အာဏာသိမ်းကာလ သယံဇာတ အလွန်အကျွံထုတ်ယူမှုကြောင့် သဘာ၀ပတ်ဝန်းကျင်ထိခိုက်
2024.06.10
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက် သယံဇာတအရင်းအမြစ် အလွန်အကျွံထုတ်ယူမှုကြောင့် သဘာ၀ပတ်ဝန်းကျင်ထိခိုက်ပြီး ရာသီဥတုပြောင်းလဲမှုတွေ ဖြစ်ပေါ်စေခဲ့တယ်လို့ အမေရိကန်နိုင်ငံ ဂျော့တောင်းတက္ကသိုလ်ရဲ့ နိုင်ငံတကာရေးရာဂျာနယ်မှာ ဇွန်လ ၉ ရက်နေ့က ဖော်ပြပါတယ်။
အာဏာသိမ်းပြီးနောက် ကျောက်စိမ်း၊ မြေရှားသတ္တု၊ ကျွန်းသစ်နဲ့ ရွှေ စတဲ့ သစ်ခုတ်တာနဲ့ သတ္တုတူးဖော်တာတွေကို အလွန်အကျွံလုပ်ဆောင်လာကြတယ်လို့ ဆိုပါတယ်။ ဒါကြောင့် သဘာ၀ပတ်ဝန်းကျင်ထိခိုက်မှု၊ လေထုညစ်ညမ်းမှု၊ မြေယာတွေပျက်စီးနဲ့ သဘာ၀ဘေးအန္တရာယ်ခံစားရမှုတွေ တိုးမြင့်လာတယ်လို့ ဖော်ပြပါတယ်။
အာဏာသိမ်းပြီးနောက် လျှပ်စစ်မီးမမှန်တော့တာကြောင့် ချက်ပြုတ်ရာမှာ မီးသွေးကို ပိုပြီး အသုံးပြုလာတာကလည်း သစ်တောပြုန်းတီးမှုတွေ ပိုများလာစေတယ်လို့လည်း ဆိုပါတယ်။
အထူးသဖြင့် တနင်္သာရီတိုင်းက လယ်ယာစိုက်ပျိုးရေးနဲ့ ငါးဖမ်းလုပ်ငန်းလုပ်ကိုင်ကြသူတွေဟာ မီးသွေးထုတ်လုပ်တာကို လုပ်ကိုင်လာကြတာကြောင့် သစ်တောတွေကို ပြုန်းတီးစေတယ်လို့ ဖော်ပြပါတယ်။
မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပွားနေတဲ့ ပဋိပက္ခတွေဟာလည်း သဘာ၀ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာလုပ်ငန်းတွေကို ထိခိုက်မှုရှိစေတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံဟာ ရာသီဥတုဆိုးရွားတဲ့ဒဏ် အများဆုံးခံရတဲ့ ကမ္ဘာ့နိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်ပြီး ရေလွှမ်းမိုးမှု၊ ဆိုင်ကလုန်းမုန်တိုင်း၊ အပူချိန်လွန်ကဲမှုနဲ့ မြေပြိုမှုတွေလို ကြုံတွေ့ရလေ့ရှိတယ်လို့ ဖော်ပြထားပါတယ်။