လုပ်ငန်းရှင်တွေအပေါ် ထိန်းချုပ်မှု စစ်ကောင်စီ ဖြေလျှော့ပေး

စစ်ကောင်စီဗဟိုဘဏ်က ဒေါ်လာစျေးကို ဈေးကွက်ပေါက်စျေးအတိုင်း လွတ်လပ်စွာ ရောင်းဝယ်နိုင်ကြောင်း ထုတ်ပြန်ပါတယ်။

ရန်ကုန်မြို့လယ်ရှိ ငွေလဲစင်တာတစ်ခုအား ၂၀၂၂ ခုနှစ်၊ မတ်လ ၁၀ ရက်နေ့က တွေ့ရစဉ်။

အာဏာသိမ်းပြီးနောက်မှာ စစ်ကောင်စီဗဟိုဘဏ်က အမေရိကန်ဒေါ်လာနဲ့ ပတ်သက်လို့ အကြိမ်ကြိမ် တင်းကျပ်ခဲ့ရာကနေ ဒေါ်လာစျေးကို ဈေးကွက်ပေါက်စျေးအတိုင်း လွတ်လပ်စွာ ရောင်းဝယ်နိုင်ကြောင်း ဒီဇင်ဘာ ၅ ရက်နေ့က ထုတ်ပြန်ပါတယ်။

ဈေးကွက်အတွင်းက ဝယ်ယူရရှိငွေကို ပြည်ပကို လွှဲပြောင်းရာမှာတော့ နိုင်ငံခြားသုံးငွေ ကြီးကြပ်မှုကော်မတီက သတ်မှတ်ထားတဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ လွှဲပြောင်းရမယ်လို့ ဆိုပါတယ်။

"ဒေါ်လာစျေး ဆွဲမတင်ဖို့တော့ လုပ်ငန်းရှင်တွေကို မေတ္တာရပ်ခံလိုတယ်"

တစ်ဆက်တည်းမှာပဲ ပို့ကုန်လုပ်ငန်းရှင်တွေရရှိတဲ့ ဒေါ်လာငွေကိုလည်း အရင်က ၅၀ ရာခိုင်နှုန်းတိတိ ဗဟိုဘဏ် သတ်မှတ်စျေး ၂၁၀၀ ကျပ်နဲ့ မဖြစ်မနေ လဲလှယ်ပြီး ပြန်သွင်းဖို့သတ်မှတ်ထားရာက အခုတော့ ၃၅ ရာခိုင်နှုန်းသာ လဲလှယ်ပြီး ပြန်သွင်းနိုင်ကြောင်း ဒီဇင်ဘာလ ၆ ရက်နေ့မှာ ဗဟိုဘဏ်က ထပ်မံကြေညာပါတယ်။

အရင်က ပြင်ပပေါက်ဈး တစ်ဒေါ်လာကို ကျပ် ၃၀၀၀ ကျော် ရှိခဲ့ပေမယ့် ပို့ကုန်၊ သွင်းကုန် လုပ်ငန်းရှင်အားလုံးဟာ ရရှိငွေကို ဗဟိုဘဏ်သတ်မှတ်ဈေး ၂၁၀၀ ကျပ်နဲ့သာ အရှုံးခံလဲလှယ်ပြီး လုပ်ကိုင်ခဲ့ရတာပါ။

အာဏာသိမ်းပြီးနောက်မှာ စစ်ကောင်စီဗဟိုဘဏ်ရဲ့ အကြိမ်ကြိမ် တင်းကျပ်မှုတွေကြောင့် သွင်းကုန်လုပ်ငန်းတွေ အကြီးအကျယ် ထိခိုက်လာတဲ့အတွက် အခုလို ပြန်ဖြေလျှော့ ပေးတာလို့ လုပ်ငန်းရှင်တွေနဲ့ စီးပွားရေး သုံးသပ်သူတွေက ပြောပါတယ်။

ဒါပေမဲ့ အမိန့်တွေ အမျိုးမျိုးထုတ်ပြီး အခြေအနေတွေကလည်း တစ်နေ့တစ်မျိုး အပြောင်းအလဲ မြန်လွန်းတာကြောင့် ဘာဆက်လုပ်ရမလဲဆိုတာ မသိသေးဘဲ စောင့်ကြည့်နေတယ်လို့ တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့က ဆန်ကုန်သည်ကြီးတစ်ဦးက RFA ကို ပြောပါတယ်။

“အမိန့်ထွက်တာမှ ဟိုတစ်နေ့က ထွက်လာတာဆိုတော့ ဘာတွေ၊ ဘယ်လိုဖြစ်မလဲ အသေးစိတ် ထွက်မလာသေးတော့ ဘယ်လိုဆက်လုပ်ရမယ်ဆိုတာ မသိသေးဘူး။ ဥပဒေပဲထွက်သေးတာ နည်းဥပဒေ မထွက်သေးဘူး၊ အဲဒီလို ပုံစံမျိုး ဖြစ်နေသေးတယ်။ ပို့ကုန်တွေအတွက်တော့ အဆင်ပြေသွားတာပေါ့။ သွင်းကုန်အတွက်ကျတော့ ဒေါ်လာပေါက်စျေးပေါ် မူတည်ပြီး သွားမယ်ဆိုတော့ ပေါက်စျေး မသိသေးဘူး။ စျေးကွက်မှာ ဘယ်လိုရှိသွားမလဲဆိုတာ လောလောဆယ် မသိနိုင်သေးဘူး”

စစ်ကောင်စီ ဗဟိုဘဏ်ဟာ ပို့ကုန်လုပ်ငန်းရှင်တွေရဲ့ ပို့ကုန်ရငွေ ပမဏကို ဗဟိုဘဏ် သတ်မှတ်ဈေး ၂၁၀၀ ကျပ်နဲ့ ၆၅ ရာခိုင်နှုန်းထိ ပြန်သွင်းဖို့ ၂၀၂၃ ခုနှစ် ဧပြီလမှာ တစ်ကြိမ်၊ ၅၀ ရာခိုင်နှုန်းထိ လဲလှယ်ဖို့ ဇူလိုင်လမှာ တစ်ကြိမ် အမိန့်ထုတ်ခဲ့ပါတယ်။ အခုတော့ သတ်မှတ်ဈေးကို ပယ်ဖျက်ပြီး စိတ်ကြိုက်ရောင်းဝယ်ခွင့် ပေးရုံမက ပြန်သွင်းငွေကိုလည်း ၃၅ ရာခိုင်နှုန်းအထိ လျှော့ပေးလိုက်တာပါ။

ဒါဟာ ပို့ကုန်လုပ်ငန်းမြင့်တက်လာဖို့ ရည်ရွယ်တာလို့ စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဒီဇင်ဘာ ၆ ရက်နေ့က စစ်ကောင်စီပိုင် မီဒီယာတွေကတစ်ဆင့် ပြောပါတယ်။

“ဒါတွေဟာ ဘာကြောင့်လုပ်တာလဲ၊ နံပါတ်တစ် ဆောင်ရွက်ရတဲ့အကြောင်းကတော့ ဖြေလျှော့ခြင်း ဖြစ်ပါတယ်။ နံပါတ်နှစ်ကတော့ ကျွန်တော်တို့ နိုင်ငံမှာ ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် ကုန်ထုတ်လုပ်မှုကို နံပါတ်တစ် အားပေးရမယ်။ နံပါတ်နှစ်က ပို့ကုန်ပမာဏ ပိုပြီးမြင့်တက်လာရမယ်။ ပို့ကုန်ပမာဏ ပိုပြီးမြင့်တက်လာဖို့ ပြီးရင် ထုတ်ကုန်ပစ္စည်းများ ပို့ကုန်တင်ပို့နိုင်ဖို့အတွက် နိုင်ငံအတွင်းမှာရှိတဲ့ ထုတ်ကုန်ပစ္စည်းများကို မြှင့်တင်နိုင်ဖို့ အတွက် ရည်ရွယ်ပြီး ဆောင်ရွက်ရခြင်း ဖြစ်ပါတယ်”

ဒေါ်လာစျေးနဲ့ ပိုကုန့်ကိစ္စ ဖြေလျှော့မှုတွေကြောင့် ပို့ကုန်လုပ်ငန်းနဲ့ ပြည်ပရောက် အလုပ်သမားတွေဆီက ငွေတွေ နိုင်ငံတွင်း ပြန်ဝင်ရောက်လာပြီး စျေးကွက်ကိုလည်း သူ့အလိုလို ထိန်းညှိနိုင်လိမ့်မယ်လို့ သူက ဆိုပါတယ်။

အရင်ကတော့ ကန့်သတ်ချက်တွေကြောင့် ပို့ကုန်၊ သွင်းကုန်လုပ်ငန်းရှင်တွေ အရှုံးပေါ်တာ၊ လုပ်ငန်းရပ်ဆိုင်းတာ၊ ပို့ကုန်တင်ပို့မှုပမာဏ နည်းသွားတာတွေ ဖြစ်ခဲ့တယ်လို့ လုပ်ငန်းရှင်တွေက ပြောပါတယ်။ နောက်ဆက်တွဲ အနေနဲ့ ဒေါ်လာဈေး၊ ရွှေ‌ဈေးနဲ့ အခြေခံစားကုန်တွေသာမက စက်သုံးဆီဈေးတွေပါ အဆမတန် မြင့်တက်လာတာပါ။

ဒီတစ်ကြိမ် ဖြေလျှော့မှုတွေဟာ ပို့ကုန့်လုပ်ငန်းရှင်တွေအတွက် အဆင်ပြေနိုင်ပေမယ့် သွင်းကုန်လုပ်ငန်းရှင်တွေ အတွက်တော့ အန္တရာယ်များတယ်လို့ ရန်ကုန်မြို့က ပို့ကုန်၊ သွင်းကုန်လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

“ပို့ကုန်သမားတွေအတွက် အားသာချက်တွေ၊ အခွင့်အလမ်းတွေ ဖြစ်လာနိုင်တယ်။ Import သွင်းကုန်သမားတွေ အတွက်ကတော့ risk များလာနိုင်တာပေါ့နော်။ ဘာလို့လဲဆိုတော့ ဒေါ်လာစျေးက ကြိုက်ရင်ရောင်း၊ မကြိုက်ရင် မရောင်းဘူး ဆိုတာမျိုးလည်း ဖြစ်လာနိုင်တာပေါ့။ ဥပမာ သွင်းကုန်ဆိုရင် ဓာတ်ဆီကိစ္စပေါ့၊ ဓာတ်ဆီဆိုရင် သွင်းကုန်သမားတွေကို အရင်တုန်းက ၂၁၀၀ ကျပ်နဲ့ ပေးရောင်းတယ် ဗဟိုဘဏ်ကနေ၊ အဲဒီဟာကို မရောင်းတော့ဘူးဆိုရင် ဓာတ်ဆီသမားတွေက ၂၁၀၀ နဲ့ မရတော့ရင် ၃၀၀၀ ကျော်စျေးနဲ့ ဝယ်ရမယ်၊ အဲဒီကျရင်လည်း စျေးနှုန်းအပြောင်းအလဲ တွေ ဖြစ်လာနိုင်တာပေါ့။ ၆၅ ရာခိုင်နှုန်း၊ ၃၅ ရာခိုင်နှုန်းကိုတော့ ကျွန်တော်တို့က ကြိုဆိုရမှာပေါ့ဗျာ။ ဘာလို့လဲဆိုတော့ ဒီဟာက လမ်းကြောင်း အကောင်းဘက်ကို ပြန်လည့်လာတယ်လို့ ပြောရမလား၊ မနိုင်တော့တာလည်း ဖြစ်နိုင်တာပေါ့လေ၊ အဲဒီလို ပြောရမှာပေါ့”

လက်ရှိမှာတော့ နိုင်ငံတစ်ဝန်း စက်သုံးဆီစျေးတွေ အဆမတန် မြင့်တက်နေပြီး ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော် အပါအဝင် မြို့ကြီး၊ မြို့ငယ်တိုင်းမှာ စက်သုံးဆီအရောင်းဆိုင် တချို့ ပိတ်ထားရသလို ဝယ်သူတွေလည်း တန်းစီတိုးနေရပါတယ်။

ဒေါ်လာစျေးဟာလည်း စစ်ကောင်စီက လွတ်လပ်ခွင့်ပေးလိုက်ပြီး တစ်ရက်အကြာ ဒီဇင်ဘာ ၆ ရက်နေ့ကစလို့ တစ်ဒေါ်လာကို ကျပ် ၁၅၀ အထိ ခုန်တက်သွားပါတယ်။ အရင်က အမေရိကန် တစ်ဒေါ်လာကို ကျပ် ၃၄၀၀ သာ ရှိခဲ့ရာကနေ ဒီဇင်ဘာ ၇ ရက် ဒီနေ့မှာ ၃၅၅၀ ကျပ်အထိ မြင့်တက်လာပါတယ်။

ရန်ကုန်မြို့ ဗဟိုဘဏ်ရှေ့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးအား ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

စစ်ကောင်စီရဲ့ ဖြေလျှော့မှုကို အပြုသဘော မျှော်လင့်ထားပေမယ့် ဒေါ်လာစျေးကို ဆွဲတင်ပြီး စျေးကစားတာမျိုးတွေ ဖြစ်လာရင် တခြားကုန်စျေးနှုန်းတွေပါ ထပ်မံမြင့်တက်လာနိုင်တယ်လို့ အမည်မဖော်လိုတဲ့ စီးပွားရေး သုံးသပ်သူတစ်ဦးက ပြောပါတယ်။

“ကျွန်တော်တို့ကတော့ စီးပွားရေးဘက်ကပဲ လေ့လာသုံးသပ်ရင်တော့ float market (လွတ်လပ်စွာ ဖွင့်ပေးထားတဲ့ ဈေးကွက်) ဆိုတာ အကောင်းဆုံးပေါ့။ ဒါကတော့ ကြိုက်ရောင်း၊ ကြိုက်ဝယ်ပေါ့ဗျာ စျေးကွက်မှာတော့။ အရေးကြီးတာက export အတွက်က ကောင်းပေမယ့် ဒေါ်လာစျေးဆွဲတင်လိုက်ရင် ကုန်စျေးနှုန်းတက်လာမယ့် သက်ရောက်မှုတစ်ခုကတော့ ကျွန်တော်တို့ သတိထားရမယ့် အနေအထားမှာ ရှိပါတယ်။ တိုင်းပြည်ကတော့ ဖွင့်ပေးလိုက်တာပေါ့နော်။ ဖွင့်ပေးလိုက်တဲ့အပေါ်မှာ မူတည်ပြီးမှ ဒေါ်လာစျေး ဆွဲမတင်ဖို့တော့ လုပ်ငန်းရှင်တွေကို မေတ္တာရပ်ခံလိုတယ်။ ဘာလို့လဲ ဆိုတော့ ကောင်းတဲ့အနေအထားနဲ့ တိုင်းပြည်စီးပွားရေးကို ထူထောင်စေချင်ပါတယ်ဗျ”

အာဏာသိမ်းပြီးနောက်မှာ ပို့ကုန်သွင်းကုန်လုပ်ငန်း အပါအဝင် မြန်မာ့စီးပွားရေးကဏ္ဍ အကြီးအကျယ် ထိခိုက်နစ်နာပြီး တာဝန်ရှိ စစ်ဗိုလ်ချုပ်တွေကို အရေးယူရတဲ့အထိ လူသိရှင်ကြားဖြစ်ခဲ့ပါတယ်။ စီးပွားရေး သုံးသပ်သူတွေကတော့ ရွှေဈေး၊ ဒေါ်လာဈေး၊ စက်သုံးဆီဈေးနဲ့ အခြေခံစားကုန်တွေ အဆမတန် ဈေးမြင့်တက်လာတာကို ထိန်းချုပ်ဖို့ စစ်ကောင်စီက နည်းအမျိုးမျိုးသုံး ကြိုးစားနေပေမယ့် လက်တွေ့ဘယ်လောက် ထိရောက်မလဲဆိုတာကို သတိထား စောင့်ကြည့်ရမယ်လို့ ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org