စစ်ကောင်စီရဲ့ သေဒဏ်စီရင်မှု ပဋိပက္ခကို ပိုမိုပြင်းထန်စေနိုင်
၈၈ ကျောင်းသားခေါင်းဆောင် ဦးဂျင်မီနဲ့ NLD လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖြိုးဇေယျာသော် အပါအဝင် လေးဦးကို စစ်ကောင်စီက ကြိုးပေးကွပ်မျက်မှုဟာ မြန်မာ့ငြိမ်းချမ်းရေး ဆောင်ရွက်မှုတွေကို နှောင့်နှေးသွားစေနိုင်ပြီး စစ်ရေးအရလည်း လက်တုံ့ပြန်မှုတွေ ပြင်းထန်လာနိုင်တယ်လို့ နိုင်ငံရေး လေ့လာသုံးသပ်သူတွေက ထောက်ပြပါတယ်။ အာဆီယံက ဖော်ဆောင်ဖို့ကြိုးပမ်းနေတဲ့ ဒေါ်အောင်ဆန်းစုကြည် ပါဝင်လာမယ့် တွေ့ဆုံနွေးဆွေးရေးလမ်းကြောင်းဟာလည်း မဖြစ်နိုင်တော့ဘူးလို့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။
- 2022-07-26
-
-
-
၈၈ ကျောင်းသားခေါင်းဆောင် ဦးဂျင်မီ၊ NLD လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နဲ့ ကိုအောင်သူရဇော် စတဲ့ ဒီမိုကရေစီအရေးလှုပ်ရှားသူ လေးဦးကို ကွပ်မျက်လိုက်ကြောင်း စစ်ကောင်စီက ဇူလိုင်လ ၂၅ ရက် မနေ့က ကြေညာခဲ့ တာပါ။ ဒီကွပ်မျက်မှုရဲ့ အကျိုးဆက်ကြောင့် ငြိမ်းချမ်းရေးနဲ့ တွေ့ဆုံဆွေးနွေးရေး လုပ်ငန်း စဉ်တွေမှာ အဟန့်အတားဖြစ်လာနိုင်သလို ပြည်တွင်းမှာ စစ်ရေးပဋိပက္ခတွေလည်း ပိုမို ပြင်းထန်လာနိုင်တယ်လို့ နိုင်ငံရေး လေ့လာသုံးသပ်သူတွေက ထောက်ပြပါတယ်။
အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) က ဗိုလ်မှူးကြီး ခွန်ဥက္ကာကတော့ ဒီကွပ်မျက်မှုကြောင့် PPST အနေနဲ့ ငြိမ်းချမ်း ရေး ဆွေးနွေးမှုတွေနဲ့ပတ်သက်လို့ ခေါ်တိုင်း တွေ့မှာမဟုတ်တော့ဘူးလို့ ပြောပါတယ်။
"ဒီကိစ္စတွေ ပေါ်လာတဲ့အပေါ်မှာ ဒီလုပ်နည်းလုပ်ဟန်တွေဟာ NCA မှာ ပါတဲ့အတိုင်း လူ့အခွင့်အရေးကို လေးစားလိုက်နာပါမယ်ဆိုတဲ့အချက်၊ နောက်ပြီး ပြည်သူလူထုရဲ့ ဘဝ၊ အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်မယ်ဆိုတဲ့ သဘောတူချက်တွေကို လက်မှတ်ထိုးထားတဲ့သူတွေအချင်းချင်း မဖောက်သင့်ဘူးပေါ့။ ဒါကြောင့် အဲဒီအပေါ်မှာ မူတည်ပြီးတော့ ထပ်မံဆွေးနွေးဖို့ရှိတယ်ဆိုရင်လည်းပဲ ကျနော်တို့ကတော့ လိုအပ်သလို ညှိနှိုင်းဆွေးနွေးမှု တွေ မလုပ်သေးဘဲ၊ ခေါ်တိုင်းတွေ့တာတော့ မလုပ်သေးဘူးပေါ့ဗျာ။ အဲဒီသဘောထားလေး တော့ ချထားပါတယ်"
စစ်ကောင်စီရဲ့လုပ်ရပ်ဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေအပေါ်မှာ ပြည်သူတွေရဲ့ ယုံကြည်မှု နည်းသွားစေတာကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေပါ ပျက်သွားနိုင်တယ်လို့လည်း ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောပါတယ်။
ဒီမိုကရေစီအရေးလှုပ်ရှားသူ လေးဦးကို စစ်ကောင်စီက ကွပ်မျက်လိုက်တာကြောင့် မနေ့က ရန်ကုန်မြို့ပေါ်မှာ ဆန္ဒပြလှုပ်ရှားမှုတွေနဲ့ အင်းစိန်အကျဉ်းထောင်ကို သေနတ်နဲ့ ပစ်ခတ်မှု တွေပါ ရှိခဲ့ပါတယ်။
အခုလိုကွပ်မျက်မှုအပေါ် ပြည်သူတွေက လက်မခံတာကြောင့် နိုင်ငံတကာက ကြိုးပမ်း နေတဲ့ ဒေါ်အောင်ဆန်းစုကြည် ပါဝင်လာမယ့် တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းဟာ ဖြစ်နိုင်ခြေ မရှိသလောက်ဖြစ်သွားပြီလို့ လုံခြုံရေးဆိုင်ရာ ဘာသာရပ်လေ့လာသူ ကိုကျော်စောဟန်က ပြောပါတယ်။
"နိုင်ငံတကာက ကူညီနေတဲ့ အာဆီယံလမ်းကြောင်းပေါ့နော်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့မယ်။ ပြီးရင် စစ်ကောင်စီနဲ့တွေ့ပြီး ပဋိပက္ခမှာ ပါဝင်နေတဲ့ အားလုံးနဲ့တွေ့မယ် ပေါ့နော်။ ဒီလိုနဲ့ ကြားအဖြေတစ်ခုရှာမယ်ဆိုတဲ့ လမ်းကြောင်းကြီးတစ်ခုလုံးလည်း နှောင့်နှေးသွားမယ်လို့ ထင်ပါတယ်။ တွေ့ဆုံဆွေးနွေးရေးကတော့ တော်တော်ကြီး ခက်သွားမယ်လို့ ထင်တယ်ပေါ့နော်။ ဒီအချိန်မှာ လူထုကလည်း ဒေါသထွက်တယ်။ စိတ်ခံစားမှုဒေါသကို ဆွပေးထားသလိုဖြစ်တဲ့အတွက် ဒါကြီးကို လက်ခံဖို့က အရင်က ထက်ပိုပြီး ခဲယဉ်းသွားတာပေါ့နော်။ နှောင့်နှေးသွားပြီ၊ ဖြစ်နိုင်ခြေ တော်တော်နည်းသွား ပြီလို့ ပြောလို့ရတာပေါ့နော်။ ဒီအချိန်မှာတော့"
မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀ အတွင်း ၁၉၇၄ ဦးသန့်အရေးအခင်းနဲ့ ၁၉၇၆ မှိုင်းရာပြည့် ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး၊ ဗိုလ်မှူးချုပ် ကျော်ထင်ရဲ့ ကိုယ်ရေးအရာရှိ ဗိုလ်ကြီး အုန်းကျော်မြင့်နဲ့ ၁၉၈၃ အာဇာနည်ဗိမာန် ဗုံးဖောက်ခွဲမှု ကျူးလွန်တဲ့ မြောက်ကိုရီးယားနိုင်ငံသား ဇင်ဘိုတို့ သေဒဏ်ကျပြီးနောက် ကွပ်မျက် ခံခဲ့ရပါတယ်။
၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံကနေ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် မတိုင်ခင် နှစ်ပေါင်း ၃၀ ကျော်အတွင်းမှာလည်း သေဒဏ်အမိန့်ချခံရသူတွေ ရှိပေမယ့် လက်တွေ့ကွပ်မျက်တာမျိုး မလုပ်ခဲ့ပါဘူး။
၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ အာဏာသိမ်းပြီးတက်လာတဲ့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လက်ထက်ကျမှ ကျောင်းသားခေါင်းဆောင် ဦးဂျင်မီ ခေါ် ဦးကျော်မင်းယု အပါအဝင် လေးဦးကို ကြိုးပေးကွပ်မျက်လိုက်တာ ဖြစ်ပါတယ်။
ဒီလို နှစ်ပေါင်းသုံးဆယ်ကျော်အတွင်းမှာ မရှိခဲ့တဲ့ သေဒဏ်ကို စစ်ကောင်စီက တကယ် စီရင်လိုက်တာဟာ နိုင်ငံရေးအရ ဖြေရှင်းရေးလမ်းကြောင်းကို ရွေးချယ်ထားသူတွေအတွက် ခက်ခဲသွားတယ်လို့ ပြည်သူ့ပါတီ ဥက္ကဋ္ဌ ဦးကိုကိုကြီး က ပြောပါတယ်။
"နိုင်ငံရေးအရ အဖြေရှာမယ့်သူတွေအတွက် ဒီဆောင်ရွက်မှုကြောင့်မို့လို့ လုပ်ရကိုင်ရ တာ အင်မတန်ခက်သွားတယ်။ လူထုရဲ့ စိတ်ခံစားမှုကလည်း အရမ်းမြင့်သွားတယ်။ ဒါကြောင့် မို့လို့ ဒီကိစ္စကို မလုပ်ဖို့ အရင်ကတည်းကလည်း ကန့်ကွက်ခဲ့တာပေါ့နော်။ မေတ္တာရပ်ခံ ခဲ့တာ။ အခုလို ဖြစ်လာတဲ့အခါကျတော့ နိုင်ငံရေးအရ ဖြေရှင်းမယ့်နေရာမှာ အခက်အခဲတွေ အများကြီး ဖြစ်သွားတယ်လို့ မြင်ပါတယ်"
ပစ်ခတ်တိုက်ခိုက်မှုတွေ ပိုပြင်းထန်လာနိုင်သလို တစ်ဖက်ကလည်း အင်အားသုံး နှိမ်နင်းမှု တွေ လုပ်လာမှာဖြစ်လို့ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက်ပါ အဟန့်အတား ဖြစ်လိမ့်မယ်လို့ သူက ပြောပါတယ်။
စစ်ကောင်စီကို ဆန့်ကျင်နေကြတဲ့ တော်လှန်ရေးအင်အားစုတွေဘက်က လက်တုံ့ပြန်မှု တွေကလည်း ပြင်းထန်လာနိုင်တယ်လို့ နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးရဲထွန်းက ပြောပါတယ်။
"အဲဒါကတော့ နည်းနည်း ပြင်းထန်တာပေါ့နော်။ ပြန်ပြီးတော့ လက်တုံ့ပြန်တာမျိုး ထူးထူး ခြားခြား ဖြစ်လာနိုင်တယ်။ မကြာသေးခင်ကပဲ AA က ထိုင်း - ကရင်နယ်စပ်မှာ သူတို့စခန်း ပေါ်ကို ဗုံးကြဲချလိုက်တော့ သူတို့ဒေသမှာ လက်တုံ့ပြန်မယ်ဆိုပြီးတော့ တိုက်ပွဲတွေ ပြန်ဖော်တာပေါ့နော်။ အဲဒီတော့ ရခိုင်ဘက်မှာ တိုက်ပွဲတွေဖြစ်ပြီးတော့ အတိုက်ခံရတာပေါ့။ ဆိုတော့ အခုကိစ္စမှာလည်း အဲဒီလိုကတော့ ရှိနိုင်တယ်။ PDF တွေ တိုက်နေတဲ့ ဒေသတွေ မှာရော၊ မြို့ပေါ်တွေမှာရော ရှိနိုင်ပါတယ်"
ဒီမိုကရေစီအရေး လှုပ်ရှားသူ လေးဦးကို စစ်ကောင်စီက ကွပ်မျက်လိုက်တဲ့အပေါ် ကုလ သမဂ္ဂနဲ့ အမေရိကန် အပါအဝင် အနောက်နိုင်ငံတွေကလည်း ရှုတ်ချထားကြပြီး အာဆီယံ ဥက္ကဋ္ဌ၊ ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်ကပါ လက်မခံကြောင်း ထုတ်ပြန်ထားပါတယ်။
ပြည်တွင်းက တော်လှန်ရေးအင်အားစုတွေကလည်း ဒီအတွက် လက်တုံ့ပြန်မယ်လို့ အသီးသီး ကြေညာထားကြပါတယ်။
စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ လူလေးဦးအပေါ် ကွပ်မျက်မှု ကြောင့် ဖြစ်ပေါ်လာမယ့် သက်ရောက်မှုတွေကို ကြိုတွေးထားပြီးဖြစ်ပေမယ့် သူတို့ရဲ့ လက်ချက်နဲ့ သေဆုံးခဲ့ရသူတွေရဲ့ တရားမျှတမှုအတွက် သေဒဏ်ပေးကွပ်မျက်ဖို့ ဆုံးဖြတ် ခဲ့တာလို့ ဒီနေ့ နေပြည်တော်မှာ ကျင်းပတဲ့ စစ်ကောင်စီအဖွဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။
"နိုင်ငံရေးအရ ပြေလည်နိုင်တဲ့ လမ်းကြောင်းဆိုတာက အခုဒီလုပ်ရပ်အားဖြင့် ပျက်စီးသွားပြီလို့ ပြောလို့ရတာပေါ့"
ဒါပေမဲ့ ဒီလုပ်ရပ်ကြောင့် ပြည်တွင်းရေးဟာ ဆိုးရွားတဲ့ဘက်ကို ဦးတည်သွားစေနိုင်တယ်လို့ နိုင်ငံရေး လေ့လာသူ ဒေါက်တာ စိုင်းကြည်ဇင်စိုးက သုံးသပ်ပါတယ်။
"ငြိမ်းချမ်းရေးလမ်းကြောင်းနဲ့ ညှိနှိုင်းဆွေးနွေးမယ်၊ နိုင်ငံရေးလမ်းကြောင်းက ညှိနှိုင်း ဆွေးနွေးမယ်ဆိုတဲ့ ဆန္ဒရှိတဲ့ လူတွေအတွက်ပါ အခုအချိန်မှာ အဲဒီလမ်းကြောင်းလိုက်ဖို့ ခက်သွားလိမ့်မယ်။ အခုအချိန်မှာတော့ တွေ့မယ်၊ ညှိမယ် အထူးသဖြင့် သွေးကြွေးမှာ ဆွေးနွေးစရာမရှိဘူး ဆိုတဲ့ဟာမျိုးပေါ့။ အဲဒါက ပိုပြီး ခိုင်မာသွားတာပေါ့။ အဲဒီအတွက် ကြောင့်မို့လို့ Moderate ဖြစ်တဲ့ နိုင်ငံရေးအရ ပြေလည်နိုင်တဲ့ လမ်းကြောင်းဆိုတာက အခုဒီလုပ်ရပ်အားဖြင့် ပျက်စီးသွားပြီလို့ ပြောလို့ရတာပေါ့"
စစ်ကောင်စီရဲ့ ဒီလုပ်ရပ်အပေါ် ဥရောပသမဂ္ဂ၊ သြစတြေးလျ၊ ကနေဒါ၊ ဂျပန်၊ နယူးဇီလန်၊ နော်ဝေ၊ ကိုရီးယား၊ ဗြိတိန် နဲ့ အမေရိကန်နိုင်ငံတွေရဲ့ နိုင်ငံခြားရေးဝန်ကြီးတွေက ဒီမနက် မှာလည်း ပြစ်တင်ရှုတ်ချထားကြပြီး ဒါဟာ အကြမ်းဖက်လုပ်ရပ်တစ်ခုဖြစ်တယ်လို့ ပူးတွဲ ထုတ်ပြန်ထားကြပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကတော့ စစ်ကောင်စီကို နိုင်ငံရေး၊ စစ်ရေး၊ နိုင်ငံခြားရေး နည်းလမ်းတွေ အသုံးပြုပြီး ထိရောက်ပြင်းထန်တဲ့ တုံ့ပြန်မှုတွေလုပ်သွားမယ် လို့ မနေ့ညက ကြေညာထားပါတယ်။
မြို့ပေါ်မှာ ပြောက်ကျားတိုက်ခိုက်ရေး လုပ်နေသူတွေကလည်း သွေးကြွေးမှာ ဆွေးနွေးစရာ မရှိဆိုပြီး စစ်ရေးအရှိန်မြှင့်တင်မယ်လို့ မနေ့က ကြေညာထားပြီး NUG လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကလည်း စစ်ကောင်စီကို ပိုပြီးတိုက်ခိုက်သွားမယ်လို့ RFA ကို မနေ့က ပြောပါတယ်။