချင်ပြည်နယ်ပြည်သူ့ပါတီက ကိုယ်စားလှယ်လောင်း ဦးလွမ်းဇောင်း ပြောသွားတာပါ။ ကော်မရှင်က ဖျက်သိမ်းလိုက်တဲ့ ဝိုင်းမော်မြို့နယ်က ကျေးရွာအုပ်စုတွေဟာ ဦးလွမ်းဇောင်း မဲဆန္ဒနယ်ထဲက အများစု ပါဝင်တယ်လို့ ဆိုပါတယ်။ ၂၀၁၅ ခုနစ်က ဝိုင်းမော်မြို့နယ်ထဲက ကျေးရွာအုပ်စု ၁၆စုမှာ ရွေးကောက်ပွဲမကျင်းပနိုင်ခဲ့ပါဘူး။ ၂၀၂၀ မှာတော့ ကျေးရွာအုပ်စု သုံးစု နည်းသွားပြီး ၁၃ စုမှာ ရွေးကောက်ပွဲ ဖျက်သိမ်းခံလိုက်ရတာပါ။
ကချင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ အတွင်းရေးမှူး ဦးထွန်းအောင်ခိုင်ကတော့ ဖျက်သိမ်းလိုက်တဲ့ အထဲက ကျေးရွာအုပ်စု အတော်များများဟာ မဲစာရင်းကောက်ယူနိုင်ခြင်းမရှိခဲ့တဲ့ နေရာတွေ ဖြစ်တယ်လို့ ပြောပါတယ်။
“ဘယ်သူ့ဘယ်သူမှ မဲပေးခွင့် မဆုံးရှုံးဘူး။ ဘာကြောင့်လဲ ဆိုတော့ အဲဒီနယ်မြေတွေက ကျေးရွာအုပ်စု ပျက်တွေပါတယ်။ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ကျေးရွာအုပ်စု စာရင်းထဲမှာ နာမည်ပဲရှိတော့တယ်။ မြေပြင်မှာ ရွာမရှိတော့ဘူး။ နောက်တစ်ခါ လက်နက်ကိုင်အဖွဲ့အစည်းတွေ ရှိနေတဲ့နေရာတွေပါတယ်။ နောက် တိုက်ပွဲတွေဖြစ်လို့ တိမ်းရှောင်နေရတဲ့ နေရာတွေပါတယ်။ တချို့ကတော့ လုံခြုံရေး ကန့်သတ်ချက် ဖြစ်နေတဲ့အတွက် သွားလို့မဖြစ်တဲ့နေရာတွေပါတယ်။ ဒါတွေကို နဂိုကတည်းက လူဦးရေစာရင်းတွေ ကောက်တယ်။ စီမံချက်တွေနဲ့ မဲစာရင်းတွေ ပြုစုတယ်ဆိုကတည်းက အဲဒီနေရာတွေက နဂိုကတည်းက သွားလို့မရတဲ့ နေရာတွေဖြစ်လို့ မကောက်ခဲ့ဘူး။ ၂၀၁၅ ကတည်းက အဲဒီနေရာတွေက အဲလို အနေအထားတွေဖြစ်တဲ့အတွက် ၂၀၂၀ မှာလည်း မကောက်နိုင်ခဲ့ဘူး။”
အချို့ကျေးရွာအုပ်စုတွေဟာ နာမည်အမည်ပေါက်သာရှိနေပြီး မြေပြင်မှာ လူမရှိတော့တဲ့ကျေးရွာတွေလို့ ဦးထွန်းအောင်ခိုင်က ပြောသွားတာဖြစ်ပါတယ်။
ကရင်ပြည်နယ်မှာတော့ ၂၀၁၅ ခုနှစ်က ဘားအံ၊ ကော့ကရိတ်၊ မြဝတီ၊ သံတောင်ကြီး၊ ဖာပွန်၊ လှိုင်းဘွဲ့၊ ကြာအင်းဆိပ်ကြီးစတဲ့ မြို့နယ် ခုနှစ်ခုက ကျေးရွာအုပ်စု ၉၄ စုမှာ ရွေးကောက်ပွဲမကျင်းပခဲ့ပေမယ့် ၂၀၂၀ မှာတော့ မကျင်းပမယ့် ကျေးရွာအုပ်စုတွေထဲမှာ လှိုင်းဘွဲ့မြို့နယ်က နေရာတွေမပါတော့ဘဲ ခြောက်မြို့နယ်က ကျေးရွာအုပ်စု ၅၃ စုပဲ ပါဝင်ပါတယ်။
မွန်ပြည်နယ်မှာ ၂၀၁၅ ခုနစ်ကလိုပဲ ဘီးလင်းမြို့နယ် ဘောနောခီး ကျေးရွာအုပ်စုဟာ ၂၀၂၀ မှာလည်း ရွေးကောက်ပွဲကျင်းပမှာ မဟုတ်ပါဘူး။ ပဲခူးတိုင်းမှာတော့ ၂၀၁၅ ခုနှစ်က ကျောက်ကြီးမြို့နယ်က ကျေးရွာအုပ်စု ၁၂ခုနဲ့ ရွှေကျင်မြို့နယ်က ကျေးရွာအုပ်စု ၂၉ မှာ မကျင်းပနိုင်ခဲ့ရာကနေ ၂၀၂၀ မှာတော့ ကျောက်ကြီးမြို့နယ်က ကျေးရွာအုပ်စု ၁၂ခုနဲ့ ရွှေကျင်မြို့နယ်က ကျေးရွာအုပ်စု တစ်စု ထပ်တိုးလာပြီး ကျေးရွာအုပ်စု ၃၀မှာ ရွေးကောက်ပွဲ မကျင်းပတော့ကြောင်း ကြေညာခဲ့ပါတယ်။
မဲဆန္ဒနယ်တစ်ခုလုံး ရွေးကောက်ပွဲ ဖျက်သိမ်းခံလိုက်ရတဲ့ ရခိုင်ပြည်နယ် မြို့နယ် ကိုးမြို့နယ်မှာ ပြည်သူ့လွှတ်တော် ကိုးနေရာ၊ အမျိုးသားလွှတ်တော် ခုနှစ်နေရာ၊ ပြည်နယ်လွှတ်တော် ၁၈နေရာအပြင် တောင်ကုတ်နဲ့ အမ်းက ပြည်နယ်လွှတ်တော် တစ်နေရာစီထပ်ပေါင်းရင် စုစုပေါင်း ၃၆ နေရာ လွှတ်တော်ထဲမှာ ကိုယ်စားပြုခွင့် ဆုံးရှုံးသွားပါတယ်။
ရှမ်းပြည်နယ်မှာ အရင်ရွေးကောက်ပွဲ အစဉ်အဆက် မကျင်းပခဲ့တဲ့ မြို့နယ် ငါးခုနဲ့ ထပ်တိုးလာတဲ့ မိုင်းကိုင်မြို့နယ်မှာတော့ ပြည်သူ့လွှတ်တော် တစ်နေရာနဲ့ ပြည်နယ်လွှတ်တော် နှစ်နေရာ ဆုံးရှုံးသွားပါတယ်။
ဒါဟာ ပြည်ထောင်စုလွှတ်တော်မှာ တိုင်းရင်းသားကိုယ်စားလှယ် အရေအတွက် ဆုံးရှုံးသွားတာဖြစ်ပြီး တိုင်းရင်းသားတွေအတွက် နစ်နာတယ်လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုရေစီအဖွဲ့ချုပ် SNLD တွဲဖက်အထွေထွေ အတွင်းရေးမှုး ဦးစိုင်းကျော်ညွန့်က ဝေဖန်ပါတယ်။
“၂၀၁၅ ရွေးကောက်ပွဲကို ပြန်ကြည့်ရင် နံပါတ်တစ်က NLD နှစ်က USDP သုံးနဲ့လေးမှာ ရခိုင်နဲ့ ရှမ်းရှိနေတယ် အဲဒါမှာ အခုရခိုင်ကို မကျင်းပလိုက်ဘူးဆိုရင် ပြည်ထောင်စုအဆင့်မှာ ရခိုင်အားနည်းသွားမယ် ရှမ်းမှာလဲ ခြောက်မြို့နယ်ဆိုတော့ ပြည်ထောင်စုအဆင့်မှာ နည်းသွားမယ် ပြည်ထောင်စုတင်မက ပြည်နယ်မှာလဲ နည်းသွားမယ်။ လက်နက်ကိုင်နည်းလမ်းအရ မတိုက်ချင်လို့ နိုင်ငံရေးနည်းလမ်းကို ဖော်ဆောင်နေတာ ဒါကို ပိတ်ပင်တယ် တားဆီးတယ် ဘက်မမျှအောင်လုပ်တယ်ဆိုရင် ရေရှည်မှာ ဗမာမဟုတ်တဲ့ တိုင်းရင်းသားတွေ အခြားနည်းလမ်းကို စဉ်းစားကြမှာ စိုးရိမ်တယ်။”
ရွေးကောက်ပွဲ ဖျက်သိမ်းလိုက်တဲ့ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်က နေရာအတော်များများဟာ အရင် ရွေးကောက်ပွဲမှာ အာဏာရပါတီ NLD ပါတီ အနိုင်မရခဲ့တဲ့ နယ်မြေတွေ ဖြစ်တာကြောင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဟာ ဘက်လိုက်ဆုံးဖြတ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေလည်း ရှိနေပါတယ်။
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ရခိုင်၊ ကချင်၊ ရှမ်း၊ ကချင်၊ ကရင်နဲ့ မွန်ပြည်နယ် အပါအဝင် ပဲခူးတိုင်းက မြို့နယ်ပေါင်း ၅၆ မြို့ နယ်မှာ ရွေးကောက်ပွဲ မကျင်းပတော့ဘူးလို့ ကြေညာခဲ့တာဟာ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးကို ထိခိုက်မှာကို စိုးရိမ်ရတဲ့အတွက် ပြန်လည်သုံးသပ်ပေးဖို့ အငြိမ်းစား ဗိုလ်ချုပ်ကြီး သူရဦးရွှေမန်းဦးဆောင်တဲ့ ပြည်ထောင်စုကောင်းကျိုဆောင်ပါတီ UBP က တိုက်တွန်းထားပါတယ်။
ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာ နန္ဒာလှမြင့်ကလည်း ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ဆုံးဖြတ်ချက်ဟာ ဘက်လိုက်တယ်လို့ ယူဆပြီး ပြန်လည်သုံးသပ်ပေးစေချင်ပါတယ်။
“ကျနော်တို့လည်း ပြန်လည်စဉ်းစားဖို့သင့်တယ်လို့ အကြံပြုချင်တယ်။ ဝေဖန်စရာတွေ ဒီလောက်များနေတာ ပုံမှန်အခြေအနေတော့ မဟုတ်ဘူးထင်တယ်။ UEC တစ်ခုခုတော့ လွဲမှားနေပုံရတယ်။ ပွင့်ပွင့်လင်းလင်း ပြောရင် ဒီလုပ်ရပ်က ဘက်လိုက်တဲ့ အခြေအနေမျိုးလို့ ယူဆလို့ရတယ်။ တခြားပါတီတွေ အားကောင်းတဲ့ နေရာတွေကို ဖျက်သိမ်းထားတာလေ။ ပြီးတော့ အကြောင်းတရားကလည်း ပုံသဏ္ဍာန်မမှန်ဘူးဖြစ်နေတာ။ ဒါကို ပြန်လည်စဉ်းစားပြီး ပြင်ဆင်သင့်တယ်လို့ ယူဆပါတယ်။”
ရွေးကောက်ပွဲကော်မရှင်ဟာ အာဏာရပါတီ NLD အပေါ် ဘက်လိုက်ရပ်တည်တယ်ဆိုတဲ့ ပြောဆိုချက်တွေကို NLD ပါတီ ဗဟိုပြန်ကြားရေးကော်မတီ အတွင်းရေးမှုး မုံရွာအောင်ရှင်က ငြင်းလိုက်ပါတယ်။
“အဲဒီစွပ်စွဲချက်ကို ကျနော်ကတော့ ပယ်ချပါတယ် ပါတီအနေနဲ့ UECကို ဖိအားမပေးဘူး UECကလည်း ပါတီကို ဦးစားမပေးပါဘူး အဲဒါတော့ ပြောရဲပါတယ်။ မနိုင်နိုင်လို့ ဒီလိုလုပ်တယ်ဆိုတာကို လက်မခံပါဘူး ရွေးကောက်ပွဲဆိုတာ အပြိုင်အဆိုင် ပြိုင်ကြတာပဲ ကျနော်တို့ ရှုံးတဲ့နေရာလဲရှိမယ် နိုင်တဲ့နေရာလဲရှိမယ် ၂၀၁၅ တုန်းက နိုင်ခဲ့ပေမယ့် အခု ၂၀၂၀ မှာ နိုင်ချင်မှလည်း နိုင်မယ်။”
တိုင်းရင်းသားအရေး၊ နိုင်ငံရေးလေ့လာသူ ဦးမောင်မောင်စိုးက ရွေးကောက်ပွဲကော်မရှင်ရဲ့ ဆုံးဖြတ်ချက်ဟာ မေးခွန်းထုတ်စရာတွေနဲ့ ဝေဖန်ပြစ်တင်စရာတွေ များနေတယ်လို့ သုံးသပ်ပါတယ်။
“ UEC ရဲ့ ဆုံးဖြတ်ချက်တွေက လုပ်နည်းကိုင်နည်းမှာတော့ အရင်ရွေးကော်နဲ့ကွာခြားတာ တစ်ခု ရှိတာကတော့ ၂၀၁၅ ရွေးကော်တုန်းက ရွေးကောက်ပွဲ ရွှေ့သင့်၊ မရွှေ့သင့်ဆိုတဲ့ ဆွေးနွေးမှုရှိတယ်။ သက်ဆိုင်ရာ နိုင်ငံရေးပါတီတွေ ဌာနအကြီးအကဲတွေ ဝန်ကြီးဌာနတွေအကုန်ဖိတ်ပြီး အလုပ်ရုံဆွေးနွေးပွဲ လုပ်ပြီး အဲဒီအပေါ်မှာ ရွှေ့သင့်၊ မရွှေ့သင့် ဆုံးဖြတ်တယ်။ ဆိုလိုတာက ကျယ်ကျယ်ပြန့်ပြန့် ပါဝင်တဲ့ သူတွေကို ခေါ်ယူဆွေးနွေးတာရှိတယ်။ လက်ရှိကော်မရှင်ကတော့ ရွေးကောက်ပွဲ ရွှေ့ဆိုင်းတာနဲ့ ပတ်သက်ပြီး သူ့ဘာသူပဲ ဆုံးဖြတ်တယ်။ ပြည်ထဲရေးနဲ့ တပ်မတော်က လုံခြုံရေးပေးတယ်ဆိုတဲ့ အကြောင်းပြချက်အောက်မှာ အဲအကြောင်းတော့ ပြတာပေါ့။ ဒါပေမဲ့ တိတိကျကျထုတ်ပြန်တယ်ဆိုတာ မတွေ့ရဘူး။ အဲအကြောင်းပြချက်နဲ့ သူတစ်ဦးချင်းဆုံးဖြတ်တဲ့အခါကျတော့ ကျန်တဲ့သူတွေရဲ့ အမြင်တွေကို ဖလှယ်တာ နားထောင်တာ မရှိတဲ့အတွက် ပြစ်တင်ဝေဖန်မှုတွေ ပိုများတယ်။”
သတင်းမီဒီယာတွေကို ဖုန်းနဲ့ ဖြေကြားလေ့မရှိတဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ RFA က အီးမေးလ်ကတဆင့် မေးခွန်းတွေပေးပို့ မေးမြန်းထားပေမယ့် ပြန်မဖြေပါဘူး။
ရွေးကောက်ပွဲကော်မရှင်အနေနဲ့ ဘာကြောင့် ဖျက်သိမ်းရတယ်၊ ဘယ်တော့ပြန်ကျင်းပနိုင်မယ် ဆိုတာမျိုးကို ဖြေရှင်းပြောဆိုဖို့ ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာရေးအဖွဲ့ဖြစ်တဲ့ ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့ PACE ရဲ့ အမှုဆောင်ဒါရိုက်တာ ကိုစိုင်းရဲကျော်စွာမြင့်က တိုက်တွန်းပါတယ်။
“အနိုင်အရှုံးထက်စာရင် ရွေးကောက်ပွဲဖြစ်စဉ်မှာ ဖျက်သိမ်းမှုကို ဒီထက်ပို ရှင်းရှင်းလင်းလင်း ပြောပြ ရှင်းပြစေချင်တယ် ဘာကြောင့်ဖျက်သိမ်းတယ် ဘယ်လိုအချိန်မျိုးမှာ ပြန်ကျင်းပနိုင်မယ်ဆိုတာကို မီဒီယာတွေကိုရော ရှင်းပြစေချင်တယ် အဲဒါမှလည်း ရွေးကောက်ပွဲဖြစ်စဉ်မှာ စိတ်ရှင်းရှင်းနဲ့ သွားနိုင်မယ်။”
လုံခြုံရေးအကြောင်းပြချက်နဲ့ ရွေးကောက်ပွဲမကျင်းပနိုင်တဲ့ နယ်မြေတွေ ကော်မရှင်က ထုတ်ပြန်ကြေညာ လိုက်တာနဲ့ပတ်သက်လို့ လုံခြုံရေးတာဝန်ရှိတဲ့ တပ်မတော်ရဲ့ သဘောထားတုံ့ပြန်ချက်လည်း လိုအပ်လာပါတယ်။ ဒါကြောင့် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဆက်သွယ်ပေမယ့် (ဒီနေ့ညနေ ၅နာရီခွဲအထိ) ဆက်သွယ်လို့ မရသေးပါဘူး။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲ ဖျက်သိမ်းလိုက်တဲ့ နယ်မြေစာရင်းအရ အရင်ကတည်းက ကိုယ်စားလှယ်မရှိခဲ့တဲ့ အထူးဒေသ ငါးမြို့နယ်ကို ဖယ်လိုက်ရင် ပြည်သူ့လွှတ်တော်မှာ ရခိုင်နဲ့ ရှမ်းပြည်နယ်က လွှတ်တော်ကိုယ်စားလှယ် ၁၀ ယောက် လျော့နည်းသွားမှာဖြစ်လို့ လက်ရှိ ပြည်သူ့လွှတ်တော်မှာ ကိုယ်စားလှယ် ၃၂၀ ရှိပေမယ့် လာမယ့် ၂၀၂၀ မှာတော့ ကိုယ်စားလှယ် ၃၁၀ သာ ရှိပါမယ်။
လက်ရှိ ကိုယ်စားလှယ် ၁၆၈ယောက်ရှိတဲ့ အမျိုးသားလွှတ်တော်မှာတော့ ရခိုင်ပြည်နယ်က အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ခုနှစ်ယောက် နေရာပျောက်သွားတဲ့အတွက် လာမယ့် ၂၀၂၀ လွှတ်တော်မှာ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၁၆၁ ယောက်ပဲ ရှိပါမယ်။ ပြည်ထောင်စုအဆင့်လွှတ်တော်မှာ ကိုယ်စားလှယ်စုစုပေါင်း ၁၇ယောက် လျော့နည်းသွားမှာပါ။
ရခိုင်နဲ့ ရှမ်းတို့မှာ မြို့နယ်လုံးကျွတ် ရွေးကောက်ပွဲ ဖျက်သိမ်းခံရလို့ လွှတ်တော်ကိုယ်စားလှယ် အရေအတွက် လျော့နည်းသွားပေမယ့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ၂၅ရာခိုင်နှုန်းသော တပ်မတော်သား ကိုယ်စားလှယ် ကတော့ အရေအတွက် မလျော့ဘဲ ပြည်သူ့လွှတ်တော်မှာ အယောက် ၁၁၀ နဲ့ အမျိုးသားလွှတ်တော်မှာ ၅၆ ယောက် ရှိမှာဖြစ်ပါတယ်။
ဒါနဲ့ပတ်သက်လို့ လွှတ်တော်စောင့်ကြည့်ရေး အဖွဲ့တစ်ခုဖြစ်တဲ့ ပွင့်လင်းမြန်မာ့ရှေ့ဆောင်က ဦးအေးကျော် က ရွေးကောက်ခံ အမတ်အရေအတွက် အလျော့အတင်းရှိပေမယ့် တပ်မတော်သားကိုယ်စားလှယ်အချို့ကတော့ အပြည့်ရှိနေတာ မဖြစ်သင့်ဘူးလို့ ဝေဖန်ပါတယ်။
“ကျနော်တို့လည်း တောက်လျောက်ပြောနေတာပဲ။ ၂၀၁၀ မှာကတည်းက မြို့နယ် ၃၃၀ လုံးမှာ ရွေးကောက်ပွဲ မလုပ်နိုင်ဘူး။ ၂၀၁၅ မှာလည်း အဲလိုပဲ။ ရွေးကောက်တင်မြှောက်ခံ လွှတ်တော် ကိုယ်စားလှယ်က ၃၃၀ ဘယ်တော့မှ မပြည့်ခဲ့ဘူး။ ဒါပေမဲ့ တပ်မတော်သား ကိုယ်စားလှယ်ကတော့ ပြည်သူမှာ ၁၁၀ အပြည့် ယူခဲ့တာပဲ။ ပြောချင်တာက လွှတ်တော်ထဲမှာ ရာခိုင်နှုန်းနဲ့ပြောမယ်ဆိုရင် တပ်မတော်သား ကိုယ်စားလှယ် ကတော့ ၂၅ ရာခိုင်နှုန်းအပြည့်ရှိပြီးတော့ ရွေးကောက်တင်မြှောက်ခံ လွှတ်တော်ကိုယ်စားလှယ်က ၇၅ ရာခိုင်နှုန်း ဘယ်တော့မှ မပြည့်ဘူး။ ဥပမာ မြို့နယ် ၃၃၀ မှာ ၃၀၀ ပဲ လုပ်နိုင်တယ်ဆိုရင် ၁၁၀ မှာ ဘယ်နှယောက်လဲပေါ့။ အဲလိုမရှိဘဲ သူ့ဘက်က ၁၁၀ အပြည့်ယူတာ တွေ့နေရတယ်။ ”
ပြည်နယ်လွှတ်တော်အမတ် ၃၅ ယောက် ရှိရမယ့် ရခိုင်ပြည်နယ်လွှတ်တော်မှာတော့ လာမယ့် ၂၀၂၀ မှာ အမတ် အယောက် ၂၀ နေရာပျောက်သွားမှာဖြစ်ပြီး ရွေးကောက်ခံအမတ် ၁၅ ယောက်သာ ရှိတော့မှာဖြစ်လို့ တပ်မတော်သားကိုယ်စားလှယ် ၅ ယောက်ပဲရှိမယ်လို့ လက်ရှိ ရခိုင်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးစံကျော်လှက ထောက်ပြပါတယ်။
“ရခိုင်ပြည်နယ်မှာ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်က ၁၄ ယောက် ရှိလာမယ်၊ အဲဒီမှာ တိုင်းရင်းသားရေးရာဝန်ကြီး ၁ ယောက်နဲ့ဆိုရင် ၁၅ ယောက်ဖြစ်မယ်၊ ၁၅ ယောက်ဖြစ်တဲ့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရွေးကောက်ခံကိုယ်စားလှယ်ရဲ့ သုံးပုံ တစ်ပုံဆိုတဲ့အတွက် တပ်မတော်သား ကိုယ်စားလှယ်က ၅ယောက်ပဲ ပါလာမယ်။ အဲဒါကြောင့် လာမယ့် ရခိုင်ပြည်နယ်လွှတ်တော်မှာ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်နဲ့ တပ်မတော်သားကိုယ်စားလှယ် ပေါင်းလိုက်ရင် ကိုယ်စားလှယ်စုစုပေါင်း ၂၀ ဖြစ်လာမယ်။”
လက်ရှိ ရှမ်းပြည်နယ်လွှတ်တော်မှာ ရွေးကောက်ပွဲ မကျင်းပခဲ့တဲ့ အထူးဒေသတွေက မြို့နယ် ၅ ခု ဖယ်လိုက်ရင် မြို့နယ် ၅၀ က ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် အယောက် ၁၀၀ နဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ၇ ယောက် စုစုပေါင်း ရွေးကောက်ခံကိုယ်စားလှယ် ၁၀၇ ယောက်နဲ့ တပ်မတော်သားကိုယ်စားလှယ် ၃၆ ယောက်ရှိပါတယ်။ ရှမ်းပြည်နယ် သီပေါမြို့နယ်မှာ နေထိုင်တဲ့ နိုင်ငံရေးလေ့လာသူ ဦးရဲထွန်းလည်း ရွေးကောက်ခံကိုယ်စားလှယ်တွေရဲ့ သုံးပုံတစ်ပုံကိုပဲ တပ်မတော်သားကိုယ်စားလှယ် လွှတ်မှာဖြစ်တယ်လို့ ပြောပါတယ်။
“အခြေခံဥပဒေအရကတော့ ရွေးကောက်ခံကိုယ်စားလှယ် သုံးပုံတစ်ပုံနဲ့ ညီမျှသောလို့ ပြောထားတာ။ ဆိုတော့ လျှော့ရမှာလေ။ ရွေးကောက်ပွဲ မလုပ်နိုင်ဘူး ဖျက်လိုက်တယ်ဆိုရင် အဲဒီနေရာအတွက် အချိုးကျလျှော့ပြီး ပို့ရမှာပေါ့။ ဆိုလိုတာက ရှမ်းပြည်နယ်မှာ စုစုပေါင်း ၅၅ မြို့နယ်မှာ ကိုယ်စားလှယ် ၁၀ ရယ်၊ တိုင်းရင်းသားရေးရာဝန်ကြီးတွေရယ်၊ ပေါင်းပြီးတော့မှ ရွေးကောက်ပွဲမလုပ်နိုင်တဲ့မြို့နယ်တွေ ဖယ်ပြီး ၃ နဲ့ စားပြီး တပ်က လွှတ်မှာပေါ့။”
၂၀၁၀ ရွေးကောက်ပွဲတုန်းက ရှမ်းပြည်နယ်က ပန်ဆန်း၊ နားဖန်း၊ ပန်ဝိုင်၊ မိုင်းမောတို့မှာသာ ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့တာဖြစ်ပြီး ၂၀၁၅ မှာလည်း ရှမ်းက မြို့နယ် ခုနှစ်ခုနဲ့ ကျေးရွာအုပ်စုအနည်းငယ်သာ ရှိခဲ့ရာကနေ ၂၀၂၀ အထွေထွေရွေးကောက်ပွဲဟာ ၂၀၁၀၊ ၂၀၁၅ ခုနစ်တွေကထက် ဖျက်သိမ်းရတဲ့ မဲဆန္ဒနယ်မြေအများဆုံး ရွေးကောက်ပွဲဖြစ်လာပါတယ်။
------------
(၂၀၂၀ ရွေးကောက်ပွဲဝင်မယ့် အထင်ကရ နိုင်ငံရေးပါတီတွေ၊ ရွေးကောက်ပွဲအကြောင်း သိကောင်းစရာ အချက် အလက်တွေနဲ့၊ ရွေးကောက်ပွဲဆိုင်ရာ သတင်းပေးပို့ချက်တွေ၊ ဗီဒီယိုတွေ၊ တွေ့ဆုံမေးမြန်းချက်တွေကို RFA ရွေးကောက်ပွဲအထူးအစီအစဉ် စာမျက်နှာမှာ တစုတစည်းတည်း လေ့လာကြည့်ရှုနိုင်ပါတယ်။)