အာဏာသိမ်းမှုဆိုင်ရာ တပ်မတော်ဖြေကြားချက် ဘယ်လိုတုံ့ပြန်ကြသလဲ
တပ်မတော်ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်ဇော်မင်းထွန်းကို သတင်းဌာနတခုက တပ်မတော်အနေနဲ့ အာဏာမသိမ်းဘူးလို့ ပြောနိုင်ပါသလားလို့ မေးမြန်းခဲ့ရာမှာ အဲဒီလို မမှတ်ယူနိုင်ဘူးလို့ ပြန်လည်ဖြေကြားခဲ့တာနဲ့ ပတ်သက်ပြီး အများပြည်သူအကြား စစ်တပ်က အာဏာသိမ်းနိုင်ပုံကို ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်နေကြပါတယ်။
-
ခင်မောင်စိုး
2021-01-26 -
-
-
တပ်မတော်ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်ဇော်မင်းထွန်းကို သတင်းဌာနတခုက တပ်မတော်အနေနဲ့ အာဏာမသိမ်းဘူးလို့ ပြောနိုင်ပါသလားလို့ မေးမြန်းခဲ့ရာမှာ အဲဒီလို မမှတ်ယူနိုင်ဘူးလို့ ပြန်လည်ဖြေကြားခဲ့တာနဲ့ ပတ်သက်ပြီး အများပြည်သူအကြား စစ်တပ်က အာဏာသိမ်းနိုင်ပုံကို ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်နေကြပါတယ်။
တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်ကတော့ တပ်မတော်က ဖွဲ့စည်းပုံဥပဒေ ပုဒ်မ ၂ဝ (င) နဲ့ (စ)ကို ကိုးကားပြောဆိုနေပေမယ့် သမ္မတရဲ့ ခွင့်ပြုချက်မရဘဲ အာဏာသိမ်းလို့ မရဘူးလို့ ပြောပါတယ်။
“သမ္မတက ကာလုံခေါ်ပြီးတော့ အပ်မှ ရမှာ။ ပထမ ၁ နှစ်ရမယ်။ နောက် ရွေးကောက်ပွဲတွေ သူကဦးစီးပြီး ရွေးကောက်ပွဲကော်မရှင်ခန့်မယ် ပြန်လုပ်မယ်၊ နောက်တခါမပြီးရင် ၆ လ နောက် ၆ လ။ ဒါတွေက လုပ်ထုံး လုပ်နည်းတွေ။ ဒီလုပ်ထုံးလုပ်နည်းတွေကို ကျော်ပြီး ပြောနေတာ။ သူတို့ပြောသလို ၂ဝ (င) (စ) နဲ့ တပ်မတော်က တိုက်ရိုက်အာဏာသိမ်းတာ ထိန်းတာ လုပ်လို့မရဘူး ဒါဥပဒေအရပဲ။ ကိုယ့်ဘက်ကကိုယ် အဓိပ္ပာယ်ဖွင့်ပြီးတော့ ကိုယ်လုပ်ချင်တာ လုပ်လို့မရဘူး။ ဒါ ၂ဝဝ၈ အခြေခံဥပဒေကို ချိုးဖောက်ရာ ရောက်တယ်။ အဲဒီတော့ သူတို့ကဘာလုပ်ရမလဲဆိုရင် ၂ဝ (င) နဲ့ (စ) အရ သူတို့ထိန်းလို့ရမရ သိမ်းလို့ ရ မရ ဆိုတာကို သူတို့အဓိပ္ပာယ်ဖွင့်ချင်ရင်ပေါ့ အခြေခံဥပဒေခုံရုံးကို အဆုံးဖြတ်ခံယူရမယ်။ အခြေခံဥပဒေခုံရုံးမှာ ကာကွယ်ရေးဦးစီးချုပ်က တင်ပြခွင့်မရှိဘူး။ ဘယ်သူက တင်ပြရမလဲဆိုတော့ ကာကွယ်ရေးဦးစီးချုပ်က လွှတ်လိုက်တဲ့ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၁ဝ ရာခိုင်နှုန်းက တိုင်းပြည်ရဲ့ လက်ရှိအခြေအနေအရ ဘောင်အတွင်းက သိမ်းခွင့်ရှိမရှိ ဆုံးဖြတ်ပေးပါဆိုပြီး လွှတ်တော်ဥက္ကဋ္ဌက တဆင့်တင်ရမယ်။ တင်လိုက်ရင် အခြေခံဥပဒေခုံရုံးကို ရောက်သွားပြီ”
အခြေခံဥပဒေခုံရုံးက သိမ်းခွင့်ရှိတယ်လို့ မဆုံးဖြတ်ဘဲ အာဏာသိမ်းမယ်ဆိုရင် ဖွဲ့စည်းပုံကို ချိုးဖောက်ရာ ကျမှာဖြစ်တယ်လို့ ဦးကြီးမြင့်က ပြောပါတယ်။ ဒါ့အပြင် တပ်မတော်က လက်ရှိထုတ်ပြန်ပြောဆိုချက်တွေဟာ နိုင်ငံတော်ပုန်ကန်မှု ဥပဒေပုဒ်မ ၁၂၂ နဲ့ ညှိစွန်းနေတယ်လို့လည်း သူကပြောပါတယ်။
“၁၂၂ အရ တရားစွဲရင် သေဒဏ် ကျွန်းဒဏ်ထိုက်နိုင်တဲ့ အမှုအမျိုးအစားဖြစ်တယ်။ တပ်မတော်က သူတို့ကိုယ်တိုင်ဝန်ခံထားပြီးသား သမ္မတရဲ့လက်အောက်မှာ ရှိပါတယ် သူတို့ institution က ။ ဒီလိုဝန်ခံထားတဲ့အဖွဲ့က အာဏာသိမ်းနိုင်တယ်လို့ ပြောလိုက်ခြင်းဟာ နိုင်ငံတော်ကို ပုန်ကန်ခြားနားတဲ့ စကားလုံးတွေဖြစ်တယ်”
ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီပြောခွင့်ရသူ ဒေါက်တာနန္ဒာလှမြင့်ကတော့ တပ်မတော်အနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တာဝန် ဆောင်ရွက်နေတယ်လို့ ယူဆကြောင်းနဲ့ အဓိကပြဿနာဟာ UEC ရွေးကောက်ပွဲကော်မရှင်က တာဝန်ယူ ဖြေရှင်းခြင်းမရှိတဲ့ အချက်ဖြစ်တယ်လို့ ပြောပါတယ်။
“UEC က ဘာမှလာမပြောနဲ့ ငါတို့ဆုံးဖြတ်တာ အတည်ဆိုတဲ့ အဲဒီဥပဒေလေးတခုကိုပဲ အပိုင်ကိုင်ပြီး ရေငုံနှုတ်ပိတ်နေပြီး မဖြေရှင်းတာဟာ တိုင်းပြည်ရဲ့နိုင်ငံရေး အကျပ်အတည်းတွေကို အကုန်လုံးကို ဆွဲသွင်းသွားတာပဲ။ ဒါကြောင့် နိုင်ငံရေးပါတီတွေရဲ့ right အရ ပြောနေတဲ့ ဒီ မဲမသမာမှုကို မဲစာရင်းမမှန်ကန်မှုကို မှန်ကန်ကြောင်း UEC က စစ်ဆေးအတည်ပြုလိုက်မယ်ဆိုရင် UEC မှန်ရင် ခုန စွပ်စွဲတဲ့သူတွေကို ဥပဒေအရ ဆောင်ရွက်၊ UEC မှားရင်လဲ ဥပဒေအရ UEC ကို ဆောင်ရွက်ပြီးတော့မှ မဲမသမာမှုဖြစ်ပေါ်ခဲ့တဲ့ဒေသတွေက ရလာဒ်တွေကို ပြန်လည်စိစစ်ဆောင်ရွက်လိုက်မယ်ဆိုရင် ဒီအဖြေတွေက ရှင်းသွားမယ်။ နိုင်ငံရေးအကြပ်အတည်းတွေ ကျော်လွန်ုနိုင်မယ်။ UEC က တာဝန်ယူမှု တာဝန်ခံမှု နဲ့ ဖြေရှင်းရမယ်။ UEC က မဖြေရှင်းရင် သူ့ကို တာဝန်ပေးခဲ့တဲ့ သမ္မတက ဖြေရှင်းပေးရမယ်။ ကျနော်ကတော့ ဒီလိုပဲမြင်တယ်။”
အလင်္ကာကြယ်ဆရာတော် ဦးသောဘိတကတော့ တပ်မတော်အနေနဲ့ ပြည်သူတွေရဲ့ ဆန္ဒအမှန်ကို သိရှိဖို့ ကြိုးစားစေချင်တယ်လို့ မိန့်ပါတယ်။
“ဒီသတင်းကို ကြည့်ရှုနားထောင်ရတဲ့သူတိုင်းရဲ့ ရင်ထဲမှာ အောင့်ခနဲ ဖြစ်သွားတယ်ဆိုတာ တော့ သေချာတယ်ပေါ့နော်။ ဒါက တရားဥပဒေကို ချိုးဖောက်တာ ။ ဒီရွေးကောက်ပွဲမှာ အင်နဲ့အားနဲ့ မဲပေးခဲ့ကြတဲ့ ပြည်သူတွေအကုန်လုံးကို စော်ကားတာလို့ ခံစားရတယ်။ တပ်မတော်က တာဝန်ရှိပုဂ္ဂိုလ်တွေအနေနဲ့ အဲဒီစကားကို ပြောထွက်တာ တော်တော့်ကို မိုက်မဲတဲ့ လုပ်ရပ်လို့ ပြောဆိုချက်လို့ ဦးဇင်းက သတ်မှတ်ချင်ပါတယ်”
မနေ့က သတင်းစာရှင်းပွဲမှာ တပ်မတော်က ပြောဆိုခဲ့တာတွေနဲ့ ပတ်သက်ပြီး လူထုအကြား စိုးရိမ်ပူပန်မှုတွေ ဆက်လက်ပေါ်ပေါက်နေပါတယ်။