ဆီအုန်းစီမံကိန်းနဲ့ သစ်တောပြုန်းတီးမှုဆက်စပ်နေကြောင်း လေ့လာသူပြော

စမ်းစမ်းတင် (ဝါရှင်တန်ဒီစီ)
2024.05.14
ဆီအုန်းစီမံကိန်းနဲ့ သစ်တောပြုန်းတီးမှုဆက်စပ်နေကြောင်း လေ့လာသူပြော တနင်္သာရီတိုင်းအတွင်းရှိ ဆီအုန်းစိုက်ပျိုးထားတဲ့ ခြံတစ်ခြံကို တွေ့ရစဉ်။
RFA

ကမ္ဘာမှာ သစ်တောဖုံးလွှမ်းဧက က ၃၁ ရာခိုင်နှုန်း ရှိပြီး ကုန်းနေ သတ္တဝါ၊ အပင်နဲ့ပိုးမွှား ၈၀ ရာခိုင်နှုန်းက သစ်တောတွေမှာ မှီတင်းနေထိုင်တယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။ ဒါပေမဲ့ လူ့သမိုင်းမှာ တခြားကာလတွေထက် အခုက ဇီဝမျိုးစုံမျိုးကွဲတွေ မြန်မြန်ဆန်ဆန်ကျဆင်းနေတယ်လို့လည်း ဒီလ ၇ ရက်နေ့က ပြောပါတယ်။ သစ်တောပြုန်းတီးရင် သတ္တဝါတွေ ကျက်စားရာ တောပျောက်တာနဲ့ အတူ ကျဆင်းတာလည်း ဖြစ်ပါတယ်။

သစ်တောပြုန်းတီးတာရဲ့ ၉၀ ရာခိုင်နှုန်း နီးပါးဟာ စိုက်ပျိုးမြေချဲ့ထွင်တဲ့ အတွက်ဖြစ်ပါတယ်။ ဒါဟာ လူသားတွေရဲ့ ရိက္ခာနဲ့တိုက်ရိုက်ဆက်စပ်ပြီး စားအုန်းဆီစိုက်ပျိုးရေးဟာ ၂ဝဝဝ ပြည့်နှစ်က ၂၀၁၈ အတွင်း ကမ္ဘာ့သစ်တော စုစုပေါင်းရဲ့ ၇ ရာခိုင်နှုန်းကို ပြုန်းတီးစေတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာတော့ တနင်္သာရီတိုင်းကို ဆီအိုးကြီးဖြစ်စေရမယ်လို့ စစ်အစိုးရလက်ထက်က ကြွေးကြော်ပြီး နှစ် ၃၀ နှစ်ရှည်ဖွံ့ဖြိုးရေး အစီအစဉ်ကို ၁၉၉၉-၂၀၀၀ ပြည့်နှစ်က စတင်လို့ ၂ဝ၃ဝ ပြည့်နှစ်မှာ ဧက ၇ သိန်း( ဟက်တာ ၂၈၃၂၈၀) စိုက်ပျိုးဖို့ရည်မှန်းထားပါတယ်။ တကယ်တော့ ဆီအုန်းစိုက်ပျိုးခွင့်ရတဲ့ လုပ်ငန်းရှင်တွေကို သစ်ခုတ်ခွင့် ပေးလိုက်တာပဲလို့ လေ့လာသူတစ်ယောက်က ပြောတာပါ။

“ဆီအုန်းစိုက်မယ်ဆို အပြောင်ထုတ်ခွင့် ပါမစ်ပေးတာပဲ။ ဧက တစ်သောင်းစိုက်မယ်ဆိုရင် တစ်နှစ်ကို ထောင့်ငါးရာစိုက်မယ် စာချုပ်တယ်။ သို့သော်လဲ မစိုက်ဘူး။ သစ်ထုတ်တဲ့ လုပ်ငန်းနဲ့ဆက်စပ်တယ်။ ရော်ဘာစိုက်တာလည်း မဟုတ်ဘူး၊ ဆီအုန်းစိုက်တာလည်း မဟုတ်ဘူး။”

တနင်္သာရီတိုင်း ဒေသခံတစ်ယောက်ကလည်း ...

“ဆီအုန်းစိုက်မယ်ဆိုပြီး အယောင်ပြပြီး သစ်ထုတ်ကြတာ။ သူဌေးတွေကလည်း ဆီအုန်းစိုက်တာ မဟုတ်ပါဘူး။ ဆီအုန်းစိုက်မယ်ဆိုပြီး မြေနေရာယူတယ်။ ပြီးရင် သစ်ထုတ်တာ”

ဆီအုန်းစိုက်မယ်ဆိုပြီး သဘာဝတောတွေ ခုတ်တာဖြစ်ပြီး သစ်တောနှစ်ဧကခွဲကျော်နဲ့ ညီမျှတဲ့ တစ်ဟက်တာကို (၂.၄၇ ဧက) ဆီအုန်းတစ်မျိုးတည်းစိုက်တဲ့ စိုက်ခင်းဘဝ ပြောင်းလိုက်တိုင်း ကာဘွန် ၁၇၄ တန် ထွက်တယ်လို့လည်း သုတေသီတွေက ပြောပါတယ်။

ဆီအုန်းကြောင့်သာမက တခြားအကြောင်းတွေအရလည်း သစ်တောတွေ ပြုန်းတီးနေတာပါ။ ၂ဝဝ၂ က ၂၀၂၃ အတွင်း မြန်မာ့သဘာဝသစ်တောဖုံးလွှမ်းဧရိယာ ၁၆ ရာခိုင်နှုန်း ဆုံးရှုံးရတယ်လို့ Global Forest Watch ကမ္ဘာ့သစ်တောစောင့်ကြည့်ရေးအဖွဲ့က ပြောပါတယ်။

၂၀၀၁ က ၂၀၂၃ အတွင်း တစ်နှစ်ကို သစ်တောဖုံးလွှမ်းဧရိယာ ၉ ဒသမ ၆ ရာခိုင်နှုန်း ဆုံးရှုံးရတယ်လို့လည်း ဆိုပါတယ်။ မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီက စလို့ တောမီးက သီတင်း ၁၁ ပတ် အထူးတလည် လောင်ကျွမ်းတယ်လို့လည်း ဖော်ပြပါတယ်။

ဒီနေရာမှာ စားကျက်မြေနဲ့ တောမီးလောင်တာ ဆက်စပ်လာပါတယ်။ အင်္ဂလိပ်ခေတ်တုန်းက သတ်မှတ်ခဲ့တဲ့ စားကျက်မြေတွေကို ဆိုင်ရာပိုင်ရာတွေက ခွဲဝေယူတာကို သစ်တောအရာရှိဟောင်း တစ်ယောက်က ဆက်စပ်ပြောပြပါတယ်။

“စားကျက်မြေတွေ မရှိတော့တဲ့အတွက် လယ်သမားတွေက ကြိုးဝိုင်းတွေမှာ နွားဝင်ကျောင်းတယ်။ နွေဦးရာသီမှာ ကြိုးဝိုင်းတွေထဲ မြက်မရှိဘူး၊ မြက်မရှိတော့ သစ်တောကို မီးတင်ရှို့တော့ မိုးမကျခင် မြက်နုလေးတွေထွက်လာတယ်။ အဲဒီမြက်နုတွေကို နွားတွေစားလို့ရအောင်။ အဲဒါကြောင့် သစ်တောကြိုးဝိုင်းတွေ မီးလောင်တာ အဲဒီကိစ္စပဲ။”

ဒီနေရာမှာ လယ်သမားတွေကိုပဲ အပြစ်ပုံချဖို့ မဖြစ်သင့်ပေမဲ့ တောမီးကြောင့်လည်း သစ်တောပြုန်းတီးရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။