သစ်နဲ့ သယံဇာတ အလွန်အကျွံထုတ်ယူမှုကြောင့် သစ်တောပြုန်းတီးမှုများလာ
မြန်မာနိုင်ငံမှာ ၂၀၂၄ အောက်တိုဘာတစ်လတည်းမှာတင် သစ်တောပြုန်းတီးမှုဧရိယာ ဧက ၃၄၀၀ ကျော် ရှိခဲ့ပါတယ်။
-
RFA Burmese
2024-11-13 -
-
-
စစ်တပ်အာဏာသိမ်းပြီးနောက် သစ်ခိုးထုတ်တာတွေ၊ သယံဇာတကို အထိန်းအကွပ်မဲ့ တူးတာတွေကြောင့် နိုင်ငံတစ်ဝန်း သစ်တောပြုန်းတီးမှု မခန့်မှန်းနိုင်လောက်အောင် ဖြစ်နေတယ်လို့ သဘာဝ ပတ်ဝန်းကျင် လေ့လာစောင့်ကြည့်နေသူတွေက ပြောပါတယ်။
ဝါရှင်တန်ဒီစီအခြေစိုက် Global Forest Watch ကမ္ဘာ့သစ်တောစောင့်ကြည့်ရေးအဖွဲ့ရဲ့ ဖော်ပြချက်အရ မြန်မာနိုင်ငံမှာ ၂၀၂၄ အောက်တိုဘာလတစ်လတည်းမှာတင် သစ်တောပြုန်းတီးမှု ဧရိယာ ဧက သုံးထောင့်လေးရာကျော် (၃၄၃၄ ဒသမ ၇၆၅ ဧက) ရှိခဲ့တယ်လို့ သိရပါတယ်။
"စစ်ကောင်စီကလည်း ဒီတောကို သူတို့မတက်ပေမဲ့ ပိုက်ဆံပေးပြီး တက်မယ်ဆိုရင် ဘာခုတ်ခုတ် ခွင့်ပြုတယ်"
ဒီကာလမှာ ဥပဒေစိုးမိုးမှုမရှိတော့တဲ့အတွက်ဖြစ်ရတာလို့ အမေရိကမှာ သဘာဝပတ်ဝန်းကျင် ပြန်လည်ထူထောင်ရေးဘာသာရပ်ကို ပါရဂူတန်းတက်နေတဲ့ ဦးလှနိုင်က ပြောပြပါတယ်။
"သစ်ကို အလွန်အကျွံထုတ်တာက အဓိကအကြောင်းအရာပေါ့။ နောက်တစ်ခုက သဘာဝတောတွေကို အခြားမြေအဖြစ် အကြောင်းအမျိုးမျိုးကြောင့် ပြောင်းလဲတာ။ နောက်ထပ်အကြောင်းအရာက သတ္တုတူးတာ။ မြေရှားသတ္တုတူးတာ၊ ရွှေတူးတာ၊ နောက် ကျောက်စိမ်းတူးတာ ကျန်တဲ့ သတ္တုတွေတူးတဲ့ နေရာ။ ကျွန်တော်တို့ ဒီကာလမှာ ဥပဒေစိုးမိုးမှု ဘယ်သူမှမလုပ်နိုင်တော့တဲ့ အနေအထားမျိုးမှာ ထုတ်ယူကြတာပေါ့နော်"
၂၀၀၁ ကနေ ၂၀၂၃ ခုနှစ်အထိ အနှစ်နှစ်ဆယ်ကျော်မှာ သစ်တောပြုန်းတီးနေတဲ့ထိပ်တန်းငါးနေရာကို ကမ္ဘာ့သစ်တောစောင့်ကြည့်ရေးအဖွဲ့ ရဲ့ ဝဘ်ဆိုက်မှာ အစဉ်လိုက်ဖော်ပြထားတာကတော့ ရှမ်းပြည်နယ်၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ ကရင်ပြည်နယ်ဖြစ်ပါတယ်။ အဲဒီငါးနေရာပေါင်း ဧက ၉ သန်းကျော် သစ်တောပြုန်းတီးနေပါတယ်။
၂၀၁၅ နဲ့ ၂၀၂၀ NLD အစိုးရကာလက ပဲခူးရိုးမမှာ သစ်ထုတ်လုပ်မှုတွေ အနားပေးတဲ့ အစီအစဉ်တွေ ရှိခဲ့ပါတယ်။ စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်မှာတော့ သစ်ခိုးထုတ်တာတွေ ပြန်များလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဆက်နွှယ်သောသတင်းများ
အလွန်အကျွံသစ်ထုတ်မှုကြောင့် သစ်တောဖုံးလွှမ်းမှု ၄၂ ရာခိုင်နှုန်းထိ ကျဆင်း
အာဏာသိမ်းကာလ သယံဇာတ အလွန်အကျွံထုတ်ယူမှုကြောင့် သဘာ၀ပတ်ဝန်းကျင်ထိခိုက်
သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အသိပညာမျှဝေပေးနေတဲ့ အမျိုးသမီးလူငယ်အဖွဲ့
ပဲခူးရိုးမမှာ သြဂုတ်လ ၁၄ ရက်နေ့က ကျွန်းသစ် ၁၅ ကုဗပေနဲ့ စက်တင်ဘာလ ၁ ရက်နေ့မှာ ကျွန်းသစ် အလုံး ရှစ်ဆယ် တရားမဝင်ခိုးထုတ်တာကို အုတ်ဖိုမြေအောက်ပြောက်ကျားအဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။ သစ်ခိုး ထုတ်တဲ့သူတွေနဲ့ ကျွဲတွေကို ပြန်လွှတ်ပေးလိုက်ပြီး သစ်လုံးတွေကို သိမ်းထားလိုက်တယ်လို့ အဖွဲ့ရဲ့ တပ်ခွဲမှူး ကိုဒေဝ က ပြောပါတယ်။
"စစ်ကောင်စီထိန်းချုပ်ထားတဲ့နေရာတွေ ရွာတွေကနေပြီးတော့ ကျွဲတွေမောင်းပြီး တက်လာတယ်။ အနီးစပ်ဆုံး စစ်ကောင်စီကို ခွင့်တောင်းတယ်။ စစ်ကောင်စီကလည်း ဒီတောကို သူတို့မတက်ပေမဲ့ ပိုက်ဆံပေးပြီး တက်မယ်ဆိုရင် ဘာခုတ်ခုတ် ခွင့်ပြုတယ်။ တိုက်ပွဲဖြစ်နေတဲ့အချိန် ကြားချောင် စီးပွားရေးလောဘသားတွေက စစ်ကောင်စီကို ငွေပေးပြီးတော့ အထူးသဖြင့် သစ်ကုန်သည်တွေပေါ့"
ဒါကြောင့် သစ်ခိုးခုတ်တဲ့သူတွေ အရင်ထက်ပိုများလာတဲ့အတွက် အုတ်မြို့နယ်ထဲက ဧက ကိုးရာလောက် ရှိတဲ့ ကျွန်းစိုက်ခင်းတွေကို ဒေသကာကွယ်ရေးအဖွဲ့က စောင့်ကြည့်ထိန်းသိမ်းနေတယ်လို့ ပြောပါတယ်။
စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်းမှာ ဇူလိုင်လအတွင်း ကျွန်းသစ်တန်ချိန် သုံးဆယ်အပါအဝင် တရားမဝင်သစ် စုစုပေါင်း ၅၇၅ တန် ဖမ်းဆီးမိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က သတင်းထုတ်ပြန် ထားပါတယ်။
ကချင်ပြည်နယ်က မြေရှားသတ္တုနဲ့ တခြားသယံဇာတတူးတဲ့နေရာတွေမှာ သစ်တောပြုန်းတီးမှု ဆိုးဆိုး ရွားရွားဖြစ်နေတယ်လို့ သဘာဝပတ်ဝန်းကျင်လေ့လာစောင့်ကြည့်သူတစ်ဦးက ပြောပါတယ်။
"မြေရှားတူးဖော်တဲ့နေရာတွေ ကျွန်တော်တို့ရောက်ရှိသွားတဲ့အခါမှာ သစ်ပင်တွေခြောက်သွားတဲ့ အနေအထားတွေ အဲဒီလိုမျိုးတော့ရှိတယ်။ သူတို့ အဲဒါမကဘူး၊ တခြား ရွှေတို့ အဲဒီဘက်မှာဆိုရင်တော့ ရွှေတို့ ပြီးလို့ရှိရင် ကျောက်၊ ကျောက်ဖြူတို့။ ပြီးလို့ရှိရင် ကျောက်မဲတို့ တူးတဲ့အခြေအနေ အဲဒီတူးတဲ့နေရာတွေမှာဆိုရင် သစ်ပင်ခြောက်တဲ့ဟာတွေ ရှိတယ်၊၊ အဲဒါကျတော့ ဘယ်ဘက်လဲဆိုရင် တရုတ်နယ်စပ် တစ်လျှောက်ပေါ့နော်"
ရွှေကူ၊ ဆွမ်ပရာဘွမ်၊ မြစ်ကြီးနားပတ်ဝန်းကျင်နဲ့ မြစ်ဆုံအထက်ပိုင်းဒေသတွေမှာ သစ်တောပြုန်းတီးတာ တွေ့ရတယ်လို့ သူက ပြောပါတယ်။
မကွေးတိုင်းမှာလည်း သစ်တောပြုန်းတီးမှုတွေဖြစ်နေတယ်လို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်နေသူတစ်ဦးက ပြောပါတယ်။
"တောင်ညိုလမ်းခွဲတို့ ဘာတို့ဆိုရင် အရင်တုန်းက တကယ့်တောအုပ်ကြီးတွေလေ။ အခုကျ အဲဒီမှာ စိုက်ခင်းတွေ ဘာတွေလုပ်ဖို့နဲ့ ဆိုတော့ ရှိသမျှအပင်တွေ အကုန်အပြောင်ရှင်းပစ်တာ၊ အပြောင်းရှင်းပစ်ပြီး ကျွန်းပင်တွေစိုက် ဘာစိုက်နဲ့ စိုက်တဲ့ကျွန်းပင်ကလည်း မတရားကြီး ဖြစ်ဖြစ်မြောက်မြောက်လည်းမဖြစ်ဘူး။ ရှိသမျှတောလည်း ကုန်သွားတာပေါ့"
လျှပ်စစ်မီးမမှန်လို့ လောင်စာအနေနဲ့ သစ်ပင်တွေကိုခုတ်ပြီး မီးသွေးဖုတ်ရောင်းချတာတွေကလည်း သစ်တောပြုန်းစေတယ်လို့ ထောက်ပြကြပါတယ်။
ဒါကြောင့် အပူပိုင်းဒေသမှာ အထူးစိမ်းလန်းစိုပြည်ရေး အစီအစဉ်တွေလုပ်နေတယ်လို့ စစ်ကောင်စီရဲ့ သစ်တောဝန်ကြီးဌာက အမည်မဖော်လိုတဲ့ အရာရှိတစ်ဦးက ပြောပါတယ်။
"ကျေးရွာထင်းစိုက်ခင်းက ၂၄၂၀၀၊ လောလောဆယ် ကျွန်တော်တို့ စိုက်ခဲ့တာတွေက ယူကလစ်တို့၊ ရှားတို့၊ ကုက္ကိုတို့၊ တမာတို့၊ မယ်ဇလီတို့ပေါ့၊၊ နောက်ပြီးတော့ တစ်ရွာ နှစ်ဧကတို့၊ ဘက်စုံသုံးတို့ အဲဒါ မျိုးတွေ စိုက်တာပေါ့။ ဒီနှစ်အနေနဲ့လေ"
ရေနံချောင်းမြို့နယ်မှာ တစ်ရွာကို နှစ် ဧကနှုန်းနဲ့ ရွာပေါင်း ၁၂ ရွာ စိုက်နေသလို ရေနံချောင်း-မကွေး လမ်းဘေးမှာ အပင် ကိုးထောင်ကျော် စိုက်ထားတယ်လို့ ပြောပါတယ်။
အလွန်အကျွံသစ်ထုတ်ယူမှုအပါအဝင် နိုင်ငံ့ဝင်ငွေအတွက် ခေတ်ဆက်ဆက်သစ်ထုတ်ရောင်းစားခဲ့လို့ နိုင်ငံတစ်ဝန်း သစ်တောဖုံးလွှမ်းမှုရာခိုင်နှုန်း ၄၂ ရာခိုင်နှုန်းခန့်ထိကျဆင်းခဲ့တယ်လို့ စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မနှစ်က (၂၀၂၃ ခုနှစ်) စက်တင်ဘာ ၇ ရက် နေပြည်တော်မှာ ပြုလုပ်တဲ့ မိုးရာသီသစ်ပင်စိုက်ပွဲမှာပြောခဲ့ပါတယ်။
ပြည်သူလုထုရဲ့ဘဝတွေကို ကာကွယ်စောင့်ရှောက်ဖို့အတွက် သစ်ပင်တောတောင်နဲ့ သဘာဝဂေဟ စနစ်တွေကို ထိန်းသိမ်းစောင့်ရှောက်ဖို့ လိုအပ်တယ်လို့ ဦးလှနိုင်က ပြောပါတယ်။
"ပြည်သူလုထုရဲ့ ကျန်းမာရေးနဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်မယ်ဆိုရင် သစ်တောတွေ အနားပေးပါတော့။ သဘာဝဂေဟစနစ်တွေကို အနားပေးပါတော့။ နားလည်အောင် လုပ်ကြပါစို့။ နောက်တစ်ခုကတော့ သဘာဝ ဂေဟစနစ်ကိုလည်း တစ်ပါတည်း အခုကတည်းက ဝိုင်းဝန်းအတူတူ ကျရာနေရာကနေ လုပ်ကြရအောင်လို့ မေတ္တာရပ်ခံပါတယ်"
ဒါတွေကို ပြန်လည်ပြုစုပျိုးထောင်ဖို့ အနည်းဆုံး နှစ်အစိတ်ကနေ သုံးဆယ်လောက် အနားပေးမှရမယ် လို့လည်း သူက အကြံပေးပါတယ်။