မြန်မာ့တရားရေးကဏ္ဍ သက်ဦးဆံပိုင်ခေတ် ပြန်ရောက်နေကြောင်း ဥပဒေပညာရှင်ပြော
ကိုးလကျော်သွားပြီဖြစ်တဲ့ စစ်ကောင်စီရဲ့ အာဏာသိမ်းခဲ့တဲ့ကာလအချိန်အတွင်း မြန်မာနိုင်ငံက စီးပွားရေး၊ လူမှုရေး၊ ပညာရေးကဏ္ဍ အသီးသီးမှာ ချွတ်ခြုံကျဆင်း လာသလို တရားရေးကဏ္ဍမှာလည်း ယိမ်းယိုင်ပြိုလဲတော့မလိုဖြစ်နေတယ်လို့ ဥပဒေလောကသားတွေက ပြောပါ တယ်။
-
တင်အောင်ခိုင် (ဝါရှင်တန်ဒီစီ)
2021-11-02 -
-
-
စစ်ကောင်စီဟာ အာဏာသိမ်းပြီးနှစ်ပတ်အတွင်း ကျင့်ထုံးဥပဒေများနဲ့ ရာဇသတ်ကြီးဥပဒေများထဲက ၂၄ခုတိတိကို ဖေဖော်ဝါရီလ ၁၃ ရက်နေ့က စပြီး ပြင်ဆင်ခြင်း၊ အစားထိုးခြင်းများ ပြုလုပ်ခဲ့ပါတယ်။ ဒီပြင်ဆင်တဲ့ ဥပဒေတွေနဲ့ပဲ စစ်ခုံရုံးတွေမှာ အပြစ်ဒဏ်တွေ အသီးသီး ချမှတ်ဆောင်ရွက်လာတာ တွေ့ရပါတယ်။ ခုလိုဥပဒေများကို ပြင်ဆင်သလိုပဲ တရားရုံးက အပြစ်ဒဏ်ချမှတ်ပြီးသား အမှုတချို့ကို ဆုံးဖြတ်ချက်ပြင်ဆင်ခဲ့တာမျိုးတွေ ပြုလုပ်ခဲ့ပါတယ်။ ဥပမာအနေနဲ့ NLD အစိုးရလက်ထက်က အဂတိလိုက်စားတဲ့ အမှု ၅မှုနဲ့ အပြစ်ဒဏ်ကျခံနေတဲ့ တနင်္သာရီတိုင်းဝန်ကြီးချုပ်ဟောင်းဒေါ်လဲ့လဲ့မော်ရဲ့ အမှုလေးမှုကို လွှတ်ပေးလိုက်တာဖြစ်ပါတယ်။
အမည်မဖော်လိုတဲ့ တရားလွှတ်တော်ရှေ့နေတစ်ဦးကတော့ ဒီဆောင်ရွက်မှုတွေဟာ နိုင်ငံရေး ရည်ရွယ်ချက်အရ ဖြစ်နိုင်တယ်လို့ ပြောပါတယ်။
"ဒါကတော့ နိုင်ငံရေးလောကဓံလို့ပဲ မှတ်ယူရမှာပေါ့။ နိုင်ငံရေး ရင့်ကျက်ပြည့်ဝတဲ့သူတွေက ညင်ညင်သာသာဆောင်ရွက်တတ်သလို ရင့်ကျက်မှု မရှိသူတွေက သူလိုချင်တာကို အကြမ်းပတမ်းလုပ်တာပေါ့။ NLD အစိုးရလက်ထက်မှာ အရေးယူထားတာကို ပြန်လွှတ်လိုက်တယ် ဆိုတာဟာ နိုင်ငံရေးရည်ရွယ်ချက်အရ လုပ်တာပဲ။ သူတို့ပြန်ပြီး အသုံးချဖို့ဖြစ်နိုင်တယ်"
ခုလိုအမှုတွေကို ကွင်းလုံးကျွတ် လွှတ်ပေးခဲ့သလို ယခင်အစိုးရလက်ထက်က အာမခံပေးထားတဲ့ အမှုမျိုးကို အာမခံကိုပယ်ဖျက်ပြီး အမှုကို ရုံးပြန်တင်ပြီး စီရင်ချက်ချတာမျိုးတွေလည်း ပြုလုပ်တာ တွေ့ရပါတယ်။ တဆက်တည်း စစ်ကောင်စီဟာ အရင်အစိုးရ လက်ထက်က ရွေးကောက်တင်မြှောက်ပြီး ဖွဲစည်းလိုက်တဲ့ ရှေ့နေများရဲ့အချုပ်ဖြစ်တဲ့ ဘားကောင်စီကိုလည်း ဖျက်သိမ်းလိုက်ပါတယ်။ ဒါဟာလည်း ရှေ့နေတွေကို အရေးယူမယ်ဆိုရင် ဘားကောင်စီကတဆင့် အရေးယူဖို့ရှိပေမဲ့ ဘားကောင်စီကို ဖျက်သိမ်းပြီးနောက် ရှေ့နေတွေဟာ အကာအကွယ်မဲ့ ဖြစ်သွားရတာပါ။
နောက်တစ်ခုကတော့ တရားစီရင်ရေးမှာ အခရာကျတဲ့ တရားသူကြီးများရဲ့ အခြေအနေပါ။ ဒီနေရာမှာ တရားသူကြီးတွေဟာ သတင်းကြေညာသူလို့ စာရွက်ပေါ် ရေးထားတာကို ဖတ်ပြရသူသာဖြစ်ပြီး ပြစ်မှုအပြစ်ဒဏ်တွေကို နောက်ကွယ်က လူတွေက စီရင်နေတာလို့ တရားလွှတ်တော်ရှေ့နေတစ်ဦးက ပြောပါတယ်။
"တရားသူကြီးကိုယ်တိုင်က အမှုကို ကိုယ်တိုင်စစ်ထားပေမယ့် အမိန့်ချတဲ့အခါမှာ နောက်ကလူက ပြောတဲ့အတိုင်း ချရတာ တရားသူကြီးက သတင်းကြေညာသူလိုပဲ ရေးပေးတဲ့စာကို ဖတ်ပြရတာ"
ဒါ့အပြင် နေ့စဉ် အထူးတရားရုံးမှာစစ်ဆေးခဲ့တဲ့ အခြေအနေတွေကို အမှုလိုက်အရာရှိဟာ ထောက်လှမ်းရေးကို အစီရင်ခံစာ တင်နေရတယ်လို့လည်း ပြောပါတယ်။ ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ ပြည်ထောင်စု တရားလွှတ်တော် ညွှန်ကြားရေးမှူးချုပ်(စီမံ)က ဒေါ် တင်နွယ်စိုးကို မေးမြန်းတဲ့အခါ တယ်လီဖုန်း လက်ခံဖြေကြားခြင်းမရှိပါဘူး။
လက်ရှိအခြေအနေမှာ အထူးတရားရုံးတွေဟာ ပြည်သူကို မြင်သာထင်သာရှိအောင် ချပြရမယ်ဆိုတဲ့မူနဲ့ ကွဲလွဲနေတယ်လို့လည်း လုံခြုံရေးအရ အမည်မဖော်လိုတဲ့ တရားရုံးချုပ်ရှေ့နေတစ်ဦး ပြောပါတယ်။
" အမှုစီရင်တာတွေမှာ ခြွင်းချက်ထားတဲ့ အမှုတွေမှလွဲလို့ အများပြည်သူရှေ့မှောက်မှာ စီရင်ရမယ်။ တရားမျှတစွာနဲ့စီရင်ခဲ့ပေမယ့် မလုံလောက်ဘူး။ ထိုကဲ့သို့စီရင်ခဲ့ကြောင်း အများကိုမြင်သာစေရမယ်"
အလားတူ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ အမှုတွေကို လိုက်ပါဆောင်ရွက်တဲ့ ရှေ့နေများကိုလည်း အမှုအကြောင်း ပြောဆိုခွင့်တွေကို အောက်တိုဘာလ ပထမအပတ်နဲ့ ဒုတိယအပတ်တွေက ပိတ်ပင်လိုက်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး စစ်ကောင်စီကို မေးမြန်းရာမှာ စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ရှေ့နေတွေရဲ့ ပြောစကားတွေဟာ တိုင်းပြည်တည်ငြိမ်ရေးကို ပျက်ပြားစေနိုင်တာကြောင့် ခုလိုကန့်သတ်ရတာဖြစ်တယ်လို့အောက်တိုဘာလ ၁၅ ရက်နေ့က RFA ကို ပြောပါတယ်။
ဒီအခြေအနေတွေအရ လက်ရှိမြန်မာနိုင်ငံရဲ့တရားစီရင်ရေးဟာ အရင်အစိုးရလက်ထက်က ခေတ်အဆက်ဆက်ပျက်ယွင်းလာတဲ့ မြန်မာနိုင်ငံက တရားစီရင်ရေး အခြေအနေကို ပြင်ဆင်နိုင်ဖို့ ကြိုးစားနေရာက စစ်ကောင်စီက အာဏာသိမ်းလိုက်ပြီး ကိုးလကျော်လာတဲ့ အချိန်မှာ အရင့်အရင်ကထက် ဆိုးဝါးတဲ့အခြေအနေကို ဆိုက်ရောက်နေတယ်လို့ ဝေဖန်နေကြပါတယ်။