တံခါးပိတ်ဝါဒ ကျင့်သုံးလိုက်ရတဲ့ ကပ်ရောဂါ

ကမ္ဘာမှာ အရင်ကဖြစ်ပွားတဲ့ ကပ်ရောဂါတွေအကြောင်းနဲ့ ကိုရိုနာဗိုင်းရပ်စ် ထပ်မပြန့်ပွားအောင် ကြိုးပမ်းတဲ့အနေနဲ့ လေကြောင်းလိုင်းတွေ ဆိုင်းငံ့၊ နယ်စပ်တွေလည်း ပိတ်ရတဲ့အကြောင်း ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။

အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ရှိ Everett မြို့မှာ ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားတာ ကာကွယ်ဖို့ ကစားကွင်းတစ်ခုကို ပိတ်ထားတာ တွေ့ရစဉ် Photo: REUTERS

ကမ္ဘာမှာ အရင်ကဖြစ်ပွားတဲ့ ကပ်ရောဂါတွေအကြောင်းနဲ့ ကိုရိုနာဗိုင်းရပ်စ် ထပ်မပြန့်ပွားအောင် ကြိုးပမ်းတဲ့ အနေနဲ့ လေကြောင်းလိုင်းတွေ ဆိုင်းငံ့၊ နယ်စပ်တွေလည်း ပိတ်ရတဲ့အကြောင်း ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။

တစ်နေရာက စဖြစ်ပွားပေမယ့် ကမ္ဘာကို လျင်လျင်မြန်မြန် ပြန့်သွားတဲ့ ကိုရိုနာဗိုင်းရပ်စ် ရောဂါကပ်ကြောင့် တစ်နေ့တစ်နေ့ ကူးစက်သူဦးရေရော၊ သေဆုံးရသူဦးရေပါ တိုးလို့လာနေပါတယ်။ တရုတ်နိုင်ငံ ဝူဟန်မြို့မှာ ၂၀၁၉ ဒီဇင်ဘာလကတည်းက ဖြစ်နေပြီး ၂၀၂၀ ဇန်နဝါရီလမှာ ကမ္ဘာက စသိလာပါတယ်။ သိလာပြီးတဲ့နောက် တစ်နိုင်ငံပြီးတစ်နိုင်ငံကို မယုံနိုင်စရာ အမြန်ကူးစက်သွားတာမို့ ကမ္ဘာ့ကပ်ရောဂါအဖြစ် WHO ကမ္ဘာ့ကျန်းမာရေး အဖွဲ့က သတ်မှတ်လိုက်ရပါတယ်။

သူတို့နိုင်ငံကစပြီး ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမယ်လို့ တရုတ်သိပ္ပံပညာရှင်တွေ ကိုယ်တိုင် သတိပေးထားတဲ့အပြင် ကမ္ဘာကျော် မိုက်ကရိုဆော့ဖ် သူဌေး Bill Gates ကလည်း ဒါကို ၂၀၁၅ ကတည်းက သတိပေးထားပါတယ်။ ကမ္ဘာမှာ နျူကလီးယားအတွက် ရင်းနှီးမြှုပ်နှံနေပေမယ့် ဗိုင်းရပ်စ် ကပ်ရောဂါ ရပ်တန့်သွားအောင်လုပ်မယ့် စနစ်အတွက် အနည်းအကျဉ်းပဲ မြှုပ်နှံတယ်လို့ TED ဆိုတဲ့ နည်းပညာ၊ ပညာရေးနဲ့ ဖြေဖျော်ရေးဆိုင်ရာ ဟောပြောပွဲမှာ ပြောဖူးတာပါ။

ကျွန်တော်တို့ဟာ နောက်လာမယ့် ကမ္ဘာ့ကပ်ရောဂါအတွက် အဆင်သင့်မဖြစ်သေးဘူးလို့ ပြောတာပါ။

ကမ္ဘာမှာ ဒီလို ကပ်ရောဂါမျိုး ၁၉၁၈ က ၁၉၁၉ ထိ ကျရောက်ခဲ့ချိန်က ကမ္ဘာ့လူဦးရေ သုံးပုံတစ်ပုံဖြစ်တဲ့ လူ သန်း ၅၀၀ လောက် H1N1 ဗိုင်းရပ်စ် ကူးစက်ခံရပါတယ်။

ရည်ညွှန်း - https://www.cdc.gov/flu/pandemic-resources/1918-pandemic-h1n1.html

ဒါကို စပိန်တုပ်ကွေးလို့လည်း ခေါ်ဝေါ်ပြီး ကမ္ဘာတစ်ဝန်း အနည်းဆုံး လူ သန်း ၅၀ လောက် သေဆုံးခဲ့ရပါတယ်။ အမေရိကန်ပြည်ထောင်စုမှာတင် ခြောက်သိန်း ခုနှစ်သောင်းခွဲလောက် သေဆုံးရတာပါ။ ခု ကမ္ဘာမှာ ရင်ဆိုင် နေရတဲ့ ကိုလိုရိုနာဗိုင်းရပ်စ်က အသက် ၆၀ ကျော်အရွယ်တွေအတွက် စိုးရိမ်ရတယ်လို့ ပြောထားပေမယ့် အမေရိကန်ပြည်ထောင်စု CDC - ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးဌာန စာရင်းအရ ဒီရောဂါနဲ့ ဆေးရုံတက်ရတဲ့ လူ စုစုပေါင်းရဲ့  ၄၀% ဟာ အသက် ၂၀ က ၅၄ နှစ်ရွယ်တွေဖြစ်ပြီး ကွယ်လွန်ရသူတွေက သက်ကြီးရွယ်အိုတွေ၊ နဂိုရောဂါအခံရှိသူတွေလို့ ဖော်ပြပါတယ်။

စပိန်တုပ်ကွေးတုန်းကတော့ အသက် ၁၅ နှစ်က ၃၄ ကျန်းမာသန်းစွမ်းတဲ့ လူငယ်လူရွယ်တွေ အများဆုံး သေဆုံးရပါတယ်။ စဖြစ်ဖြစ်ချင်း ပထမသီတင်း ၂၅ ပတ်မှာ လူ ၂၅ သန်းသေဆုံးရတာမို့ အဲဒိ စပိန်ကပ်ရောဂါဟာ ရာဇဝင်မှာ စာတင်ရတဲ့ တုပ်ကွေးရောဂါဖြစ်ပြီး နောက်ရာဇဝင်တွင်မယ့် ခု ဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကတော့ အရှိန်ကောင်းနေတုန်းပဲ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ကူးစက်သေဆုံးတဲ့နှုန်းက အချိန်နဲ့ အမျှပြောင်းနေပါတယ်။

တရုတ်နိုင်ငံကနေ ၁၉၅၆ ခုနှစ်မှာ စဖြစ်ပွားပြီး ၁၉၅၈  မှာမှ တစခန်းရပ်သွားတဲ့ H2N1 အာရှတုပ်ကွေးဟာ စင်ကာပူ၊ ဟောင်ကောင်နဲ့ အမေရိကန်ပြည်ထောင်စုအထိ ရောက်သွားပြီး လူ နှစ်သန်းလောက် သေဆုံးရပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ တင် လူ ‌ခြောက်သောင်းကိုးထောင်ကျော် သေဆုံးရတာပါ။

၁၉၉၉ မှာ မလေးရှားမှာ ဖြစ်ပွားတဲ့ နီပါး ဗိုင်းရပ်စ်၊ ၂၀၀၂ မှာ တရုတ်နိုင်ငံက ဖြစ်ပွားတဲ့ ဆားစ်၊ ၂၀၀၃ မှာ တရုတ်နိုင်ငံကပဲ စဖြစ်တဲ့ H5N1 ကြက်ငှက်တုပ်ကွေး၊ ၂၀၁၂ မှာ အရှေ့အလယ်ပိုင်း ဆော်ဒီအာရေဗျက စဖြစ်ပွားတဲ့ မားစ်၊ ၂၀၁၃ မှာ တရုတ်နိုင်ငံကပဲ စဖြစ်ပွားတဲ့ h7n9  ကြက်ငှက်တုပ်ကွေး၊ ၂၀၀၉ ခုနှစ်မှာ စဖြစ်ပြီး  မြန်မာနိုင်ငံလည်း မလွတ်တဲ့ H1N1 ဝက်တုပ်ကွေး  စတာတွေကြောင့် လူ အသေအပျောက်ရှိပါတယ်။

မြန်မာနိုင်ငံမှာလည်း ကြုံနေရတဲ့ ရာသီတုပ်ကွေးကိုလည်း နှစ်စဉ် လူ သန်းတစ်ထောင်ခံစားရပြီး လူ နှစ်သိန်း ကိုးသောင်းကနေ ခြောက်သိန်းခွဲ သေဆုံးရပါတယ်။ သေဆုံးနှုန်းက သုညဒဿမတစ် ရာခိုင်နှုန်းအောက် ရှိပါတယ်။

ခု ကမ္ဘာမှာ ရင်ဆိုင်နေရတဲ့ ကိုရိုနာဗိုင်းရပ်စ်ဟာ လူကလူချင်း ကူးစက်တဲ့အပြင် စကူးကူးချင်း ရောဂါလက္ခဏာ မပြတဲ့ဘဲ ရောဂါပျိုးချိန်က သီတင်းနှစ်ပတ်ရှိတာမို့ လူတစ်ယောက်က နောက်လူတစ်ယောက်၊ အဲဒီတစ်ယောက်က နောက်တစ်ယောက် ထပ်ဆင့်ကူးသွားတာမို့  စိုးရိမ်ရတာပါ။

ဒီလို ရောဂါကပ်နောက်မှာ စီးပွားရေးကပ် တွဲပါလာပေမယ့် လောလောဆယ်တော့ စီးပွားရေး နာလန်ထူမယ့် အရေးထက် ဒီရောဂါ မပြန့်ပွားဖို့ နိုင်ငံအစိုးရတွေက နည်းမျိုးစုံနဲ့ ကြိုးစားနေရပါတယ်။ ဒီထဲ လေယာဉ်ခရီးစဉ် တွေလည်း ဖြတ်တောက် ပိတ်ပင်၊ နိုင်ငံနယ်စပ်တွေလည်း ပိတ်ပစ်တဲ့အပြင် ဥပဒေအရလည်း တင်းကျပ်တာမို့ ကမ္ဘာမှာ တံခါးဖွင့်ဝါဒကျင့်သုံးတဲ့ နိုင်ငံတွေဟာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် မလွှဲမရှောင်သာဘဲ တံခါးပိတ်ဝါဒ ကျင့်သုံးရပါတော့တယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org