အာရှမှာ အွန်လိုင်းရာဇဝတ်မှု မြင့်မားနေ

ရဲနဲ့ ကွန်မင်ဒိုတပ်ဖွဲ့ဝင် အလုံးအရင်းနဲ့ အဆောက်အအုံ ခုနစ်လုံးကို ညဘက်မှာ စီးနင်းကယ်တင်လိုက်တာဖြစ်ပြီး ဒီနှစ်ထဲ အကြီးမားဆုံး စီးနင်းမှုလို့ ဆိုပါတယ်။

၂ဝ၁၉ ခုနှစ် ဧပြီလ ၁၇ ရက်နေ့က ပန်ဆန်းမြို့တွင် ကျင်းပသည့် ဝ ဒေသ နှစ် ၃ဝ ပြည့်အခမ်းအနား ညစာစားပွဲ ပြုလုပ်ရာအဆောက်အဦရှေ့တွင် စောင့်ကြပ်နေသော UWSA တပ်ဖွဲ့ဝင်များ။ AFP

အွန်လိုင်းရာဇဝတ်ဂိုဏ်းမှာ လုပ်ကိုင်နေကြရတဲ့ မြန်မာအပါအဝင် တရုတ်၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ အင်ဒိုနီးရှား စတဲ့နိုင်ငံတွေက လူ ၂၇ဝဝ ကျော်ကို ဖိလစ်ပိုင်ရဲတပ်ဖွဲ့က ဇွန် ၂၇ ရက်နေ့က ကယ်တင်လိုက်ပါတယ်။

မနီလာမြို့တော် နယ်နိမိတ်အတွင်းမှာရှိတဲ့ Las Pinas City မှာ ကွန်မန်ဒိုတပ်ဖွဲ့ဝင်တွေ အထောက်အကူနဲ့ ကယ်တင်လိုက်တာလို့ AP သတင်းက ဖော်ပြတာပါ။

ရဲနဲ့ ကွန်မန်ဒိုတပ်ဖွဲ့ဝင် အလုံးအရင်းနဲ့ အဆောက်အအုံ ခုနစ်လုံးကို ညဘက်မှာ စီးနင်းကယ်တင်လိုက်တာဖြစ်ပြီး ဒီနှစ်ထဲ အကြီးမားဆုံး စီးနင်းမှုလို့ ဆိုပါတယ်။

ဆိုက်ဘာရာဇဝတ်မှုဟာ အာရှက ပြဿနာကြီး တစ်ရပ် ဖြစ်လာပြီး အလုပ်အကိုင်ရှာဖွေနေသူတွေဟာ လစာကောင်းတဲ့ အလုပ်ရမယ်လို့ ဖြားယောင်းသွေးဆောင်ခံရပါတယ်။ အလုပ်နဲ့လစာမက်သူတွေဟာ နောက်ဆုံးမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ များရုံသာမက ပဋိပက္ခမငြိမ်းနိုင်တဲ့ မြန်မာနိုင်ငံနဲ့ လူအခွင့်အရေးမှတ်တမ်း မကောင်းတဲ့ ကမ္ဘောဒီးယားကို ရောက်သွားပြီး အင်တာနက်ကနေ လိမ်လည်ခိုင်းတဲ့ အလုပ်တွေ လုပ်ကြရတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

တချို့လည်း လူကုန်ကူးခံရပြီး ရောင်းစားခံရပါတယ်။ နယ်စပ်ရှိရင် နယ်စပ်ဖြတ်ကျော်တဲ့ ဒုစရိုက်ဂိုဏ်းတွေ ရှိစမြဲဖြစ်ပြီး တရုတ်-မြန်မာနယ်စပ် လောက်ကိုင်မြို့နဲ့ ထိုင်းနိုင်ငံနယ်စပ် မြဝတီမြို့မှာ ကျားဖြန့်လို့ ခေါ်တဲ့ Digital Marketer အွန်လိုင်းအလုပ်တွေအတွက် လုပ်ခလစာကောင်းကောင်းပေးမယ်ဆိုတဲ့ မက်လုံးနဲ့ မြန်မာလူငယ်တွေကို လူမှုကွန်ရက်တွေကတဆင့် လိမ်လည်ခေါ်ယူပြီး အွန်လိုင်းကနေ ဖောက်သည်ရှာ ငွေလိမ်ပေးရတဲ့ Digital ကျွန်အဖြစ် စေခိုင်းပါတယ်။ ဖေ့စ်ဘွတ်ခ်ကနေ ပွဲစားတွေက လိမ်လည်ခေါ်ယူတယ်လို့လည်း ပြောကြပါတယ်။

မြန်မာနိုင်ငံက အွန်လိုင်းငွေလိမ်ဂိုဏ်းလက်မှ ပြန်လွတ်မြောက်လာသည့် ဖိလစ်ပိုင်နိုင်ငံသားရှစ်ဦးကို ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ဖိလစ်ပိုင်နိုင်ငံခြားရေးဌာန တာဝန်ရှိသူများက မနီလာလေဆိပ်၌ လက်ခံကြိုဆိုစဉ်။ (Photo: DFA Philippines)

အပြောကောင်းလို့ ပါသွားသူတွေဟာ ငွေလိမ်လုပ်ငန်းမှန်း မသိကြဘဲ နောက်မှ ရောင်းစားခံရမှန်း သိကြရတာလို့ ကျားဖြန့်လုပ်ငန်းကနေ ပြန်လွတ်လာတဲ့ မန္တလေးမြို့က မငြိမ်းက ပြောပါတယ်။

“တရုတ်တွေတင် ရောင်းစားခံရတာ မဟုတ်ဘူး။ ထိုင်းဘက်ကဟာတွေလည်း ပါတယ်။ လာအိုဘက်ကဟာတွေ ဆိုရင်လည်း တချို့ရောင်းစားခံရတဲ့သူတွေ ပါတယ်။ အဓိကတော့ ကောင်မလေးတွေပဲ။ သူတို့လည်း ကျားဖြန့်လို့ မသိလောက်ဘူးထင်တယ်။ ခိုးလမ်းကနေလာရင်းနဲ့ ဝပြည်ထဲကို ရောက်လာတာပေါ့။ လစာများတော့ လစာမက်ပြီး လာလုပ်ကြတဲ့သူတွေကြီးပဲ။ တကယ့်တကယ် ဒုက္ခရောက်ရင် ဘယ်သူမှ မကူညီနိုင်ဘူး”’

ဒီ အွန်လိုင်းရာဇဝတ်ဂိုဏ်းတွေထဲ ပိတ်မိရင် ပြန်ပေးဆွဲခံရသလို ဖြစ်ပြီး လွတ်မြောက်ချင်ရင် ငွေသိန်းနဲ့ချီ ပေးမှ ပြန်လွတ်တယ်လို့လည်း သတင်းတွေမှာ ဖော်ပြပါတယ်။

ခုလို အာရှက ကြီးထွားနေတဲ့ ဆိုက်ဘာရာဇဝတ်ဂိုဏ်းတွေနဲ့ ပတ်သက်ပြီး အင်ဒိုနီးရှားနဲ့ တခြားနိုင်ငံတွေဟာ မြန်မာစစ်ကောင်စီနဲ့ လုပ်ကိုင်ဆောင်ရွက်ရတာ ခက်ခဲတယ်လို့ အင်ဒိုနီးရှား နိုင်ငံရေး၊ တရားရေးနဲ့ လုံခြုံရေးရာဝန်ကြီး Muhammad Mahfud က သတင်းထောက်တွေကို မေလက ပြောကြားခဲ့တယ်လို့ AP သတင်းက ဖော်ပြပါတယ်။ 

မလေးရှားနိုင်ငံ ပီတလင်ဂျာယာမြို့တွင် ၂၀၂၂ ခုနှစ်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် တွေ့ရသည့် အလုပ်အကိုင်မက်လုံးပေး လိမ်လည်ခံရသူနှစ်ဦး။ ၎င်းတို့ကို ထိုင်းနိုင်ငံတွင် လစာကောင်းသည့်အလုပ်ရမည်ဟု လိမ်လည်ကာ ထိုင်းနယ်စပ်အနီးရှိ မြန်မာနိုင်ငံရှိ ကာစီနိုရုံတစ်ခုသို့ ပို့ဆောင်ခံခဲ့ရသည်။ (Photo: AP)

နောက်လ ဇွန်မှာ အင်ဒိုနီးရှားနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် ၂၃ ကြိမ်မြောက် အာဆီယံ- အရှေ့တောင်အာရှနိုင်ငံများအသင်း နိုင်ငံဖြတ်ကျော် မှုခင်းများ တိုက်ဖျက်ရေး အဆင့်မြင့်တာဝန်ရှိသူများ အစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးတွေကို ကျင်းပပါတယ်။ ဇွန် ၂ဝ ရက်နေ့က ၂၃ ရက်နေ့အထိ ကျင်းပတာဖြစ်ပြီး စစ်ကောင်စီ ရဲတပ်ဖွဲ့ ဒု-ရဲချုပ် ရဲဗိုလ်ချုပ် အောင်အောင်တက်ရောက်ပါတယ်။

အဲဒီအစည်းအဝေးမှာ ပြောကြားတာကို စစ်ကောင်စီအာဘော် MRTV ရုပ်သံက ဇွန် ၂၆ ရက်ညမှာ ထုတ်လွှင့်သွားတာကတော့...

“မြန်မာနိုင်ငံ နယ်စပ်ဒေသများမှာ ဖြစ်ပေါ်နေတဲ့ အွန်လိုင်းလိမ်ညာမှုနဲ့ လူကုန်ကူးမှု မှုခင်းများတိုက်ဖျက်ရေး အိမ်နီးချင်းနိုင်ငံများနဲ့ ပူးပေါင်းဆောင်ရွက်မှု အခြေအနေများကို ဆွေးနွေးပြောကြားခဲ့ပါတယ်”

ဒီလိုထုတ်လွှင့်ပြီး နောက်တစ်ရက် ဇွန် ၂၇ ရက်မှာ မြန်မာတွေအပါအဝင် ဆိုက်ဘာဒုစရိုက်ဂိုဏ်းရဲ့ သားကောင်တွေကို ကယ်ထုတ်နိုင်တဲ့ သတင်းကောင်းကို ဖိလစ်ပိုင်နိုင်ငံက ကမ္ဘာကို အသိပေးလိုက်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org