နိုင်ငံရေးအကျဉ်းသားလွှတ်ပေမယ့် ဖိအားလျော့မည် မဟုတ်
အောက်တိုဘာလ ၁၈ ရက်နေ့က စစ်ကောင်စီဟာ မြန်မာနိုင်ငံတစ်ဝန်းက အကျဉ်းထောင်အသီးသီးမှာ ပြစ်ဒဏ်ချမှတ်ခံရပြီး အကျဉ်းကျခံနေရသူ ၁၃၁၆ ဦးကို လွှတ်ပေးဖို့နဲ့ အမှုရင်ဆိုင်နေရသူ ၄၃၂၀ ကိုလည်း အမှုတွေပိတ်သိမ်းပေးပြီး လွှတ်ပေးဖို့ အမိန့်ထုတ်ပြန်လိုက်ပါတယ်။
-
ရဲခေါင်မြင့်မောင် (ဝါရှင်တန်ဒီစီ)
2021-10-18 -
-
-
အောက်တိုဘာလ ၁၈ ရက်နေ့က အာဏာသိမ်းစစ်ကောင်စီဟာ မြန်မာနိုင်ငံတစ်ဝန်းက အကျဉ်းထောင်၊ အချုပ်ထောင်နဲ့ ရဲစခန်းအသီးသီးမှာ ပြစ်ဒဏ်ချမှတ်ခံရပြီး အကျဉ်းကျခံနေရသူ ၁၃၁၆ ဦးကို လွှတ်ပေးဖို့နဲ့ အမှုရင်ဆိုင်နေရသူ ၄၃၂၀ ကိုလည်း အမှုတွေပိတ်သိမ်းပေးပြီး လွှတ်ပေးဖို့ အမိန့်ထုတ်ပြန်လိုက်ပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်နဲ့အခြားအရှိန်အဝါရှိတဲ့ နိုင်ငံရေးခေါင်းဆောင်တွေ မပါဝင်တဲ့ နိုင်ငံရေး အကျဉ်းသား စုစုပေါင်း ၅၆၃၆ ဦး လွတ်ငြိမ်းချမ်းသာခွင့်ရခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ အပတ်က အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို အာဆီယံ ထိပ်သီးအစည်းအဝေး တက်ရောက်ခွင့်မပြုဖို့ ဆုံးဖြတ်ချက် ထွက်ပေါ်လာပြီးတဲ့နောက် အခုလို နိုင်ငံရေးရည်ရွယ်ချက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရသူ အမြောက်အမြား ပြန်လွှတ်ပေးလိုက်တာဖြစ်ပါတယ်။
လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေး Human Rights Watch အဖွဲ့က Phil Robertson ကတော့ အာဏာသိမ်းစစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးလိုက်တာဟာ နိုင်ငံတကာရဲ့ ဖိအားပေး ပိတ်ဆို့အရေးယူမှုတွေ အလုပ်ဖြစ်ကြောင်း ပြသလိုက်တာဖြစ်တယ်လို့ ပြောပါတယ်။
အာဏာသိမ်း စစ်ကောင်စီအနေနဲ့လည်း အခုလို နိုင်ငံရေးအကျဉ်းသားအမြောက်အမြား ပြန်လွှတ်ပေးလိုက်ပေမယ့် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့် အပါအဝင် နိုင်ငံရေးအရ အရှိန်အဝါရှိသူတွေကို မပါတာကို ကြည့်ရင် ဒီမိုကရေစီအရေးလှုပ်ရှားမှုတွေကို ဆက်လက်ပြီး ဟန့်တားဖို့ ရည်ရွယ်ချက်ရှိတာကို ပြသနေတယ်လို့ Phil Robertson က ပြောပါတယ်။
နိုင်ငံတကာအနေနဲ့ အခုလို နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးလိုက်တာကို တိုးတက်မှုတစ်ခုအဖြစ် ကြိုဆိုပြီး ဆက်လက်ဖိအားပေးဖို့ လိုကြောင်း နဲ့ ကျန်နေသေးတဲ့ နိုင်ငံရေး အကျဉ်းသားအားလုံး လွတ်မြောက်ရေး၊ အမျိုးသားပြန်လည် ရင်ကြားစေ့ရေးနဲ့ ဒီမိုကရေစီပြန်လည်ရရှိရေး ရည်မှန်းချက်တွေ အောင်မြင်တဲ့အထိ ဒဏ်ခတ်ပိတ်ဆို့ဖိအားပေးမှုတွေကို အရင်ကထက်တိုးပြီး ဆက်လုပ်သွားဖို့ လိုတယ်လို့ Phil Robertson က ပြောပါတယ်။
အာဏာသိမ်းစစ်ကောင်စီရဲ့ ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ အခုလိုအကျဉ်းသားတွေကို ပြန်လွှတ်ပေးရတာ ပြည်တွင်းပြည်ပ ဖိအားတွေကြောင့် မဟုတ်ဘဲ အရင်ကတည်းက စိစစ်ပြီး လွှတ်ပေးနေတာတွေရှိတယ်လို့ ပြောဆိုထားပါတယ်။
အာဏာသိမ်းစစ်ကောင်စီဟာ နိုင်ငံတကာ ဖိအားတွေကို လျှော့ချဖို့ ရည်ရွယ်ချက်နဲ့ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးလိုက်တာ ဖြစ်ပေမယ့်၊ နိုင်ငံတကာ ဖိအားတွေ အမှန်တကယ်လျော့သွားမယ့် အလားအလာမရှိဘူးလို့ အာရှလူ့အခွင့်အရေး ကော်မရှင် AHRC က လူ့အခွင့်အရေးရှေ့နေ ဦးမင်းလွင်ဦးက ပြောပါတယ်။
ဒါ့အပြင် အခု ပြန်လွှတ်ပေးလိုက်တဲ့ နိုင်ငံရေးအကျဉ်းသားတွေထဲမှာ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ အခြားခေါင်းဆောင်တွေ မပါဝင်တဲ့အတွက် မြန်မာ စစ်ခေါင်းဆောင်က အာဆီယံခေါင်းဆောင်တွေကို ပေးထားတဲ့ five point consensus သဘောတူညီချက်ကို ဖြည့်ဆည်းတဲ့ သဘောမသက်ရောက်ဘူးလို့ စင်ကာပူအစိုးရရဲ့ Yusof Ishak အာဆီယံလေ့လာရေး အင်တီကျုက မြန်မာ့အရေးသုတေသီ ဒေါ်မိုးသူဇာက သုံးသပ်ပါတယ်။
အခုလို နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ်ပေးလိုက်တာကြောင့် အာဏာသိမ်းစစ်ခေါင်းဆောင်ကို အာဆီယံထိပ်သီးအစည်းအဝေး တက်ရောက်ခွင့်မပြုဖို့ ချထားတဲ့ ဆုံးဖြတ်ချက်ကို ပြန်ပြင်ဖို့ ဖြစ်နိုင်ခြေမရှိဘူးလို့ သုံးသပ်ပါတယ်။
နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း AAPP ရဲ့ ထုတ်ပြန်ချက်အရ အောက်တိုဘာ ၁၈ရက် နေ့ ည၇နာရီအချိန်အထိ အာဏာပိုင်တွေရဲ့ ဖမ်းဆီးခံခဲ့ရသူ ၉၀၄၃ ဦး ရှိပြီး၊ ဒီအထဲက ၇၃၅၅ ဦးဟာ ချုပ်နှောင်ခံထားရဆဲဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ဖေဖော်ဝါရီလ ၁ရက် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဖေဖော်ဝါရီလ ၁၂ရက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်၊ ဧပြီလလယ် မြန်မာ နှစ်သစ်ကူးအထိမ်းအမှတ် နဲ့ ပြီးခဲ့တဲ့ ဇွန်လတွေမှာ အကျဉ်းသားတွေကို လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွှတ်ပေးခဲ့ပေမယ့်၊ အသစ် ထပ်ပြီး ဖမ်းဆီး ထိန်းသိမ်းမှုတွေကတော့ ရှိနေဆဲဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။