၁၀၄ နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွား
ကိုရိုနာဗိုင်းရပ်စ်ကြောင့် အီတလီနိုင်ငံမြောက်ပိုင်းက လူ ၁၆ သန်းကို အသွားအလာ ကန့်သတ်လိုက်ချိန်မှာ ရောဂါစဖြစ်ပွားတဲ့ တရုတ်နိုင်ငံရဲ့အိမ်နီးချင်း မြန်မာနိုင်ငံမှာ ဘုရားပွဲတော်တွေကျင်းပတဲ့အကြောင်း ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။
-
2020-03-08 -
-
-
တရုတ်နိုင်ငံ ဝူဟန်မြို့က စတင်ဖြစ်ပွားတဲ့ ကိုရိုနာဗိုင်းရပ်စ်ဟာ တရုတ်နိုင်ငံနယ်နိမိတ်ကိုကျော်လွန်လို့ မနေ့ကထိ ၁၀၄ နိုင်ငံမှာ ဖြစ်ပွားနေပါတယ်။ ဥရောပတိုက်မှာဆို အီတလီနိုင်ငံမှာ အများဆုံးဖြစ်ရုံမက အသေအပျောက် လည်းများတာမို့ ရောဂါထိန်းချုပ်နိုင်ဖို့ နိုင်ငံမြောက်ပိုင်းက လူ ၁၆ သန်းကို အသွားအလာကန့်သတ်လိုက်ပါတယ်။ လွန်ဘာဒီမှာနေထိုင်သူ အားလုံးနဲ့ နိုင်ငံအလယ်ပိုင်းနဲ့ မြောက်ပိုင်းပြည်နယ် ၁၄ ပြည်နယ်က ဒေသခံတွေအဖို့ အထူးခရီးသွားလာခွင့်လိုအပ်ပြီး ကမ္ဘာလှည့်တွေအလာများတဲ့ Venice နဲ့ မီလန်မြို့လည်း အကျုံးဝင်ပါတယ်။
အီတလီမှာရှိတဲ့ မြန်မာသံရုံးကတော့ ကန့်သတ်ဒေသတွေမှာရှိနေတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ အကူအညီ လိုရင် မြန်မာသံရုံးကို ဆက်သွယ်နိုင်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
မနေ့ကထိ ကိုရိုနာဗိုင်းရပ်စ်ကြောင့် အီတလီတနိုင်ငံတည်းမှာတင် လူ ၂၃၀ သေဆုံးရပြီး ၂၄ နာရီအတွင်း လူ ၃၆ ယောက်သေဆုံးရပါတယ်။ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရတာ ဒီလ ၇ ရက်မှာ သိသိသာသာများလာပြီး လူ ၁၂၀၀ ကျော်ကနေ ၅၈၈၃ ကျော် ဖြစ်ပွားရပါတယ်။
ရောဂါပျိုးချိန်က သီတင်းနှစ်ပတ်လောက်ကြာတဲ့အတွက် ရောဂါစရရချင်း ဖြစ်မှန်းမသိတာမို့လည်း စိုးရိမ်ရ တာပါ။ အမေရိကန်ပြည်ထောင်စုက CDC ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးဌာနကတော့ လာမယ့်ရက်တွေ မှာ အမေရိကန်ပြည်ထောင်စုမှာ အပါအဝင် ကိုရိုနာဗိုင်းရပ်စ်ဖြစ်နေပြီလို့ အတည်ပြုနိုင်တဲ့ဦးရေ ပိုများလာ ဖွယ်ရှိတယ်လို့ ကြေညာထားပါတယ်။ လူကလူကို ဆက်ကူးစက်နေမှာမို့ တချိန်မှာ အမေရိကန်ပြည်ထောင်စုမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ထူပြောလာဖွယ်ရာရှိတယ်လို့ ခန့်မှန်းပါတယ်။
အဲဒီလိုဆိုရင် လူတွေတပြုံလုံး တချိန်တည်းမှာ ဆေးဝါးကုသဖို့ လိုလာမယ်ဆိုပါတယ်။ ကျောင်းတွေ၊ ကလေးထိန်း ဌာနတွေ၊ လုပ်ငန်းခွင်တွေမှာ ပျက်ကွက်သူတွေများလာဖွယ်ရှိတယ်၊ လူစုဝေးလေ့ရှိတဲ့ပွဲတွေ အခမ်းအနားတွေ တက်ရောက်မယ့်လူတွေနည်းရင်နည်း ပွဲတွေဖျက်ရင်ဖျက်မယ်လို့လည်းဆိုပါတယ်။ တကယ်ဖြစ်လာရင် ပြည်သူ့ ကျန်းမာရေးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းပိုင်း မနိုင်မနင်းဖြစ်ပြီး ကုရာနိတ္ထိ ဆေးမရှိသေးတာကိုလည်း CDC က ပြောပါတယ်။ ဒိအတွက် တာဝန်ရှိသူတွေအပိုင်းက ချိတ်ဆက်ဆောင်ရွက်နေချိန်မှာ တဦးချင်းအနေနဲ့ လက်သန့်ရှင်းရေးကို အထူးအလေးထားဖို့ မပြတ်သတိပေးနေပါတယ်။
ကမ္ဘာတဝန်းမှာတော့ မနေ့ကထိ ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားတဲ့လူ တသိန်းခြောက်ထောင်ကျော်ရှိပြီး ၃၆၀၀ သေဆုံးပြီးဖြစ်ပါတယ်။ ရောဂါပင်မမြစ်ဖျားခံတဲ့ တရုတ်နိုင်ငံမှာတင် လူ သုံးထောင်ကျော် သေဆုံးသွားရပါပြီ၊
တရုတ်နိုင်ငံနဲ့ အလှမ်းဝေးတဲ့ အီတလီနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားသူ၊ သေဆုံးသူဦးရေများသလောက် တရုတ်နိုင်ငံရဲ့ အိမ်နီးချင်း ထိုင်ဝမ်မှာ မနေ့ကစာရင်းအရ ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားသူ ၄၂ ယောက်ရှိပါတယ်။
ဝူဟန်မှာ မနှစ်က ဒီဇင်ဘာကတည်းက အခြေအနေမဟန်တော့တာသိတာနဲ့ ထိုင်ဝမ်ကျန်းမာရေး တာဝန်ရှိ သူတွေဟာ တရုတ်နိုင်ငံကလာတဲ့ ခရီးသည်တွေကို လေဆိပ်မှာ စတင်စစ်ဆေးပါတယ်။ တရုတိနိုင်ငံက လေကြောင်းခရီးစဉ်အများစုကိုလည်း ပိတ်ချလိုက်ပါတယ်။
ခုဆိုရင်လည်း ကျောင်းတွေလို လူ အဝင်အထွက်များတဲ့ အဆောက်အဦတိုင်းလိုလိုမှာ လက်သန့်ရှင်းရေးအတွက် ပိုးသေဆေးကမ်းပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားသူ ထပ်တွေ့ရင်တွေ့တဲ့အကြောင်းလည်း ထိုင်ဝမ်ရောဂါ ထိန်းချုပ်ရေးဌာနက နေ့စဉ်ကြေညာပါတယ်။
မြန်မာနိုင်ငံမှာတော့ ရွှေတိဂုံတပေါင်းပွဲတော်လည်း ကျင်းပမပျက်၊ ရွှေစက်တော်ဘုရားပွဲလည်း ကျင်းပမပျက်တဲ့ အပြင် နွားလှည်းတန်းနဲ့ ဘုရားပွဲသွားတဲ့သတင်းကို အစိုးရပိုင်သတင်းစာမှာ ဖော်ပြတာတွေ့ရပါတယ်။ ဒါပေမဲ့ တပ်မတော်နေ့ စစ်ရေးပြအခမ်းအနား မကျင်းပတော့ဘဲ မန္တလေးမှာ ဒီလထဲကျင်းပမယ့် ကုန်သွယ်ရေးပြပွဲကို ရက်ရွှေ့ဆိုင်းပြီး ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနကလည်း ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ ကြေညာချက်ကိုနေ့စဉ် သတင်းစာမှာထုတ်ပြန်ပါတယ်။ ဒီလ ၇ ရက်ထိ ကိုရိုနာဗိုင်းရပ်စ် ဓာတ်ခွဲအတည်ပြုလူနာမရှိသေးပေမဲ့ ရောဂါစောင့်ကြပ်ကြည့်ရှု နေတယ်လို့ ဖော်ပြပါတယ်။
(အီတလီနိုင်ငံက ကန့်သတ်ဒေသတွေမှာရှိတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ အကူအညီလိုရင် ရောမမြို့၊ မြန်မာသံရုံး ဒုတိယအတွင်းဝန် ဒေါ်လွင်လွင်မိုး၊ Mobile phone - 328 7660965 နဲ့ 380 2392139 ကို ဆက်သွယ်နိုင်ပါတယ်။)