တစ်လကြာလာတဲ့ ငလျင်ဘေး အကူအညီလိုအပ်မှု ကြီးမားနေဆဲ

အရင်က သဘာ၀ဘေးကြုံတိုင်း အင်အားအလုံးအရင်းနဲ့ ကူညီကယ်ဆယ်ရေးလုပ်လေ့ရှိတဲ့ မြန်မာစစ်တပ်ကတော့ လက်ရှိကြုံနေရတဲ့ ငလျင်ဘေးမှာ အရင်လိုအင်နဲ့ အားနဲ့ ပါဝင်မလာတာ တွေ့ရတယ်လို့ ကူညီကယ်ဆယ်ရေးလုပ်နေသူတွေက ပြောပါတယ်။

မန္တလေးကျုံးမြောက်ဘက်တွင် ပြောင်းရွှေ့နေထိုင်နေသည့် ငလျင်ဘေးဒုက္ခသည်များအား ၂၀၂၅ ခုနှစ် ဧပြီ ၇ ရက်တွင် တွေ့ရစဉ်။

မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ ငလျင်ဟာ ဧပြီလ ၂၈ ရက်မှာ တစ်လတိတိပြည့်ခဲ့ပါပြီ။

အဆောက်အအုံပျက်တွေအောက်က သေဆုံးနေတဲ့ ရုပ်အလောင်းတွေကို ဒီကနေ့အထိ ဆွဲထုတ်နေရဆဲ ဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ အချက်အလက်တွေအရ ငလျင်ကြောင့် နေပြည်တော်၊ စစ်ကိုင်း၊ မန္တလေး၊ ရှမ်းပြည်နယ် အပါ အဝင် တိုင်းနဲ့ပြည်နယ် ဆယ်ခုမှာ ဧပြီလ ၂၄ ရက်နေ့အထိ နေအိမ်ပေါင်း ၆၃၈၅၄လုံး ပျက်စီးခဲ့ရသလို လူဦးရေ ၆၂၉၂၀၆ ဦး ငလျင်ဒဏ်ခံခဲ့ရပါတယ်။

နောက်ဆက်တွဲငလျင်တွေကြောင့် ဒီနေ့အထိ ယာယီတဲတွေနဲ့ နေထိုင်နေကြရဆဲဖြစ်သလို စစ်ကောင်စီဆီက ဘာအကူအညီမှ မရသေးတဲ့သူ အများအပြားရှိနေသေးတယ်လို့ နေအိမ်ပျက်စီးခဲ့ရတဲ့ မန္တလေးမြို့ခံ တစ်ဦးက RFA ကိုပြောပါတယ်။

“နောက်ဆက်တွဲငလျင်ကြောင့် ပြန်ဝင်လို့မရသေးတော့ ဒီနေ့အထိ လမ်းဘေးတွေမှာ အိပ်နေကြရတုန်းပဲ။ မနေ့ညကလည်း ငလျင်ထပ်လှုပ်တယ်။ ကျီးလန့်စာစား နေကြရတယ်။ နေရထိုင်ရတာ ဘယ်လိုမှကို စိတ်လုံခြုံမှု မရှိဘူး။ ခြင်ကိုက်တယ်၊ ရာသီဥတုကပူတယ်၊ ကောင်းကောင်းမအိပ်ကြရဘူး။ လူတွေက စိတ်ပင် ပန်းလူပင်ပန်း ဖြစ်ကြရတယ်။ တစ်ဖက်မှာ စားဝတ်နေရေး ဖြေရှင်းဖို့ကိုလည်း လုပ်ရတယ်။ အထူးသဖြင့် ပြောချင်တာက အခုအချိန်အထိ ရပ်ကွက်၊ မြို့နယ်၊ ခရိုင်၊ တိုင်းအဆင့် တာဝန်ရှိသူတွေ လာပြီးတော့မှ စာရင်းပြုစုတာတွေ အကူအညီပေးတာမျိုးတွေကို ဘာတစ်ခုမှ မရသေးဘူး။ ဘီစကွပ်တစ်ချပ်၊ ရေသန့် တစ်ဘူးတောင် မရသေးဘူး။ ဒါက အပွင့်လင်းဆုံးပြောပြတာ”

လူစည်ကားရာနေရာအချို့မှာ ရိက္ခာတွေကူညီတာရှိပေမဲ့ အကူအညီလိုအပ်သူအားလုံးဆီ ဒီနေ့အထိ လွှမ်းခြုံနိုင်ခြင်း မရှိသေးဘူးလို့လည်း သူကပြောပါတယ်။

ဧပြီလ ၂၅ ရက်နေ့အထိ နိုင်ငံပေါင်း ၂၆ နိုင်ငံက အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ဝင် ၂၀၉၅ ဦး ရောက်ရှိခဲ့ပြီး ထောက်ပံ့ရေးနဲ့ ကယ်ဆယ်ရေးပစ္စည်း တန်ချိန် ၃၈၃၃ ဒသမ ၈၄ တန်ရရှိထားပါတယ်။

ဒီအပြင် ဧပြီလ ၂၄ ရက်နေ့အထိ ပြည်တွင်း၊ ပြည်ပ အလှူရှင်တွေဆီက ကျပ်ငွေ ၁၁၅ ဒသမ ၈၇၆ ဘီလီယံကျော်၊ အမေရိကန်ဒေါ်လာ ၂ ဒသမ ၄၃၇ သန်းကျော်၊ ကိုရီးယားဝမ် ငါးသန်း၊ အိန္ဒိယရူပီး ၁၅ သန်း၊ ထိုင်းဘတ်နှစ်သန်းနဲ့ စင်ကာပူဒေါ်လာ ၃၁၅၀ တို့ကို ရရှိထားပြီး ပြန်လည်ထူထောင်ရေးတွေမှာ အသုံးပြုနေတယ်လို့လည်း စစ်ကောင်စီက ပြောဆိုထားပါတယ်။

ဒါပေမဲ့ ငလျင်ဒဏ်သက်ရောက်တဲ့ ဧရိယာကကျယ်ပြန့်ပြီး အကူအညီလိုအပ်သူတွေက များပြားတာကြောင့် အားလုံးကို လွှမ်းခြုံနိုင်ခြင်းမရှိဘူးလို့ မန္တလေးနဲ့ စစ်ကိုင်းတိုင်းမှာ အကူအညီတွေပေးနေတဲ့ မူဆယ် လူသားချင်း စာနာ ထောက်ထားမှု အကူအညီ ပေးအပ်ရေးကွန်ရက်က ကိုဌေးက RFA ကိုပြောပါတယ်။

“အဖြစ်အပျက်က နည်းနည်းကြီးပြီး ဧရိယာလည်းကျယ်တာပေါ့နော်။ ဒါကို ဘယ်လိုမှ နိုင်ငံတကာကပဲကူကူ၊ တာဝန်ရှိသူတွေဘက်က ဘယ်လိုပင်ကူညီကူညီ၊ အရပ်ဖက်အဖွဲ့အစည်းတွေ ဘယ်လိုကူညီကူညီ နေရာအနှံ့ကို တော့ ပြီးပြည့်စုံအောင် ကူညီနိုင်တာတော့ မရှိနိုင်ပါဘူး။ ကျွန်တော်တို့မှာ အတွေ့အကြုံတွေလိုတယ်၊ အထောက်အကူပစ္စည်းတွေ လိုတယ်၊ နည်းပညာတွေလိုတယ်၊ ဒါကြောင့် ကျွန်တော်တို့က အခုအဖြစ်အပျက် မှာတော့ အတွေ့အကြုံယူတဲ့ဟာလောက်ပဲ ရှိမှာပေါ့နော်။ အခုနိုင်ငံတကာက ကူညီတာရော၊ တာဝန်ရှိတဲ့သူတွေ ကူညီပံ့ပိုးတာတွေရော ဘယ်လိုမှ မပြည့်စုံနိုင်ဘူးလို့ ကျွန်တော် မြင်ရတယ်ပေါ့နော်”

စစ်ကောင်စီက ငလျင်လှုပ်ခတ်ပြီး အချိန်တစ်လကြာတဲ့အထိ ထူထောင်ရေးကာလတွေကို အသေးစိတ် သတ်မှတ်ထုတ်ပြန်တာ မတွေ့ရသေးပါဘူး။


ဆက်နွှယ်သော သတင်းများ

ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ

အင်းလေးက ငလျင်ဘေး ဒုက္ခသည်တွေ အကူအညီလိုအပ်နေ

အပစ်ရပ်ကာလ ဗုံးကြဲမှုနဲ့ လက်နက်ကြီးကြောင့် အရပ်သား ၁၆၀ ကျော်သေဆုံး


ငလျင်ကြောင့် ထိခိုက်ပျက်စီးသွားတဲ့ အဆောက်အအုံတွေကို ဖြိုဖျက်ရှင်းလင်းရေးလုပ်တာမှာလည်း စစ်ကောင်စီက ဌာနဆိုင်ရာအဆောက်အအုံတွေ ဖြိုဖျက်ရှင်းလင်းရေးကိုသာ လုပ်ဆောင်နိုင်ပြီး ပြည်သူတွေရဲ့နေအိမ်တွေကိုတော့ ကိုယ်ထူကိုယ်ထ ရှင်းလင်းနေကြတယ်လို့ ကူညီကယ်ဆယ်ရေး လုပ်နေသူတွေက ပြောပါတယ်။

ပျဉ်းမနားမြို့တွင် ငလျင်ကြောင့် ထိခိုက်ခဲ့သည့် အဆောက်အအုံအား ၂၀၂၅ ခုနှစ် ဧပြီ ၁၉ ရက်က ဖြိုဖျက်ရှင်းလင်းနေစဉ်။ (Photo: Citizen Photo)

နယ်မြေဆုံးရှုံးမှုတွေနဲ့ အင်အားပြုန်းတီးမှုတွေကို ပြန်လည်ကုစားဖို့အတွက်လည်း ငလျင်ဘေးအကြီးအကျယ်ကြုံရချိန်မှာတောင် စစ်မှုထမ်းအပတ်စဉ် ၁၂ ကို ခေါ်ယူပြီး လူသစ်စုဆောင်းမှုကို မပျက်မကွက်လုပ်ခဲ့ပါတယ်။

ငလျင်ကြောင့် ၈၀ ရာခိုင်နှုန်းကျော်ပျက်စီးသွားတဲ့ စစ်ကိုင်းမြို့မှာဆိုရင်လည်း အဆောက်အအုံပျက်တွေ ဖယ်ရှားရှင်းလင်းဖို့ အနည်းဆုံး ခြောက်လကနေ တစ်နှစ်အထိကြာနိုင်တယ်လို့ ကူညီကယ် ဆယ်ရေးလုပ် နေသူတစ်ဦးက ပြောပါတယ်။

“စစ်ကိုင်းမြို့မှာ ရှင်းလင်းရေးကိုက အနည်းဆုံး ခြောက်လကနေ တစ်နှစ်အထိ အချိန်ယူရမယ်လို့ ကျွန်တော်မြင်တယ်၊ ဘာဖြစ်လို့လဲဆိုတော့ စစ်ကိုင်းမြို့က အပျက်အစီးအများကြီးဖြစ်သွားတာကိုး၊ တချိုဆိုလည်း ကိုယ့်အိမ်ကို ကိုယ့်ဘာသာကို ရှင်းနေရတဲ့အနေအထားမျိုးဖြစ်နေတာ”

ငလျင်ဘေး နောက်ဆက်တွဲ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကို မလေးရှား၊ ဘင်္ဂလားဒေ့ရှ်၊ စင်ကာပူ၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ လာအို၊ ထိုင်း၊ အိန္ဒိယ၊ တရုတ် စတဲ့နိုင်ငံတွေက သူတို့ရဲ့စစ်တပ်တွေကို စေလွှတ်ပြီး ကူညီကယ်ဆယ်ရေးတွေ လုပ်ခဲ့ပါတယ်။

ငလျင်ဘေးကူညီကယ်ဆယ်ရေးလုပ်ပြီး ပြန်လည်ထွက်ခွာသွားသည့် အိန္ဒိယစစ်တပ်အား ၂၀၂၅ ခုနှစ် ဧပြီ ၁၅ ရက်တွင် တွေ့ရစဉ်။ (Photo : Embassy of India)

အရင်က သဘာ၀ဘေးကြုံတိုင်း အင်အားအလုံးအရင်းနဲ့ ကူညီကယ်ဆယ်ရေးလုပ်လေ့ရှိတဲ့ မြန်မာစစ်တပ် ကတော့ လက်ရှိကြုံနေရတဲ့ ငလျင်ဘေးမှာ အရင်လိုအင်နဲ့ အားနဲ့ ပါဝင်မလာတာ တွေ့ရတယ်လို့ ကူညီကယ်ဆယ်ရေးလုပ်နေသူတွေက ပြောပါတယ်။

စစ်အာဏာသိမ်းမှုကြောင့် နိုင်ငံတစ်ဝန်းပေါ်ပေါက်လာတဲ့ လက်နက်ကိုင်တော်လှန်မှုတွေကို ရင်ဆိုင်နေရတဲ့ စစ်ကောင်စီတပ်ဟာ တိုင်းနဲ့ပြည်နယ်အနှံ့ကို စစ်မျက်နှာဖွင့်ထားရတာပါ။ နယ်မြေဆုံးရှုံးမှုတွေနဲ့ အင်အားပြုန်းတီးမှုတွေကို ပြန်လည်ကုစားဖို့အတွက်လည်း ငလျင်ဘေးအကြီးအကျယ်ကြုံရချိန်မှာတောင် စစ်မှုထမ်းအပတ်စဉ် ၁၂ ကို ခေါ်ယူပြီး လူသစ်စုဆောင်းမှုကို မပျက်မကွက်လုပ်ခဲ့ပါတယ်။

ရှေ့တန်းစစ်မျက်နှာပြင်တွေကို တပ်အင်အားအများအပြား ပို့ထားရတာကြောင့် ငလျင်ဘေး ကူညီကယ်ဆယ် ရေးကို အရင်လို အင်တိုက်အားတိုက် မလုပ်နိုင်တာလို့ စစ်တပ်အရာရှိဟောင်းတစ်ဦးက သုံးသပ်ပါတယ်။

“လက်နက်ကိုင် ပဋိပက္ခပဲပြောပြော ပြည်တွင်းစစ်ပဲ ပြောပြော ဒါက နေရာအနှံ့မှာဖြစ်နေတာကိုး၊ ဖြစ်နေတာ့ ဟိုးအရင်နဲ့ မတူဘူးပေါ့။ မတူဘူးဆိုတာက ဒေသန္တရ ကျွန်တော်တို့ စစ်ဆင်ရေးတွေရှိတယ်။ ဒေသန္တရ လုံခြုံရေးတွေရှိတယ်လေ။ ကျွန်တော်တို့ တပ်ကို ဒီလောက် ထုတ်နိုင်တာကိုမှ တော်တော်ဟုတ်လှပြီလို့ ပြောရမှာပေါ့”

စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်တွေအရ ဧပြီလ ၂၇ ရက်နေ့အထိ ငလျင်ကြောင့် သေဆုံးသူ ၃၇၆၉ ဦး၊ ထိခိုက် ဒဏ်ရာရသူ ၅၁၀၆ ဦးနဲ့ ပျောက် ဆုံးနေသူ ၁၀၇ ဦး ရှိနေပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org