မုန်တိုင်းသင့်ပြည်သူတွေ ကုန်စျေးနှုန်း အဆမတန် မြင့်တက်မှုဒဏ်ခံနေရ

မိုခါမုန်တိုင်းတိုက်ပြီးနောက် မုန်တိုင်းဒဏ်ခံရတဲ့ဒေသတွေမှာ အခြေခံစားသောက်ကုန်နဲ့ အိမ်ဆောက်ပစ္စည်းစျေးနှုန်းတွေ အဆမတန်မြင့်တက်နေတဲ့အပြင် တချို့ပစ္စည်းတွေဆိုရင် ဝယ်လို့မရဘဲဖြစ်နေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ဒါးပိုင်ဒုက္ခသည်စခန်းမှာနေထိုင်သူများ မိုခါမုန်တိုင်းကြောင့် ပျက်စီးသွားတာတွေကို ရှင်းလင်းနေစဉ်။ RFA

မေလ ၁၄ ရက်နေ့က မိုခါမုန်တိုင်းတိုက်ပြီးနောက် မုန်တိုင်းဒဏ်ခံရတဲ့ဒေသတွေမှာ အခြေခံစားသောက်ကုန်နဲ့ အိမ်ဆောက်ပစ္စည်းစျေးနှုန်းတွေ အဆမတန် မြင့်တက်နေတဲ့အပြင် တချို့ပစ္စည်းတွေဆိုရင် ဝယ်လို့မရဘဲဖြစ်နေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

မုန်တိုင်းဒဏ်ကို အပြင်းထန်ဆုံးခံခဲ့ရတဲ့ ရခိုင်ပြည်နယ်မှာဆိုရင် ကုန်စျေးနှုန်းတွေ မြင့်တက်နေလို့ ဒေသခံတွေ အခက်အခဲဖြစ်နေပါတယ်။

“သွပ်ပြားတစ်ချပ်ကို အရင်က နှစ်သောင်းမကျော်ဘူး၊ နှစ်သောင်းအောက်ပဲရှိတယ်၊ အခုမိုခါမုန်တိုင်းပြီးသွားတော့ ခုနစ်သောင်းကျော်သွားပြီ၊ ပြီးတော့ ရိုက်သံက အရင်ကဆို ငါးထောင်လောက်ပဲရှိတာ အခုက သုံးသောင်းခွဲရှိပြီ၊ ဆန်တစ်အိတ်ကို တစ်သိန်းကျော်သွားပြီ အရင်က ခြောက်သောင်းလောက်ပဲရှိတာ၊ ပစ္စည်းတွေက စစ်တွေမြို့မှာ အဆက်အသွယ်ရှိတဲ့သူတွေက မှာလို့ရတယ်၊ မရှိတဲ့သူတွေက မှာလို့မရဘူး၊ အခုအရမ်းကို ဒုက္ခတွေရောက်နေတယ်၊ ပြီးတော့ မိုးရွာရင် ရေစိုတယ်၊ မိုးမိတယ်၊ နေပူရင် နေပူထဲမှာပဲ၊ ကုန်စျေးနှုန်းတွေလည်း အရမ်းတွေတက်နေပြီ စားဖို့သောက်ဖို့ လူတွေက အရမ်းခက်ခဲနေတယ်”

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် စက်ကဲပြင်ရွာက လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦး ပြောသွားတာပါ။

ရခိုင်ပြည်နယ် စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ ရသေ့တောင်၊ ပေါက်တောမြို့နယ်တွေမှာ မုန်တိုင်းကြောင့် နေအိမ်တွေ ရာနှုန်းပြည့်နီးပါး ပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါကြောင့် အားလုံးနီးပါးက အိမ်အတွက် အမိုးအကာတွေ လိုအပ်နေပြီး မိုးကာစတွေဆိုရင် အရင်ကတစ်သောင်းတန်ဟာ လက်ရှိအချိန်မှာ ရှစ်သောင်းကျော်ပေးတာတောင် ပစ္စည်းဝယ်လို့မရတော့တဲ့အထိဖြစ်နေပါတယ်။

ကုန်စျေးနှုန်းတက်တဲ့ဒဏ်ကို ရခိုင်တစ်ပြည်နယ်လုံး ကြုံနေရတာလို့ ဒေသခံတွေနဲ့ အရပ်ဘက်အဖွဲ့တွေက ပြောကြပါတယ်။ ပုံမှန်ကုန်စျေးနှုန်းပြန်ရောက်ဖို့ဆိုရင် ကုန်ပစ္စည်းတွေ သက်ဆိုင်ရာဒေသတွေကို မြန်မြန်ဆန်ဆန်ရောက်အောင် ဆောင်ရွက်ဖို့လိုတယ်လို့ စစ်တွေမြို့အခြေစိုက် လူထု ဘေးဒဏ်ခံနိုင်စွမ်း တိုးမြှင့်ဆောင်ရွက်ရေးအဖွဲ့ (ACRO) ရဲ့ အမှုဆောင်ဒါရိုက်တာ ဦးဇော်ဇော်ထွန်းက ပြောပါတယ်။

“ ကျွန်တော်တို့ လေ့လာမိသလောက်က တချို့ဟာတွေက ဖြစ်သင့်တဲ့ပမာဏဖြစ်ပြီး တချို့ဟာတွေက ဖြစ်သင့်တဲ့ ပမာဏထက်အရမ်းကိုကျော်လွန်ပြီးတော့မှ အမြတ်တွေတအားတင်ရောင်းတယ်ပေါ့လေ၊ လူတွေရဲ့အခက်အခဲတွေကို အခွင့်အရေးယူတဲ့သဘော ဖြစ်သွားတာပေါ့၊ ကုန်စျေးနှုန်းတွေ တည်ငြိမ်သွားဖို့အတွက်ဆိုရင် ဘာလုပ်ရမလဲဆိုတော့ အခုဆိုရင် ရန်ကုန်၊ စစ်တွေ လမ်းပွင့်ပြီ ရေကြောင်းလည်းသွားလို့ရတယ်၊ လေကြောင်းလည်းသွားလို့ရတယ်ပေါ့ အဲ့တော့ သက်ဆိုင်ရာ ကုမ္ပဏီတွေ၊ ကုန်သည်ကြီးများအသင်းလို အစုအဖွဲ့တွေ၊ ကုမ္ပဏီအစုအဖွဲ့တွေ နောက်ပြီးတော့မှ အစိုးရရဲ့အစီအစဉ်တွေကနေ အရေးပေါ်လိုတဲ့ ကုန်ပစ္စည်းတွေကို စျေးကွက်ထဲကို မြန်မြန်ဆန်ဆန်ရောက်ရှိအောင် လုပ်ရမယ်၊ တချို့ကူတာလည်းကူပေါ့လေ၊ ပေးတာလည်းပေး၊ ထောက်ပံ့တာလည်း ထောက်ပံ့၊ ကုန်ပစ္စည်းတွေကို မြန်မြန်ဆန်ဆန် ချောချောမွေ့မွေ့ ရောက်အောင်လည်းလုပ်၊ လမ်းမှာ အတားအဆီးတွေကိုလည်း ဖြေလျော့ ဒီလိုမျိုးလည်းလုပ်ရမယ်ဗျ၊ အဲ့လိုမဟုတ်ဘဲနဲ့ ကုန်စည်တွေ ဒီဘက်ကို မရောက်လာနိုင်ရင်တော့ ဒီလိုပြဿနာတွေကတော့ ရှိနေအုံးမှာပါပဲဗျ”

ကုန်စျေးနှုန်းတက်တာဟာ နေရာတစ်ခုနဲ့တစ်ခုမတူဘဲ ကုန်သည်တွေလက်ထဲ ပစ္စည်းလက်ကျန်ပေါ်မူတည်ပြီး စျေးကွာတယ်လို့လည်း ပြောကြပါတယ်။

ကုန်စျေးနှုန်းတွေ အဆမတန်တက်နေတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီက တစ်စုံတစ်ရာ ပြောဆိုထားခြင်းမရှိသလို မုန်တိုင်းသင့်ဒေသတွေဆီ အရေးပေါ်လိုအပ်တဲ့ ကုန်ပစ္စည်းတွေ မြန်မြန်ဆန်ဆန်ရောက်အောင် ဆောင်ရွက်ဖို့ အကြံပြုချက်တွေနဲ့ပတ်သက်ပြီး စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA/AA) ဥက္ကဋ္ဌ ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကတော့ မိုခါမုန်တိုင်းနောက်ဆက်တွဲ ကယ်ဆယ်ရေးလုပ်ငန်းတွေနဲ့ပတ်သက်လို့ ပြောတဲ့ မိန့်ခွန်းမှာ မုန်တိုင်းကြောင့်ဒုက္ခရောက်နေသူတွေကို အခွင့်အရေးယူပြီး အဆမတန်စျေးတင်မရောင်းဖို့ ကုန်သည်တွေကို သတိပေးထားပါတယ်။

“အခြေခံ စားကုန်နဲ့ အခြားကုန်ပစ္စည်းတွေကို ရောင်းဝယ်ဖောက်ကားနေကြတဲ့ ကုန်သည်တွေအနေနဲ့ အခုလို ပြည်သူတွေ အခက်အခဲ ကြုံနေကြရတဲ့ ကာလကို အခွင့်အရေးယူပြီး အဆမတန် ဈေးနှုန်းမြှင့်တင်ခြင်းတွေ မလုပ်ကြဖို့ သတိပေးပြောကြားလိုပါတယ်”

မိုခါမုန်တိုင်းဒဏ်ကို ရခိုင်ပြည်နယ်အပြင် မကွေးတိုင်းက မြို့နယ်တွေလည်း ခံခဲ့ရပါတယ်။

အဲဒီနေရာတွေမှာလည်း ကုန်စျေးနှုန်းတွေ တက်နေပါတယ်။ ကျေးရွာ ၂၀ ကျော် ရေနစ်မြုပ်ပြီး လူ သုံးဦးသေဆုံးခဲ့ရတဲ့ ဆင်ဖြူကျွန်းမြို့မှာဆိုရင် ဒေသခံတွေ သိုလှောင်ထားတဲ့ ဆန်နဲ့ စားသောက်စရာတွေအပါအဝင် ပစ္စည်းတွေလည်း ရေထဲမျောပါသွားတဲ့အပြင် ပြန်ဝယ်ဖို့လည်း စျေးတွေ မြင့်တက်နေတာကြောင့် ဒေသခံတွေ အခက်အခဲဖြစ်နေတယ်လို့ ကူညီကယ်ဆယ်ရေးသမားတွေက ပြောပါတယ်။

" အိမ်လုံးကျွတ်မျောပါသွားတဲ့လူတွေဆိုလို့ရှိရင် နေစရာ အမိုးအကာရော နေစရာထိုင်စရာ လိုအပ်တယ်၊ စားနပ်ရိက္ခာပေါ့ တချို့ဆို စားဖို့သောက်ဖို့ ပန်းကန်ကအစ ပါသွားတာဆိုတော့လေ၊ ကျွန်တော်တို့သိသလောက် သူတို့က တောင်သူလယ်သမားတွေဆိုတော့ ဆန်တွေက ရေနဲ့ပါသွားတာဆိုတော့ ဆန်ဈေးကတက်တယ်ဗျ၊ ပုံမှန်ဈေးထက်တော်တော်တတ်တယ် "

ဆင်ဖြူကျွန်းက ရေနစ်မြုပ်ခဲ့တဲ့ရွာတွေကို ကူညီကယ်ဆယ်ရေးဆောင်ရွက်နေတဲ့ KS Rescue Magway (မကွေး လူမှုကူညီရေးအသင်း)က ကိုလစ်ဘာ ပြောသွားတာပါ။
စစ်ကိုင်းတိုင်း ယင်းမာပင်မြို့မှာလည်း မုန်တိုင်းကြောင့် မိုးကြီးပြီး ရေကြီးရေလျှံတာတွေဖြစ်ခဲ့ပါတယ်။

ကျေးရွာ ၃၀ ကျော်ရေနစ်မြုပ်ခဲ့ပြီး နေအိမ်တွေ ရေထဲပါသွားတာ၊ စိုက်ခင်းတွေပျက်စီးတာ၊ နေအိမ်တွေမှာရေဝင်တာကြောင့် သိမ်းဆည်းထားတဲ့ ဆန်၊ ဆီအပါအဝင် ကောက်ပဲသီးနှံတွေ ပျက်စီးသွားတဲ့အတွက် စားဝတ်နေရေး ခက်ခဲနေပါတယ်။

ယင်းမာပင်မြို့နယ် ဒေသခံ မနွယ်မိုး က ကုန်ဈေးနှုန်းတွေ နှစ်ဆနီးပါးတက်နေတာကြောင့် ရေဘေးဒုက္ခသည်တွေကို ကူညီတဲ့ အလှူရှင်တွေလည်း အခက်အခဲတွေဖြစ်နေတယ်လို့ ပြောပါတယ်။

" အရင်တုန်းက ကြက်ဥတစ်လုံး ၂၀၀၊ ၂၅၀ ကနေ အခုဆိုရင် လေးငါးရာထိအောင် ဈေးတက်တယ်၊ ကုန်ဈေးနှုန်းက ထက်ဝက်အထိကို တက်သွားတယ်၊ သွားလို့လာလို့ လမ်းခရီးခက်ခဲတာကြောင့်ရော၊ လက်ရှိသူ့မှာကျန်နေတဲ့ ကုန်ပစ္စည်း ဈေးတင်ရောင်းတာ၊ အစုံပေါ့ဗျာ၊ အခုလက်ရှိကတော့ ဈေးကထက်ဝက်နီးပါးကို တက်ပါတယ်၊ ဆန်ရော၊ ဆီရော၊ အခြားစားသောက်ကုန်တွေ အကုန်လုံးပေါ့၊ လာလှူတဲ့လူမှာလည်း အခက်အခဲရှိတယ်၊ အရင်တုန်းက ခုနပြောတဲ့ဈေးတွေနဲ့ရပေမဲ့ အခုက အရင်က နှစ်ခုရတဲ့ဟာက အခုတစ်ခုပဲရတဲ့အခါကြတော့ ခက်ခဲတာပေါ့၊ ပိုပြီးတော့ ပြည်သူတွေအခက်တွေ့တာပေါ့"

ဒီဒေသတွေအပြင် မိုခါမုန်တိုင်းဒဏ်ကို ခံခဲ့ရတဲ့ အခြားနေရာတွေမှာလည်း ကုန်စျေးနှုန်းတက်တဲ့ဒဏ်ကို အနည်းနဲ့ အများဆိုသလို ဒေသခံတွေ ရင်ဆိုင်နေရတာပါ။ ဒါကြောင့် ပုံမှန်ကုန်စျေးနှုန်း ပြန်ဖြစ်အောင် သက်ဆိုင်ရာတာဝန်ရှိသူတွေ အမြန်ဆုံးဆောင်ရွက်ပေးဖို့ လိုလားနေကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org