အာဏာသိမ်းပြီးနောက် နယ်စပ်က မူးယစ်ဆေးဝါးလုပ်ငန်းတွေ ပိုဆိုးလာ

စစ်အာဏာသိမ်းပြီးနောက်ပိုင်း လယ်သမားတွေဘဝ ပုံစံပျက်သွားပြီး ဘိန်းစိုက်တဲ့ဘက် ပြန်ဦးလှည့်လာတယ်လို့လည်း UNODC ဌာနေကိုယ်စားလှယ်က ပြောပါတယ်။

၂ဝ၂၃ ခုနှစ် ဇွန်လက မြန်မာနိုင်ငံတစ်ဝန်း ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများအား မီးရှို့ဖျက်ဆီးနေသည့် မြင်ကွင်းတစ်ခု။ AFP

လောင်းကစားရုံသက်သက် အွန်လိုင်းလောင်းကစားရာက အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ အသွင်ပြောင်းကျက်စားတဲ့နေရာကိုရော အရင်က ဘိန်းဖြူချက်လုပ်ရာက မူးယစ်ဓာတုဆေးပြားတွေ ထုတ်လုပ်တဲ့နေရာကိုပါ မြေပုံမှာ ညွှန်ပြပါဆိုရင် မြန်မာနယ်စပ်က လက်ညှိုးထိုးပြစရာ ဖြစ်နေပါတယ်။

အင်တာနက်ရရင်ဘယ်နေရာမှာမဆို လုပ်နိုင်တဲ့ အွန်လိုင်းရာဇဝတ်ဂိုဏ်းတွေရော ဓာတုပစ္စည်းရှိရင် ဘယ်နေရာမဆို ထုတ်လုပ်နိုင်တဲ့ မက်သာဖက်တမင်းစိတ်ကြွဆေးပြား ထုတ်လုပ်ရေးကိုပါ ဥပဒေလက်တံမမှီတဲ့ မြန်မာနယ်စပ်ကို ရွေးချယ်ကြတာလို့လည်း ပြောကြပါတယ်။

ဒါကို UN Radio ကုလသမဂ္ဂအသံလွှင့်ဌာနက ဒန်နီရယ် ဒစ်ကင်ဆန် (Daniel Dickinson)က သူ့ podcast အစီအစဉ်ကနေ ပြောပါတယ်။

“မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်မှာရှိတဲ့ လျှို့ဝှက်ဓာတ်ခွဲခန်းတွေကနေ ဒီမူးယစ်ဓာတုဆေးပြားတွေကို အဓိက ထုတ်လုပ်ပါတယ်။ အရှေ့တောင်အာရှက မြန်မာ-ထိုင်း-လာအို သုံးပွင့်ဆိုင် ရွှေတြိဂံဒေသဟာ synthetic လူလုပ်မူးယစ်ဆေးပြားကုန်သွယ်ရေးမှာ ရှေ့တန်းကို တစ်ခါထပ်ရောက်လာပြန်ပါတယ်”

UNODC ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုနှိမ်နင်းရေးရုံး၊ အရှေ့တောင်အာရှရေးရာဌာနေကိုယ်စားလှယ် ဂျယ်ရမီ ဒေါက်ကလပ် (Jeremy Douglas) ကလည်း ရွှေတြိဂံဒေသဟာ ကမ္ဘာ့အကြီးမားဆုံး မူးယစ်ဆေးဝါးမှောင်ခို စင်္ကြံလမ်းကြောင်းတစ်ကြောင်း ဖြစ်တယ်လို့ ပြောပါတယ်။

“မြန်မာနိုင်ငံက ရှမ်းပြည်နယ်ဆိုရင် ဘိန်းဖြူနဲ့ ဘိန်းအများဆုံးထုတ်ပေမဲ့ မက်သာဖက်တမင်း စိတ်ကြွဆေးပြားလို လူလုပ် ဓာတုမူးယစ်ဆေး အဓိကထုတ်လုပ်ပြီး အဲဒီဆေးပြားတွေက ဒေသတစ်ဝန်း၊ အာရှပစိဖိတ်ဒေသ တစ်ခွင်လုံး၊ ဂျပန်ကနေ နယူးဇီလန်အထိ တစ်လျှောက်လုံး၊ နေရာတိုင်းကို ပျံ့နှံ့နေပါတယ်”

ကုလသမဂ္ဂ အသံလွှင့်ဌာနက ဒန်နီရယ် ဒစ်ကင်ဆန် (Daniel Dickinson)က ....

“ဝေးလံသီခေါင် လူနေကျဲပြီး တောတောင်ထူထပ်တဲ့ ရှမ်းပြည်နယ်မှာ လက်နက်ကိုင်တွေနဲ့ ပြည်သူ့စစ်တွေ အားကောင်းနေပါတယ်။ စစ်ကောင်စီက ပြည်မကို ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေတာမို့ ဒီနေရာဟာ ရှုပ်ရှုပ်ထွေးထွေးပါပဲ”

လွန်ခဲ့တဲ့ သုံးလေးနှစ်မှာ ဘိန်းအစားထိုးစိုက်ပျိုးရေးရှိပေမဲ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း လယ်သမားတွေဘဝ ပုံစံပျက်သွားပြီး ဘိန်းစိုက်တဲ့ဘက် ပြန်ဦးလှည့်လာတယ်လို့လည်း UNODC ဌာနေကိုယ်စားလှယ် Jeremy Douglas က ပြောပါတယ်။

ဒါကို ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်အဖွဲ့ပြောခွင့်ရ ယိင်းလျန်းဟန်က မငြင်းပါဘူး၊

“စစ်အာဏာသိမ်းပြီးတဲ့နောက် လူငယ်တွေအတွက် အလုပ်အကိုင်က နယ်စပ်တွေမှာပဲရှိလာကြတယ်။ မူးယစ်ဆေးဝါးကလည်း နဂိုကတည်းက နယ်စပ်မှာ ပေါတယ်။ ပိုပြီးပြင်းတဲ့ မူးယစ်ဆေးဝါးတွေ နယ်စပ်မှာထုတ်တယ်။ အာဏာသိမ်းပြီးတဲ့နောက် ပိုဆိုးလာတယ်။”

ချင်းပြည်နယ်မြောက်ပိုင်း တွန်းဇံမြို့နယ်ရှိ ဘိန်းစိုက်ခင်းအတွင်း ဘိန်းစေးခြစ်ယူနေသည်ကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

ရွှေတြိဂံဒေသ၊ အထူးသဖြင့် ရှမ်းပြည်နယ်တောတောင်တွေထဲက လျှို့ဝှက်ဓာတ်ခွဲခန်းတွေက ထုတ်လုပ်တဲ့ ဓာတုဆေးပြားတွေ နယ်နိမိတ်ကျော်ပြီး နေရာအနှံ့ရောက်နေတာကိုလည်း...

“ထိုင်းနယ်စပ်ကနေမှ မလေးကိုဝင်တယ်။ မလေးကနေမှ ကမ္ဘာကို ပျံ့သွားတယ်။ နောက် အိန္ဒိယဘက်ကို သွားတဲ့လမ်းကြောင်းလဲ ရှိတယ်။ စစ်ကောင်စီရဲ့အရာရှိတွေမပါဘဲနဲ့တော့ ဒီလမ်းတွေကိုသွားဖို့တော့ ခက်မယ်ထင်တယ်ရှင့်"

နယ်စပ်ရှိရင် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေနဲ့မကင်းတာ မဆန်းပေမဲ့ တာချီလိတ်လို မြို့မှာ ဓာတုမူးယစ်ဆေးပြားတွေ လှိုင်လှိုင်ပေါများနေပါတယ်။

“တာချီလိတ်ဘက်မှာတော့ တော်တော်အခြေအနေဆိုးတယ်။ မြို့လယ်ခေါင်က ဘားတွေမှာတင် အလွယ်တကူ ဝယ်လို့ရနေတယ်။ လားရှိုး၊ မူဆယ်၊ လောက်ကိုင် စတာတွေမှာ အတော်ဆိုးတယ်။ ဖမ်းရင်လမ်းမှာ တွေ့တာကိုပဲ။ အကြီးအကျယ်လုပ်တာတွေ မမိဘူး"

ဒီလို နိုင်ငံတစ်ဝန်းသိမ်းဆည်းရမိတဲ့ အမေရိကန် ဒေါ်လာ ၄၄၆ သန်းဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေကို ဒီနှစ်ဇွန် ၂၆ ရက်မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့မှာ စစ်ကောင်စီက မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org