ဒေါ်အောင်ဆန်းစုကြည်အမှု တရားလိုက တရားခံဖြစ်နေဟု ရှေ့နေ ဦးကြီးမြင့် ပြော
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက ပုဒ်မ မျိုးစုံနဲ့ တရားစွဲထားတဲ့ အမှုတွေဟာ ဥပဒေဘောင်အတွင်းက စစ်ဆေးရင် စွဲချက် အားလုံးက လွှတ်သွားမှာဖြစ်ပေမယ့် မြန်မာပြည်မှာ ဥပဒေစိုးမိုးမှုမရှိကြောင်းနဲ့ ဒီအမှုမှာ တရားလိုဖြစ်ရမယ့်သူက တရားခံဖြစ်နေပြီး တရားခံဖြစ်ရမယ့်သူက တရားလိုဖြစ်နေကြောင်း ရှေ့နေဦးကြီးမြင့်နဲ့ လူ့အခွင့်အရေးလှုပ်ရှား သူတွေက ပြောပါတယ်။
-
ခင်မောင်စိုး(ဝါရှင်တန်ဒီစီ)
2021-07-12 -
-
-
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဇူလိုင် ၁၂ ရက်နေ့ မနေ့ကပြုလုပ်တဲ့ ရုံးချိန်းမှာ စစ်ကောင်စီဘက်က အဂတိလိုက်စားမှု ၄ မှုနဲ့ ထပ်မံစွဲဆိုလိုက်တယ်လို့ သိရပါတယ်။
တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က ဒီအမှုမှာ အမှန်တကယ် ဥပဒေချိုးဖောက်ခဲ့တာက အာဏာသိမ်းစစ်ကောင်စီဖြစ်တယ်။ တကယ်တော့ တရားလိုဖြစ်ရမယ့် ဒေါ်အောင်ဆန်းစုကြည်က တရားခံဖြစ်နေပြီး တရားခံဖြစ်ရမယ့်သူတွေက တရားလိုဖြစ်နေတယ်လို့ ပြောကြားလိုက်ပါတယ်။
“အခု ဒေါ်စုကို စွဲထားတဲ့အမှုတွေက သေသေချာချာသာ ခုခံရမယ်ဆိုရင် အားလုံးလွတ်သွားမှာ။ ပြဌာန်းထားတဲ့ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ၊ နိုင်ငံသားများဆိုင်ရာ လွတ်လပ်ခွင့်ဥပဒေ အဲဒါတွေနဲ့ ကြည့်ရင် ဒေါ်စုကို တရားစွဲလို့မရဘူး။ စွဲရမှာ သူတို့ကို ပြန်စွဲရမှာ။ သက်သေ ၂ ယောက်မပါဘဲ ဝင်စစ်တယ်၊ လိုက်လံ ထောက်လှမ်းတယ်။ နိုင်ငံသားတွေကို အခွင့်မရှိဘဲနဲ့၊ ၂၄ နာရီထက်ပိုချုပ်တယ် တရားရုံး မတင်ဘူး၊ ရှာဖွေဝရမ်းတွေ၊ ဖမ်းဝရမ်းတွေ ၊ ရှာဖွေပုံစံတွေ- နိုင်ငံသားများအခွင့်အရေး ဥပဒေနဲ့အရ အဲဒါတွေနဲ့ အညီ လုပ်ရမယ်လို့ ပြဌာန်းထားတာ။ ဒေါ်စု တို့ သမ္မတဦးဝင်းမြင့်တို့ကို ဖမ်းတဲ့အချိန်က အဲဒီဥပဒေက တည်ဆဲဖြစ်သေးတယ်။ အဲဒီ တည်ဆဲဥပဒေအရ ဆိုရင် သူတို့က တရားခံတွေဖြစ်ပြီးတော့ ဒေါ်စုတို့က ဥပဒေနဲ့ မညီဘဲ ဖမ်းဆီးခံရတာ တရားစွဲခံရတာ။ သူတို့သည် တရားဥပဒေအရ လွှတ်ပေးရမယ်။”
"ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့ရာထူးနေရာကို အသုံးပြုပြီး လာဘ်ပေးလာဘ်ယူလုပ်မယ့် နိုင်ငံရေးသမားမဟုတ်ဘူးဆိုတာ စွဲစွဲမြဲမြဲယုံတယ်"
တကသ ကျောင်းသားဟောင်းများ အင်အားစု ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုနန်းလင်း ကလည်း-
၁၉၇၅ ရွှေတိဂုံကျောင်းသား လှုပ်ရှားမှုနဲ့ ဖမ်းဆီးအပြစ်ပေးခံရတဲ့ ဆေးတက္ကသိုလ်ကျောင်းသားဟောင်း ကိုခင်မော် ကလည်းသူတို့ကို စစ်တပ်သြဇာခံတရားရုံးက ဥပဒေမဲ့ အပြစ်ပေးခဲ့တယ်လို့ ပြောပါတယ်။
“အလုပ်သမားတွေ လွှတ်ပေးဖို့၊ ကျောင်းသားတွေ လွှတ်ပေးဖို့ နဲ့ ကုန်ဈေးနှုန်းကျဖို့အတွက် ဒါကိုဘဲတောင်းဆိုတာ၊ အဲဒါ ကျနော်တို့ကို ဖမ်းသွားတယ်၊ ရှေ့နေနဲ့တွေ့ခွင့်မရှိဘူး။ တရက်မှာလာခေါ်တယ် တရားရုံးအခန်းကျဉ်းလေးထဲမှာ စစ်တယ်။ မင်းတို့ကို ဒီပုဒ်မတွေနဲ့ ဖမ်းတယ်။ ခိုးတဲ့မှု လုယက်မှုလည်းပါတယ်။ အဲဒါမင်းတို့တွေ သဘောတူလားဆိုတော့ ငါတို့သဘောမတူဘူး ကန့်ကွက်တယ်လို့ပြောတော့ အိုကေဆိုပြီး ကျနော်တို့အားလုံးကို နာမည်တွေခေါ်ပြီး ထောင် ၅ နှစ်ဆိုပြီး ချလိုက်တယ်။ ကျနော်တို့မှာ ဘာမှ ခုခံခွင့်မရှိဘူး။ အခု ဒေါ်အောင်ဆန်းစုကြည်ရဲ့အမှုမှာလဲ အမှန်တရားကို ရလိမ့်မယ်လို့ ကျနော်တို့ ဘယ်လိုမှ မယုံကြည်ဘူး သူတို့အထက်ကချလိုက်တဲ့ ဆုံးဖြတ်ထားတဲ့အဖြေက ရှိပြီးသား၊ အဲတော့ ဘယ်လိုဘဲ ရှေ့နေနဲ့ခေါ်ခေါ် သူတို့ချချင်တဲ့နှစ်ကို သူတို့ချလိုက်မှာပဲ”
ကိုနန်းလင်းက ဒေါ်အောင်ဆန်းစုကြည်ကို အဂတိလိုက်စားမှုနဲ့ စွပ်စွဲတဲ့ကိစ္စဟာ အင်မတန်ယုတ္တိကင်းမဲ့တဲ့ လုပ်ရပ်ဖြစ်ကြောင်း ထင်ရှားနေတယ်လို့ ပြောပါတယ်။
“ဒေါ်အောင်ဆန်းစုကြည်ကို လက်ရှိတရားစွဲထားတဲ့ အမှုတွေက လုံးဝ တရားမျှတမှုလဲ မရှိဘူး။ ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ဆိုတဲ့ ပုဂ္ဂိုလ်သည် ကျနော်တို့ နိုင်ငံရေးလုပ်ဆောင်နေကျမှာ သဘောမတူညီမှုတွေ ရှိလိမ့်မယ်၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုင်တွယ်မှုပေါ် အစိုးရအဖြစ်ဆောင်ရွက်မှုအပေါ် သဘောမတူတာရှိမယ်၊ သို့သော် ကျနော်တို့ယုံကြည်တာက ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့ရာထူးနေရာကို အသုံးပြုပြီး လာဘ်ပေးလာဘ်ယူလုပ်မယ့် နိုင်ငံရေးသမားမဟုတ်ဘူးဆိုတာ စွဲစွဲမြဲမြဲယုံတယ်၊ ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ ပါတီခေါင်းဆောင်တယောက် နိုင်ငံ့ခေါင်းဆောင်တယောက်ကို အမှုဆင် အမှုရှာပြီး စွဲထားတယ်လို့ ကျနော်တို့ မြင်တယ်။”
ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ စစ်ကောင်စီတရားရုံးကို သပိတ်မှောက်သင့်တယ်လို့ နိုင်ငံရေးသမားတချို့က ပြောပါတယ်။ ရှေ့နေ ဦးကြီးမြင့်က .....
“ဒေါ်စုဟာ အရင်တုန်းကလဲ အကြိမ်ကြိမ် အဖမ်းခံရတယ် စစ်အစိုးရလက်ထက်မှာ၊ အမြဲတမ်းကျတာပဲ။ မတရားသဖြင့် ကျတာပဲ။ အခုလဲဖမ်းတာပဲ။
တဆက်တည်းမှာပဲ ရှေ့နေ ဦးကြီးမြင့်က မနေ့က စစ်ကောင်စီသတင်းစာ ရှင်းပွဲမှာ ဗိုလ်ချုပ်ဇော်မင်းထွန်းက NUG အစိုးရကို ကုလသမဂ္ဂက အသိအမှတ်ပြုလည်း သူတို့ကတော့ အသိအမှတ်ပြုမှာ မဟုတ်ဘူးလို့ ပြောကြားခဲ့တဲ့စကားကို ထောက်ပြပြီး အာဏာသိမ်းစစ်ကောင်စီဟာ နိုင်ငံတကာအသိုင်းအဝန်းကို အလေးထားမှာ မဟုတ်ဘူးဆိုတာ ထင်ရှားနေပါပြီလို့ ဝေဖန်လိုက်ပါတယ်။