စစ်ကောင်စီကို နိုင်ငံတကာက ယုံကြည်မှုမရှိလို့ ကာကွယ်ဆေးရဖို့ ခက်ခဲနေကြောင်း ဝေဖန်

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အစိုးရက ဦးစီးလုပ်ဆောင် နေတဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှုတွေ ရပ်ဆိုင်းလုနီးပါး ဖြစ်နေပြီး၊ အခု ကပ်ရောဂါ တတိယလှိုင်း ဖြစ်ပေါ်လာချိန်မှာ ရောဂါဖြစ်ပွားသေဆုံးသူအရေအတွက် တဟုန်ထိုးမြင့်တက်နေ ပါတယ်။ အာဏာသိမ်းထားတဲ့ စစ်အစိုးရဟာ vaccine diplomacy လို့ခေါ်တဲ့ ကာကွယ်ဆေးရဖို့ နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်မှု အားနည်းနေတယ်လို့ ကျွမ်းကျင်သူတစ်ဦးက သုံးသပ်ပါတယ်။

၂ဝ၂၁ ဇန်နဝါရီလက တပ်မတော်သားတစ်ဦးကို အိန္ဒိယနိုင်ငံက ပေးပို့တဲ့ ကိုဗစ်ကာကွယ်ဆေး ထိုးပေးနေစဥ်။ (File Photo: AFP)

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အစိုးရက ဦးစီးလုပ်ဆောင်နေတဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံမှုတွေ ရပ်ဆိုင်းလုနီးပါး ဖြစ်နေပြီး၊ အခု ကပ်ရောဂါ တတိယလှိုင်း ဖြစ်ပေါ်လာချိန်မှာ ရောဂါဖြစ်ပွားသေဆုံးသူအရေအတွက် တဟုန်ထိုး မြင့်တက်နေပါတယ်။

အမေရိကန်နိုင်ငံကနေ အာဖဂန်နစ္စတန်နိုင်ငံအတွက် ပေးပို့လှူဒါန်းထားတဲ့ Johnson & Johnson ကိုဗစ်-၁၉ ကာကွယ်ဆေး အစုံသုံးသန်း အာဖဂန် နစ္စတန် နိုင်ငံကို ဇူလိုင်လ ၉ရက်က ရောက်ရှိလာပါတယ်။ ဒီအမေရိကန်ထုတ် ကာကွယ်ဆေးတွေဟာ ကိုဗစ်-၁၉ ရောဂါ ထိခိုက်လွယ်တဲ့သူတွေ အပါအဝင် အာဖဂန် ပြည်သူ သုံးသန်းလောက်ရဲ့ အသက်ကို ကယ်တင်နိုင်မယ်လို့ အာဖဂန်တာဝန်ရှိသူတွေက ပြောပါတယ်။

အခုဆိုရင် အမေရိကန်နိုင်ငံဟာ နိုင်ငံသားတွေကို ထိရောက်တဲ့ ကာကွယ်ဆေးထိုးနှံမှုတွေ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့လုပ်ဆောင်ပြီး ကိုဗက်စ် လို့ခေါ်တဲ့ ကမ္ဘာလုံးဆိုင်ရာ ကိုဗစ် ၁၉ ကာကွယ်ဆေးထိုးနှံရေး အစီအစဉ်အရ ကိုဗစ်ကာကွယ်ဆေးတွေကို ကမ္ဘာအနှံ့ပေးပို့နေတာ ဖြစ်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံမှာ ဇူလိုင်လ ၁၁ ရက်နေ့က အမေရိကန်နိုင်ငံက လှူဒါန်းတဲ့ ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးနေစဉ်။(Photo: AFP)

အခုဆိုရင် အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ ထုတ်ပြန်ချက်အရ ပါကစ္စတန်နိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေအတွက် မိုဒါးနား ကာကွယ်ဆေးအစုံ နှစ်သန်းခွဲ၊ မလေးရှား နိုင်ငံအတွက် ဖိုင်ဇာကာကွယ်ဆေး ၁သန်း၊ အာဖဂန်နစ္စတန်နိုင်ငံအတွက် Johnson & Johnson က ကာကွယ်ဆေး အစုံ ၃သန်း ဗီယက်နမ်နိုင်ငံအတွက် မိုဒါးနား ကာကွယ်ဆေး အစုံနှစ်သန်း၊ အင်ဒိုနီးရှားအတွက် မိုဒါးနား ကာကွယ်ဆေး သုံးသန်း၊ နီပေါနိုင်ငံအတွက် Johnson & Johnson ကာကွယ်ဆေး အစုံ ၁.၅ သန်း နဲ့ ဘူတန်နိုင်ငံအတွက် မိုဒါးနား ကာကွယ်ဆေးအစုံ ငါးသိန်း ပေးပို့ထားပြီး စုစုပေါင်း ကိုဗစ် ၁၉ ကာကွယ်ဆေးအစုံ သန်း ၅၀၀ အထိ တကမ္ဘာလုံးကို ပေးပို့သွားမယ်လို့လဲ သမ္မတ ဂျိုးဘိုင်ဒင်က ပြောထားပါတယ်။

ဒါပေမယ့်လည်း ကိုဗစ်ရောဂါတတိယလှိုင်းရဲ့ ရိုက်ခတ်မှုကို ဆိုးဆိုးရွားရွားခံနေရတဲ့ မြန်မာနိုင်ငံကတော့ အမေရိကန်က လှူဒါန်းမယ့် ကာကွယ်ဆေးနဲ့ အခြားအကူအညီတွေ ရမယ့် အလားအလာ မမြင်ရသေးပါဘူး။ နိုင်ငံတကာက အသိအမှတ်ပြုမှု မရရှိတဲ့ စစ်အစိုးရဟာ နိုင်ငံတကာကနေ Covid 19 ကာကွယ်ဆေးရဖို့ အခက်အခဲရှိနေတာလည်း တွေ့နိုင်ပါတယ်။

ကိုဗစ်ကာကွယ်ဆေး မိုဒါးနား(Moderna)။

အမေရိကန်နိုင်ငံ မင်နီဆိုတားပြည်နယ် ကာလီတန်ကောလိပ်က နိုင်ငံတကာဆက်ဆံရေး ပါမောက္ခ ဒေါက်တာထွန်းမြင့်ကတော့ အာဏာသိမ်းထားတဲ့ စစ်ခေါင်းဆောင်တွေဟာ Vaccine diplomacy လို့ခေါ်တဲ့ ကောင်းမွန်တဲ့ နိုင်ငံတကာဆက်ဆံရေးကတဆင့် ပြည်သူသန်းပေါင်းများစွာရဲ့ အသက်တွေကို ကယ်တင်နိုင်မယ့် ကာကွယ်ဆေးတွေရအောင် လုပ်ရမှာကို မသိနားမလည်တာ ထင်ရှားတယ်လို့ ပြောပါတယ်။

အခုဆိုရင် အာဏာသိမ်းစစ်အစိုးရဟာ နိုင်ငံပိုင်ဘဏ္ဍာငွေတွေကို သုံးပြီး ရုရှားနဲ့ တရုတ်နိုင်ငံတွေဆီကနေ ကိုဗစ်-၁၉ ကာကွယ်ဆေး ဝယ်ယူဖို့ ကြိုးပမ်းနေတာ တွေ့ရပါတယ်။ တရုတ်နိုင်ငံက ဝယ်ယူထားတဲ့ ကာကွယ်ဆေးအစုံရေ ခြောက်သန်း မကြာခင် ရောက်လာတော့မယ်လို့လည်း ကျန်းမာရေးဝန်ကြီးဌာနက ကြေညာချက်ထုတ်ပြန်ထားပါတယ်။

ဒါပေမယ့်လည်း ကျန်းမာရေးဝန်ထမ်းတွေ အမြောက်အမြား CDM လှုပ်ရှားမှုမှာ ပါဝင်နေကြတာနဲ့ အာဏာသိမ်း စစ်အစိုးရအပေါ် ပြည်သူတွေက အယုံအကြည် မရှိကြတာကြောင့် စစ်အစိုးရရဲ့ ကာကွယ်ဆေးထိုးနှံရေး လုပ်ငန်းတွေ အောင်မြင်မှု ရပါ့မလားဆိုတာလည်း ကျွမ်းကျင်သူတွေက မေးခွန်းထုတ်နေကြပါတယ်။

၂ဝ၂၁ ဇန်နဝါရီလ ၂၇ ရက်က ကျန်းမာရေးဝန်ထမ်းတွေကို အိန္ဒိယနိုင်ငံက ပေးပို့တဲ့ ကိုဗစ်ကာကွယ်ဆေး ထိုးပေးနေတာကို လာရောက်ကြည့်ရှုခဲ့တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်။(File Photo: AFP)

တကယ်ဆိုရင် မြန်မာနိုင်ငံဟာ အရပ်သားအစိုးရလက်ထက်မှာ အိန္ဒိယနိုင်ငံကနေ ပေးပို့တဲ့ အက်စထရာ ဇီနာကာ ကာကွယ်ဆေးအစုံ ၁သန်းခွဲကို ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၂ရက်က လက်ခံရရှိခဲ့ပြီး၊ အာဏာသိမ်းမှုမဖြစ်ခင် ရက်ပိုင်းအလို ဇန်နဝါရီလ ၂၇ရက်မှာ ကျန်းမာရေးဝန်ထမ်းတွေကို ဆေးထိုးနှံမှုတွေ စတင်နိုင်ခဲ့ပါတယ်။

အဲဒီနောက်မှာတော့ ဖေဖော်ဝါရီလ ၁ရက် စစ်တပ်က အာဏာသိမ်းလိုက်တာနဲ့ ကျန်းမာရေးဝန်ထမ်းတွေရဲ့ CDM လှုပ်ရှားမှုတွေအကြားမှာ ကာကွယ်ဆေးထိုးနှံရေး လှုပ်ရှားမှုတွေ ရပ်ဆိုင်းသလောက် ဖြစ်သွားခဲ့ပါတယ်။

လက်ရှိအချိန်မှာတော့ ကိုဗစ် ၁၉ ရောဂါ ဖြစ်ပွားမှုကော သေဆုံးမှုပါ တဟုန်ထိုးမြင့်တက်နေပြီး အာဏာသိမ်းစစ်ကောင်စီ ထိန်းချုပ်ထားတဲ့ ဆေးရုံ ဆေးခန်းတွေမှာ ရောဂါဖြစ်ပွားမှုတွေကို ထိရောက်တဲ့ ကုသမှုတွေ လုံးဝမပေးနိုင်တဲ့အပြင် မိမိနေအိမ်မှာပဲထားပြီး ကုသဖို့ ကြိုးပမ်းရာမှာ လိုအပ်တဲ့ အောက်ဆီဂျင်နဲ့ ဆေးဝါးတွေ တပိုင်တနိုင် ရောင်းဝယ်ဖြန့်ဖြူးမှုတွေကိုပါ စစ်ကောင်စီတပ်ဖွဲ့တွေက လိုက်လံပိတ်ပင်တားဆီးမှုတွေ ရှိနေတယ်လို့ ကိုယ်တွေ့ကြုံသူတွေက ပြောပါတယ်။

ဇူလိုင်လ ၁၁ ရက်နေ့က ရန်ကုန်မြို့မှာ အောက်ဆီဂျင်အိုးဖြည့်ဖို့ စောင့်ဆိုင်းနေကြသူများ။(Photo: AFP)

လက်ရှိအချိန်မှာတော့ နိုင်ငံတကာက အာဏာသိမ်းစစ်ကောင်စီအပေါ် ယုံကြည်မှု မရှိတဲ့အတွက် ကာကွယ်ဆေးအတွက်ကော၊ ရောဂါကုသရေးအတွက်ပါ ရသင့်ရထိုက်တဲ့ အကူအညီတွေရဖို့ အခက်အခဲ ဖြစ်နေတာလို့ ဒေါက်တာထွန်းမြင့်က သုံးသပ်ပါတယ်။

လက်ရှိ အချိန်မှာတော့ ဇူလိုင်လ ၁၄ရက်က ကျင်းပတဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာတော့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက် အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပေါ်လာတဲ့ အခြေအနေ အရပ်ရပ်အပေါ် စိုးရိမ်ပူပန်ကြောင်းနဲ့ အာဆီယံနိုင်ငံတွေအနေနဲ့ မြန်မာနိုင်ငံအရေးကို အမြန်ဆုံးအရေးယူဆောင်ရွက်ကြဖို့ တိုက်တွန်းသွားပါတယ်။

အာဆီယံနိုင်ငံတွေဟာ မြန်မာ့နိုင်ငံရေး အကြပ်အတည်းနဲ့ ကပ်ရောဂါ ဘေးဆိုက်နေတဲ့ ပြည်သူတွေကို အရေးပေါ် ကူညီနိုင်ဖို့ထက် သက်ဆိုင်ရာနိုင်ငံတွေရဲ့ ကိုဗစ်တတိယလှိုင်းဒဏ်က ပြန်လည်နလန်ထူနိုင်ဖို့ပဲ ကြိုးစားနေကြတာ တွေ့ရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org