ကမ္ဘာမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၂ သန်း ၃ သိန်းကျော်သွားပြီ

မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရတယ်လို့ အတည်ပြုနိုင်တဲ့ဦးရေဟာ မနေ့က ည ၉ နာရီအထိ ၉၈ ယောက်ရှိသွားပြီလို့ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာန က ထုတ်ပြန်လိုက်ပါတယ်။

အမေရိကန်ပြည်ထောင်စုတောင်ပိုင်း၊ Tennessee ပြည်နယ်၊ Franklin မြို့မှာ ယာဉ်မောင်းသူကို ၂၀၂၀၊ ဧပြီ ၁၈ ရက်နေ့က ကျန်းမာရေး စစ်ဆေးနေစဉ် Photo: ASSOCIATED PRESS

မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရတယ်လို့ အတည်ပြုနိုင်တဲ့ဦးရေဟာ မနေ့က ည ၉ နာရီအထိ ၉၈ ယောက်ရှိသွားပြီလို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။

မနေ့က ထပ်ပြီးတွေ့ရှိတဲ့သူတွေထဲမှာ ရန်ကုန်တိုင်း ပန်းဘဲတန်းမြို့နယ်က ၁ နှစ်ခွဲအရွယ် ယောကျ်ားလေး တစ်ယောက်ပါပြီး၊ သင်္ဃန်းကျွန်းမြို့နယ်က အသက် ၄၃ နှစ်အရွယ် အမျိုးသမီး တစ်ယောက်၊ မရမ်းကုန်းမြို့နယ်က အသက် ၂၀ အရွယ် မိန်းကလေး တစ်ယောက်၊ ရှမ်းပြည်နယ် တာချီလိတ်က အသက် ၄၃ နှစ်အရွယ် အမျိုးသား တစ်ယောက်ဖြစ်ပါတယ်။ သူတို့ လေးယောက်လုံးမှာ ပြည်ပနိုင်ငံကို သွားခဲ့တဲ့မှတ်တမ်းမရှိဘဲ ပြည်တွင်းမှာတင် ကူးစက်ခံရတာဖြစ်ပါတယ်။ လက်တလောမှာတော့ မြန်မာပြည်မှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ငါးယောက်ရှိပြီလို့ဆိုပါတယ်။

အခုလို ရောဂါပိုးတွေ့တဲ့သူဦးရေ တိုးလာနေတဲ့အတွက် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့အတိုင်း လိုက်နာနေထိုင်ဖို့ခက်ခဲတဲ့ လှိုင်သာယာ၊ ရွှေပြည်သာ၊ ဒဂုံဆိပ်ကမ်းနဲ့ စက်မှုဇုန်တွေက အလုပ်သမားတွေအတွက် အလုပ်မရရင် နေ့စဉ်စားဝတ်နေရေး ခက်မှာဖြစ်ပေမယ့်၊ ရောဂါကူးစက်ရင် ပိုးဆိုတဲ့အခြေအနေ ကြုံရနိုင်တာကြောင့် အခုညွှန်ကြားထားတဲ့ အလုပ်ပိတ်ရက်ကို ဧပြီလ ၁၉ ရက်နေ့ထိဆိုတဲ့အစား၊ ဧပြီလ ၃၀ ရက်နေ့ထိ ရွှေ့ဆိုင်းပိတ်ထားဖို့ လူ့ဘောင်သစ်ဒီမိုကရက်တစ် ပါတီက အစိုးရကို တိုက်တွန်းအကြံပြုစာကို မနေ့က ထုတ်ပြန်လိုက်ပါတယ်။

ကမ္ဘာတစ်ဝှမ်းလုံးမှာတော့ ဗိုင်းရပ်စ် ကူးစက်ခံရသူပေါင်း ဒီမနက်လင်းအားကြီးအချိန်ထိ ၂ သန်း ၃ သိန်း ကျော်သွားပြီး သေဆုံးသူက တစ်သိန်းခွဲကျော်သွားပြီလို့ World Meter ဝက်ဆိုဒ်အရ သိရပါတယ်။ ပြန်ပြီးနလန်ထလာသူက ငါးသိန်း ရှစ်သောင်းကျော် ရှိနေပါတယ်။

ရောဂါပိုးကူးစက်နှုန်း အများဆုံးတိုင်းပြည်ကတော့ အမေရိကန်ပြည်ထောင်စု ဖြစ်နေသေးပြီး စုစုပေါင်း ၇၂၆၀၀၀ ကျော်၊ သေဆုံးသူက ၃၈၀၀၀ ကျော်ရှိနေပါတယ်။

ရောဂါကူးစက်မှုမှာ စပိန်နိုင်ငံက ဒုတိယအများဆုံးဖြစ်နေပြီး ကူးစက်ခံရသူ ၁၉၀၀၀၀ ကျော်နဲ့ သေဆုံးသူ ၂၀၀၀၀ ကျော်သွားပါတယ်။ တတိယကတော့ အီတလီနိုင်ငံဖြစ်ပြီး ကူးစက်ခံရသူ ၁၇၅၀၀၀ ကျော်နဲ့ သေဆုံးသူက ၂၃၀၀၀ ကျော်ရှိနေပါတယ်။

ရောဂါစပြီး မြစ်ဖျားခံခဲ့တဲ့ တရုတ်နိုင်ငံကတော့ ကူးစက်မှုအရ သတ္တမနေရာကို ရောက်သွားပြီး ကူးစက်ခံထားရသူ ၈၂၀၀၀ ကျော်နဲ့ သေဆုံးသူ ၄၆၀၀ ကျော်ရှိတယ်လို့ World Meter ဝက်ဆိုဒ်က ဖော်ပြထားပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ပိုး စပြီးကူးစက်ခဲ့တဲ့ တရုတ်ပြည် ဝူဟန်မြို့မှာ သေဆုံးသူဦးရေကို အရင်ကကြေညာထားတာထက် ၅၀ ရာခိုင်နှုန်းထပ်တိုးပြီး အာဏာပိုင်တွေက ကြေညာတယ်လို့ RFA တရုတ်ဘာသာဌာနက သောကြာနေ့သတင်းမှာ ဖော်ပြပါတယ်။

ရုရှားနိုင်ငံမှာ ပိုးကူးစက်ခံရသူ ၃၆၀၀၀ ကျော်သွားပြီး သေဆုံးသူက ၃၀၀ ကျော်ရှိပါတယ်။ မြောက်ကိုရီးယားနိုင်ငံမှာလည်း မတ်လ မကုန်ခင်ကတည်းက ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရတဲ့ သူတွေ့ထားတယ်လို့ RFA ကိုရီးယားဘာသာဌာနရဲ့သတင်းမှာ ပြီးခဲ့တဲ့ သောကြာနေ့က ဖော်ပြပါတယ်။ တောင်ကိုရီးယားနိုင်ငံမှာ ကူးစက်ခံရသူ ၁၀၀၀၀ ကျော်နဲ့ သေဆုံးသူ ၂၃၀ ကျော်ရှိပါတယ်။ ဂျပန်နိုင်ငံမှာ လူ ၉၀၀၀ ကျော်ကူးစက်ခံထားရပြီး သေဆုံးသူ ၂၀၀ နီးပါးရှိနေပါတယ်။

အိန္ဒိယနိုင်ငံမှာတော့ ၁၄၀၀၀ ကျော်ကူးစက်ခံနေရပြီး သေဆုံးသူက ၄၉၀ နီးပါးရှိနေ ပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ပိုးကူးစက်ခံရသူ ၂၁၀၀ ကျော်နဲ့ သေဆုံးသူ ၈၄ ယောက် ရှိနေပါတယ်။

ထိုင်းနိုင်ငံမှာတော့ ကူးစက်ခံရသူ ၂၇၀၀ ကျော်နဲ့ သေဆုံးသူ ၄၇ ယောက်ရှိပါတယ်။ မလေးရှားနိုင်ငံမှာ ပိုးစက်ခံရသူ ၅၃၀၀ ကျော်ရှိပြီး သေဆုံးသူက ၈၈ ယောက်ရှိနေပါတယ်။

စင်ကာပူနိုင်ငံမှာလည်း ပိုးကူးစက်ခံရသူ ၆၀၀၀ နီးပါးရှိနေပြီး သေဆုံးသူက ၁၁ ယောက် ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org