ဒုက္ခသည်စခန်းဖြစ်တဲ့ ပလက်ဝမြို့စာသင်ကျောင်းတွေ ပြန်ဖွင့်ဖို့ ခက်နေ

ဇူလိုင် ၂၁ ရက်နေ့မှာ အထက်တန်းကျောင်းတွေ ပြန်ဖွင့်မယ်ဆိုတာကြောင့် စစ်ရေးပဋိပက္ခတွေ ရှိနေတဲ့ ချင်းပြည်နယ် ပလက်ဝမြို့က စစ်ဘေးဒုက္ခသည်တွေနေစရာ အခက်အခဲဖြစ်နေပါတယ်။ ဒါကြောင့် ဇူလိုင်လ တတိယပတ်မှာ ပလက်ဝက ကျောင်းတချို့ ပြန်ဖွင့်နိုင်ရေး အခက်အခဲတွေရှိနေပါတယ်။

ချင်းပြည်နယ် ပလက်ဝမြို့က အထက်တန်းကျောင်းကို လာရောက်ခိုလှုံကြတဲ့ စစ်ဘေးဒုက္ခသည်တွေကို တွေ့ရစဉ် Photo: RRCCI

ဇူလိုင် ၂၁ ရက်နေ့မှာ အထက်တန်းကျောင်းတွေ ပြန်ဖွင့်မယ်ဆိုတာကြောင့် စစ်ရေးပဋိပက္ခတွေရှိနေတဲ့ ချင်းပြည်နယ် ပလက်ဝမြို့က စစ်ဘေးဒုက္ခသည်တွေနေစရာ အခက်အခဲဖြစ်နေပါတယ်။ ဒါကြောင့် ဇူလိုင်လ တတိယပတ်မှာ ပလက်ဝက ကျောင်းတချို့ ပြန်ဖွင့်နိုင်ရေး အခက်အခဲတွေ ရှိနေပါတယ်။

ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာ ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေကြောင့် ရွာလုံးကျွတ်ထွက်ပြေးလာရတဲ့ စစ်ဘေးဒုက္ခသည်တွေဟာ ပလက်ဝမြို့နဲ့ ဆမီးမြို့ပေါ်က စာသင်ကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေမှာ ယာယီခိုလှုံနေရတာဖြစ်ပါတယ်။

ဇူလိုင်လ ၂၁ ရက်နေ့မှာ အထက်တန်းကျောင်းတွေ ပြန်ဖွင့်မယ်ဆိုတာကြောင့် ကျောင်းတွေမှာ နေထိုင်နေကြသူ တွေဟာ ဖယ်ပေးရမှာဖြစ်ပေမယ့် ဒုက္ခသည်တွေကို ပြောင်းရွှေ့ပေးဖို့နေရာက အဆင့်သင့်ရှိမနေပါဘူး။

စာသင်ကျောင်းတွေမှာ ခိုလှုံနေတဲ့ဒုက္ခသည်တွေကြောင့် ပလက်ဝမြို့ပေါ်က စာသင်ကျောင်းတွေ  ပြန်ဖွင့်နိုင်မယ့် အလားအလာမရှိသေးဘူးလို့ ခူမီး ချင်းမျိုးနွယ်စုများရေးရာ ပေါင်းစပ်ညှိနှိုင်းရေး ကော်မတီ က ဦးကျော်ငြိမ်းက ဆိုပါတယ်။

"အခု ပလက်ဝမြို့က ကျောင်းတွေက ဖွင့်လို့ရပါ့မလားမေးတဲ့အခါ သူက ဆမီးအထကနဲ့ သံထောင်အထကပဲ ဖွင့်လို့ရဦးမယ်လို့ ပြောတယ်။ ကျန်တာအဆင်မပြေဘူးပြောတယ်။ ဇူလိုင်လဆို ကျောင်းတွေ ပြန်ဖွင့်တော့ မယ်။ ပလက်ဝကျောင်းတွေမှာ တိုက်ပွဲရှောင်တွေ ပြည့်ကျပ်နေတယ်။ ဆမီးမှာလည်း အထကရော အလကရော ပြည့်ကျပ်နေတော့ သူတို့ကို နေရာထားဖို့ နေရာလုပ်နေတယ်။"

ချင်းပြည်နယ်အစိုးရအဖွဲ့  စည်ပင်သာယာရေးဝန်ကြီး ဦးစိုးထက်ကတော့ ပလက်ဝမြို့မှာ မဖွင့်နိုင်တဲ့ စာသင်ကျောင်းပေါင်း ၂၀ ကျော်ရှိပြီး ဒုက္ခသည်တွေ စုစည်းနေတဲ့နေရာမှာပဲ ကလေးတွေကို စာသင်နိုင်ဖို့ စီစဉ်နေတယ်လို့ ပြောပါတယ်။

"စာရင်းက အတိအကျမလုပ်ရသေးဘူး။ မဖွင့်နိုင်တာ အနည်းဆုံး ၂၀ လောက်ရှိမယ်ထင်တယ်။ ရွာတွေ အားလုံး ရွှေ့ထားရတော့ စုစည်းနေတဲ့နေရာမှာပဲ ကျောင်းသူကျောင်းသားတွေရော ဆရာ၊ ဆရာမတွေရော စုစည်းပြီး သင်နိုင်ရေး လုပ်နေပါတယ်။"

စစ်ဘေးဒုက္ခသည်တွေ နေထိုင်နိုင်ရေးအတွက် တန်ဖိုးနည်းအိမ်ရာတွေ အစိုးရအစီအစဉ်နဲ့  ဆောင်ရွက်နေ ပါတယ်။

နေထိုင်ဖို့ အိမ်တွေဆောက်ဖို့အတွက် သစ်တွေ၊ ဝါးတွေ စုဆောင်းနေဆဲဖြစ်တာကြောင့် လက်ရှိနေထိုင်နေတဲ့ စာသင်ကျောင်းတွေကနေဖယ်ပေးဖို့ အခက်အခဲတွေရှိနေတာပါ။

ဒုက္ခသည်တွေ နေထိုင်နိုင်ရေးဆောင်ရွက်နေတဲ့ အိမ်ဆောက်ပစ္စည်းတွေဟာ လမ်းခရီးခက်ခဲနေတာကြောင့် မရောက်နိုင်ဖြစ်နေရတယ်လို့ ပလက်ဝမြို့နယ် စစ်ဘေးကူညီရေးကော်မတီက ဦးကျော်ခင်က  ပြောပါတယ်။

“ဆန်အိတ်တွေ၊ တခြား ပစ္စည်းတွေ၊ သံဖြူတွေတင်ဖို့ ကြိုးစားသေးတယ်။ ဒါပေမဲ့ မိုးရွာ အင်မတန်များတော့ လမ်းခရီးက အဆင်မပြေဘူး။ အခက်အခဲကတော့ ခုနက ပစ္စည်းတွေက အစ လမ်းခရီးက မိုးများရင်တော့ အခက်ခဲရောက်မှာပဲ။ ရခိုင်ပြည်နယ် ကျောက်တော်က ရေလမ်းပွင့်ရင်တော့ တော်တော်များများ အဆင်ပြေမှာပေါ့ဗျာ။”

လက်ရှိ မိုးတွင်းကာလမှာ မတူပီကနေ ဆမီးမြို့ကိုသွားတဲ့ ကားလမ်းဟာ သွားလာရခက်ခဲနေပြီး အရင်က နာရီပိုင်းလောက်ပဲ သွားရတဲ့လမ်းကို အခု သုံးရက်လောက် သွားနေရတာဖြစ်ပါတယ်။

ဆမီးမြို့ပေါ်ကို ထွက်ပြေးရောက်ရှိနေတဲ့ ဒုက္ခသည်တွေကတော့ နေအိမ်ဆောက်ပေးထားတဲ့ဆီ ပြောင်းရွှေ့ပြီး ဖြစ်တယ်လို့ ဆမီးမြို့မှာ ဒုက္ခသည်တွေကို ကူညီပေးနေတဲ့ ကိုပါမောင်က ပြောပါတယ်။

"ဆမီးက ကျောင်းတွေမှာတော့ အကုန်လုံးဖယ်ပေးလိုက်ပြီး သူတို့အတွက် လုံးချင်းအိမ် သီးသန့်ဆောက်ပေး ထားတယ်။ ၃၀၀၀ ဝန်းကျင်လောက်တော့ လုပ်ပေးထားတယ်။ အိမ်ငှားတာက ၈၀ ကျော်လောက်ရှိတယ်။ အစိုးရက လုပ်ပေးတာနဲနဲပဲရှိတယ်။ NGO တွေ စစ်ဘေးရှောင်ကူညီရေးတွေ ပရဟိတအဖွဲ့တွေကလုပ်ပေး တာ။ ပလက်ဝဘက်မှာတော့ လုံးဝကို ဖယ်ထုတ်လို့ မရသေးဘူးပြောတယ်။ အထကတွေ အလကတွေ ဒီတိုင်းအပြည့်ပုံထားရတယ်။"

ရွာလုံးကျွတ် ထွက်ပြေးလာရတဲ့ စစ်ဘေးဒုက္ခသည်တွေထဲမှာ ကျောင်းသားတွေလည်းပါဝင်ပြီး သူတို့ ပညာ သင်ကြားနိုင်ရေးမှာလည်း အခက်အခဲတွေရှိနေပါတယ်။

ချင်းပြည်နယ် ပလက်ဝမှာဖြစ်ပွားနေတဲ့ တပ်မတော်နဲ့ AA တို့ တိုက်ပွဲတွေကြောင့် ပလက်ဝကျေးရွာတွေက စစ်ဘေးဒုက္ခသည်တွေဟာ ပလက်ဝမြို့ပေါ်မှာ ငါးထောင်ကျော်နဲ့ ပလက်ဝမြို့အနီးက ဆမီးမြို့ပေါ်မှာ ခြောက်ထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org