ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ (UBP)

ဗိုလ်ချုပ်ကြီးဘဝကနေ နိုင်ငံရေးသမားဘဝကို ပြောင်းလာတဲ့ သူရဦးရွှေမန်း ဦးဆောင်ပြီး ၂၀၁၉ ခုနှစ်မှာ တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။ ပြည်ထောင်စုကောင်းကျိုးဆောင် ပါတီရဲ့ နိုင်ငံရေးကြွေးကြော်သံက “အမျိုးသားရေး” ဖြစ်ပြီး၊ ငြိမ်းချမ်းရေးနဲ့အမျိုးသားပြန်လည်သင့်မြတ်ရေးလို့လည်း ဆိုပါတယ်။


ပါတီဥက္ကဋ္ဌ - သူရဦးရွှေမန်း

စစ်တပ်မှာ အနှစ်လေးဆယ်နီးပါး စစ်မှုထမ်းခဲ့ပြီး၊ စစ်အစိုးရနှောင်းပိုင်းကာလမှာ တတိယအဆင့် သြဇာအာဏာရှိသူလို့ သတ်မှတ်ခံထားရသူ ဖြစ်ပါတယ်။ သူရဦးရွှေမန်းဟာ စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ ပုဂ္ဂိုလ်ရေးအရ နီးစပ်သူလည်း ဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ်ကနေ ၂၀၁၅ ခုနှစ် အတွင်း ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီရဲ့ ဒုတိယမြောက်ဥက္ကဋ္ဌ ဖြစ်ခဲ့သလို၊ ဦးသိန်းစိန် အစိုးရလက်ထက်မှာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ် တာဝန်ပေးအပ်ခံခဲ့ရပါတယ်။ နိုင်ငံရေးလောက ထဲရောက်လာပြီးနောက် ဒေါ်အောင်ဆန်းစုကြည်နဲ့နီးစပ်သူ ဖြစ်လာခဲ့ပြီး၊ ၂၀၁၅ ရွေးကောက်ပွဲမှာ အနိုင်မရခဲ့ပေမယ့် လွှတ်တော်မှာအရေးပါတဲ့ ဥပဒေကြမ်းပြင်ဆင်ရေးကော်မတီမှာ ဥက္ကဋ္ဌအဖြစ် တာဝန်ပေးအပ်ခံခဲ့ရပါတယ်။ နောက်ပိုင်းမှာတော့ သီးခြားနိုင်ငံ‌ရေးပါတီ တည်ထောင်ဖို့ ကော်မတီကနေ နှုတ်ထွက်ခဲ့ပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲမှာ သူဦးဆောင်တဲ့ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီက တစ်နိုင်ငံလုံးက မဲဆန္ဒနယ်ထက်ဝက်ကျော်မှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ပြင်ဆင်နေပေမယ့် သူကိုယ်တိုင်တော့ ရွေးကောက်ပွဲမဝင်တော့ဘူးလို့ ကြေညာထားပါတယ်။