ကိုဗစ်ကြောင့် နေအိမ်မှာ ကူရာမဲ့သေဆုံးသူ အများအပြားရှိ

မြန်မာနိုင်ငံမှာ Covid 19 တတိယလှိုင်းကြောင့် ရောဂါကူးစက်ပြီး သေဆုံးမှုများ ပြားခဲ့တဲ့ ဇူလိုင်လအတွင်း ကိုယ့်အိမ်မှာ တစ်ယောက်တည်းနေရင်း ကူညီရာမဲ့ သေဆုံးနေသူတွေလည်း အများအပြား ရှိကြပါတယ်။ သော့ပိတ်ထားတဲ့ တံခါး အထပ်ထပ်ကို ကူညီကယ်ဆယ်ရေးအဖွဲ့တွေနဲ့ ပရဟိတအဖွဲ့တွေက ခက်ခက်ခဲခဲ ချိုးဖြတ်ဝင်ရောက်ပြီးမှ အလောင်းတွေကို သင်္ဂြိုဟ်ပေးခဲ့ရတာတွေ ရှိခဲ့ပါတယ်။

ရန်ကုန်မြို့က ကိုဗစ်ရောဂါကြောင့် သေဆုံးသူတစ်ဦးကို ပရဟိတအဖွဲ့တွေ ၂၀၂၁ သြဂုတ် ၆ ရက်နေ့က သယ်ဆောင်ခဲ့ကြစဉ် Photo: AFP

မြန်မာနိုင်ငံမှာ Covid 19 တတိယလှိုင်းကြောင့် ရောဂါကူးစက်ပြီး သေဆုံးမှုများပြားခဲ့တဲ့ ဇူလိုင်လအတွင်း ကိုယ့်အိမ်မှာ တစ်ယောက်တည်းနေရင်း ကူညီရာမဲ့ သေဆုံးနေသူတွေလည်း အများအပြား ရှိကြပါတယ်။ သော့ပိတ်ထားတဲ့ တံခါးအထပ်ထပ်ကို ကူညီကယ်ဆယ်ရေးအဖွဲ့တွေနဲ့ ပရဟိတအဖွဲ့တွေက ခက်ခက်ခဲခဲ ချိုးဖြတ်ဝင်ရောက်ပြီးမှ အလောင်းတွေကို သင်္ဂြိုဟ်ပေးခဲ့ရတာတွေ ရှိခဲ့ပါတယ်။

ကိုယ့်အိမ်ထဲမှာ၊ ကိုယ့်တိုက်ခန်းထဲမှာ တစ်ယောက်တည်းနေကြတဲ့သူတွေကို ဘေးပတ်ဝန်းကျင်က မတွေ့ တာကြာတဲ့အခါ ဒါမှမဟုတ် အနံ့ဆိုးတွေရတဲ့အခါမှပဲ နီးစပ်ရာကူညီကယ်ဆယ်ရေးအဖွဲ့တွေနဲ့ ပရဟိတအဖွဲ့ တွေကို အကူအညီတောင်းပြီး တံခါးတွေချိုးဖြတ် ဝင်ရောက်ကူညီခဲ့ကြတဲ့အခါ အများစုက သေဆုံးနေတာကို တွေ့ရတယ်လို့ စမ်းချောင်းမြို့နယ် ဝေဠုဝန် (မြောက်) ရပ်ကွက် အရန်မီးသတ်တပ်ဖွဲ့ တပ်စုမှူး ရဲသူရိန်က RFA ကို ပြောပါတယ်။

“တစ်ချို့တွေကအထဲကနေ ဂျက်တွေနှစ်ထပ်သုံးထပ် ခတ်ထားကြတယ်၊ ခတ်ထားတော့ ကျနော်တို့မှာ တစ်ချို့ဆို ငါးထပ်လောက်ရှိတယ် ခတ်ထားတာ၊ အပြင်ကသံပန်း တံခါးနှစ်ထပ် အထဲက သုံးထပ်လောက် ခတ်ထားတော့ ကျနော်တို့မှာ အတင်းကန်တယ် မနည်းပဲရိုက်ဖွင့်ရတယ်၊ တစ်ချို့နေရာတွေဆို အုတ် တောင်ပဲ့ကျတယ် အားပြင်းလား၊ မပြင်းလား၊ အဲလိုအားထည့်ပြီး ဖွင့်ယူရတာတွေရှိတယ်၊ ဒါပေမဲ့ ကျနော် တို့မမှုပါဘူး အထဲမှာဘာဖြစ်နေလဲ ဆိုတာမသိဘူး၊ တကယ်လို့ အသက်ရှင်ရင် အောက်ဆီဂျင်ပေးလို့ရရင် ပေးမယ်ပေါ့၊ အဲပုံစံမျိုးနဲ့ ကျနော်တို့က သွားကယ်တာ၊ ဒါပေမဲ့ အထဲမှာတော့ ဆုံးနေပြီ၊ အဲလိုတွေရှိတယ် ပေါ့နော်”

အိမ်ထဲ၊ တိုက်ခန်းထဲမှာ တစ်ယောက်တည်းနေတဲ့သူတွေဖြစ်လို့ အောက်ဆီဂျင်ပြတ်ကာ ပက်လက်အနေ အထား၊ ထိုင်လျက်အနေအထားတွေနဲ့ သေဆုံးနေကြပြီး တစ်ချို့ဆိုရင် ရုပ်တောင်ပျက်နေတာတွေကိုပါ ကြုံခဲ့ရတယ်လို့ တပ်စုမှူး ရဲသူရိန်က ဆိုပါတယ်။

"သူ့ရဲ့ အိပ်ခန်းတံခါးရှိတယ်၊ အဲဒါတွေကိုဖျက်ပြီးဝင်တဲ့အခါ သူ့အိပ်ခန်းထဲမှာ သေနေတာကို တွေ့တာပေါ့နော်"

စမ်းချောင်းမြို့နယ်ထဲက ပန်းတနော်လမ်း၊ ဗဟိုလမ်း၊ ဦးစံညွန့်လမ်း၊ ကြံခင်းလမ်းနဲ့ ဂန္ဓမာလမ်းအပါအဝင် နေရာ ၈ နေရာမှာ တစ်ယောက်တည်း နေတဲ့သူတွေဟာ နေအိမ်တွေမှာပဲ လူမသိသူမသိ သေဆုံးသွားကြပြီး အများစုကတော့ အသက် ၆၀ အထက် အသက်ကြီးပိုင်းတွေ ဖြစ်ပါတယ်။

အဲဒီအထဲမှာ စမ်းချောင်း ပန်းတနော်လမ်းထဲက မြေညီထပ်တိုက်ခန်းမှာ သေဆုံးနေတဲ့ တစ်ယောက်ဆိုရင် ရုပ်တောင်မပေါ်တော့တဲ့ အခြေအနေရောက်မှ သိရတယ်လို့ မီးသတ် တပ်စုမှူး ရဲသူရိန်က ပြောပါတယ်။

“ဆိုးဆိုးဝါးဝါးကြုံခဲ့ရတာတော့ အဲဒီပန်းတနော်လမ်းပေါ့နော်၊ ပန်းတနော်လမ်းကတော့ ဆိုးဆိုးဝါးဝါးပဲ၊ ပထမ ကျနော်တို့ အနံ့တော့ နည်းနည်းလေးရတယ်၊ ဒါပေမဲ့ ဘာအနံ့လဲ မသိဘူးပေါ့လေ၊ အဲမှာတံခါး လည်းအဖွင့် အဲမှာ နည်းနည်းလေး စူးလာတယ်၊ ပြီးလည်းပြီးရော ဖွင့်လိုက်တော့အနံ့က သူအိပ်နေတဲ့ အခန်းထဲကနေ အနံ့က စူးကနဲဖြစ်တာ၊ အဲမှာ အန်ထွက်တာ လုံးဝအမှတ်တရပဲ၊ အန်ထွက်တာကြီးတာ့ မဟုတ်ဘူး လုံးဝပျို့တက်လာတာပေါ့နော်၊ ကျနော် တစ်ခါမှတော့ မဖြစ်ဖူးဘူး၊ အဲတစ်ခါတော့ အဆိုးဆုံးပဲ တစ်ခါမှကို မဖြစ်ဖူးဘူး”

ကိုဗစ်ကူးစက်ခံရသူတွေနဲ့ သေဆုံးသူတွေကို နေ့စဉ်ပို့ဆောင်ကူညီပေးနေရတဲ့ အရန်မီးသတ်တပ်ဖွဲ့ဝင်တွေ အားလုံးလည်း ကိုဗစ်ကူးစက်ခံထားရတာတွေရှိပေမယ့် အခုလို အိမ်တံခါးတွေရဲ့ သော့တွေ၊ တံခါးတွေကို ချိုးဖျက်ဝင်ရောက်ရမယ့် အကူအညီတောင်းတာတွေကို အထပ်မြင့်တွေပါမကျန် အားတင်းပြီးကြိုးစား ကူညီပေးခဲ့ရတယ်လို့လည်း ဆိုပါတယ်။

ပတ်ဝန်းကျင်မှာ အပုပ်နံ့ရတော့မှပဲ တစ်ယောက်တည်း နေတဲ့အခန်းကို သတိထားမိပြီး ကူညီနိုင်မယ့်အဖွဲ့ တွေကို အကူအညီတောင်းခဲ့ရတယ်လို့ ပန်းတနော်လမ်းက အိမ်နီးနားချင်းဖြစ်သူ ကိုထွန်းဇော်ဦးက RFA ကို ပြောပါတယ်။

“ဒီအနံ့ပေါ့နော် ဘယ်နားကလဲ မသိဘူးထွက်တယ် အဲတော့ လိုက်ရှာတော့လည်း သူက တံခါးကြီးပိတ်ထား တယ်၊ အဲဒီမှာ လူကတစ်ယောက်ပဲနေတာ၊ ဒါပေမဲ့ တံခါးပိတ်ထားတယ် ထွက်တာလာတာ မရှိဘူးပေါ့ နော်၊ နောက်နေ့ကျတော့ အနံ့ကပိုပြီးတာ့ထွက်တယ်၊ အဲဒီညနေပိုင်းက အနံ့ရတယ် နောက်နေ့ကျတော့ အနံ့က ပိုပြီးထွက်လာတယ်၊ ဒီအိမ်မှာနေတဲ့သူလည်း အပြင်မထွက်ဘူးဆိုတာ့ ဒီအိမ်မှာ တစ်ခုခုများဖြစ် နေလား မသိဘူးဆိုပြီးတော့ အဖွဲ့အစည်းကို အကြောင်းကြားလိုက်ပြီးတော့ ဒီအိမ်မှာ ဒီလိုဒီလိုဖြစ်နေတယ် အနံ့တွေလည်း ထွက်နေတယ် ဆိုလည်းဆိုရော သူတို့လာတယ်၊ တံခါးတွေက ဘယ်နှစ်ဆင့်ရှိလဲဆိုတာ့ သုံးဆင့်ရှိတယ်၊ ပထမ သံပန်း တံခါးရှိတယ်၊ ဒုတိယ မှန်တံခါးရှိတယ်၊ နောက်ပြီး သူ့ရဲ့ အိပ်ခန်းတံခါးရှိ တယ်၊ အဲဒါတွေကိုဖျက်ပြီးဝင်တဲ့အခါ သူ့အိပ်ခန်းထဲမှာ သေနေတာကို တွေ့တာပေါ့နော်၊ ပုပ်စော်တွေနံပြီး သေနေတယ်”

ဒဂုံမြို့သစ်အရှေ့ပိုင်းမှာလည်း ပြီးခဲ့တဲ့ဇူလိုင်လ ၁၆ ရက်နေ့က အသက် (၇၀) အရွယ် အဖေဖြစ်သူနဲ့ အသက် (၄၀) အရွယ် သားဖြစ်သူတို့နှစ်ယောက်စလုံး နေအိမ်ထဲမှာပဲ အောက်ဆီဂျင်ပြတ်ပြီး သေဆုံးနေတာကြောင့် မေတ္တာသင်္ဂဟ နာရေးကူညီမှုအသင်းက ကျီစုသုဿာန်ကို ကူညီပို့ဆောင်ပြီး သင်္ဂြိုဟ်ပေးခဲ့ရပါတယ်။ အလား တူ သေဆုံးတဲ့ဖြစ်ရပ်တွေကို ကူးစက်သေဆုံးမှုမြင့်တက်ခဲ့တဲ့ ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းမှာ အများကြီးရှိခဲ့ တယ်လို့ ပရဟိတအဖွဲ့တွေက ပြောပါတယ်။ အဲဒါကြောင့် ကိုယ့်မှာ အကူအညီလိုအပ်နေရင် အိမ်နီးချင်းတွေ ကို အသိပေးသင့်တယ်လို့ ကိုထွန်းဇော်ဦးက အကြံပေးပါတယ်။

“တိုက်ခန်းနေတဲ့သူတွေဆိုလည်း ကိုယ်ကျန်းမာရေးမကောင်းဘူး အကူအညီလိုတယ်ဆိုရင် ဘေးခန်းတွေ ကို သတင်းပို့ထားရင်တော့ ကူညီလို့ရတာပေါ့နော်၊ အခုကတည်း ဒီလိုရောဂါမျိုးကို မေးရင်မကြိုက်ကြဘူး ပေါ့နော်၊ အမှန်တကယ်က ကိုယ်ကလည်း တစ်ယောက်တည်းနေတဲ့အခါ ဘေးပတ်ဝန်းကျင်နဲ့ ဘေးအခန်း တွေကို ပြောပြသင့်တယ်၊ ငါ့မှာတော့ ဆေးဝယ်ဖို့ အခက်အခဲရှိရင်လည်းတစ်မျိုး၊ စားစရာသောက်စရာ ဝယ်ချင်ရင်လည်းတစ်မျိုး၊ ငါ့မှာတစ်ယောက်တည်းရှိတယ် ငါ့မှာနေမကောင်းဖြစ်နေတယ် အဲလိုမျိုးပြော ထားရင်တော့ ပိုကောင်းတာပေါ့”

အခုအချိန်မှာ သက်ကြီးရွယ်အိုတွေကို တစ်ယောက်တည်း မထားသင့်ဘဲ အနားမှာ တစ်ယောက်ယောက်ရှိမှ အသက်အန္တရာယ်အတွက် အကူအညီလိုတဲ့အခါ ဘေးပတ်ဝန်းကျင်ကို အကူအညီတောင်းနိုင်မယ်လို့ အရန်မီးသတ်တပ်စုမှူး ရဲသူရိန်ကလည်း အကြံပေးပါတယ်။

(ရန်ကုန်မြို့က ကိုဗစ်ရောဂါကြောင့် သေဆုံးသူတစ်ဦးကို ပရဟိတအဖွဲ့တွေ ၂၀၂၁ သြဂုတ် ၆ ရက်နေ့က သယ်ဆောင်ခဲ့ကြစဉ် - Photo: AFP)

အခု ဩဂုတ်လထဲမှာတော့ ဇူလိုင်လအတွင်းကထက် ကိုဗစ်ကြောင့် သေဆုံးမှုတွေ အနည်းငယ်လျော့ကျ လာပါတယ်။ စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနကလည်း ဩဂုတ်လကစပြီး အသက် ၆၅ နှစ်အထက်တွေကို တရုတ်နိုင်ငံထုတ် ကိုဗစ်ကာကွယ်ဆေးတွေ ထိုးပေးနေပါတယ်။

ဝေဠုဝန် (မြောက်) ရပ်ကွက် အရန်မီးသတ်တပ်ဖွဲ့ရဲ့ စာရင်းအရ ဇူလိုင်လ ၁၂ ရက်နေ့ကနေ ဩဂုတ်လ ၈ ရက်နေ့အထိ သေဆုံးခဲ့တဲ့အလောင်း ၁၃၀ ကို သယ်ဆောင်ကူညီပေးခဲ့ရပြီး အဲဒီအထဲမှာ တစ်ယောက်တည်း နေပြီး သေဆုံးနေသူ ရှစ်ယောက်အထိ ပါဝင်ပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနရဲ့ ဩဂုတ်လ ၁၅ ရက် ည ၈ နာရီအချိန် ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ ကိုဗစ် ကြောင့် သေဆုံးသူ ၁၃၂၆၃ ယောက်ရှိပြီဆိုပေမယ့် ကိုဗစ်ကူညီတားဆီးရေး ဆောင်ရွက်ပေးနေတဲ့ ပရဟိတ အဖွဲ့တွေကတော့ လက်တွေ့လူထုအကြား သေဆုံးမှုက အဆမတန်ပိုများနိုင်ကြောင်း ခန့်မှန်းပြောဆိုကြ ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org