မြန်မာပြည်တွင်း အင်တာနက်ထိန်းချုပ်ရေး တရုတ်ကုမ္ပဏီတွေ ကူညီနေ
2024.06.20
မြန်မာနိုင်ငံမှာ အင်တာနက်ထိန်းချုပ်ရေးအတွက် တရုတ်အစိုးရပိုင် China National Electronics Import and Export Corporation (CEIEC)၊ တရုတ်ကုမ္ပဏီ Geedge Networks နဲ့ ကြားခံဆောင်ရွက်ပေးနေတဲ့ မြန်မာကုမ္ပဏီအစုအဖွဲ့ Mascots Group of Companies တို့က စစ်ကောင်စီကိုကူညီပံ့ပိုးပေးနေတယ်လို့ Justice For Myanmar က ဇွန် ၁၉ ရက် မနေ့က ထုတ်ပြန်ပါတယ်။
စစ်ကောင်စီဟာ တရုတ်ကုမ္ပဏီ Geedge Networks ကရတဲ့ ထုတ်ကုန်ပစ္စည်းနှစ်ခုကိုအသုံးပြုပြီး အင်တာနက် စုံစမ်းထောက်လှမ်းရေးနဲ့ ဆင်ဆာဖြတ်တောက်ရေးကို မေလကုန်မှာ စတင်ဆောင်ရွက်နေတာလို့ဆိုပါတယ်။ ဒါ့အပြင် တရုတ်အစိုးရပိုင် CEIEC ဟာလည်း စစ်ကောင်စီ ဆက်သွယ်ရေးဝန်ကြီးဌာနအတွက် တည်နေရာခြေရာခံစနစ် အကောင်အထည်ဖော်ရေးအဆိုပြုမှုမှာ ပါဝင်ပတ်သက်နေတယ်လို့ Justice For Myanmar ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ မြန်မာကုမ္ပဏီ Mascots Group of Companies အစုအဖွဲ့ကတော့ တရုတ်ကုမ္ပဏီတွေနဲ့ စစ်ကောင်စီကြား စီးပွားရေးလုပ်ကိုင်နိုင်ဖို့ ကြားခံပွဲစားလုပ်ပေးနေတယ်လို့လည်း ဆိုပါတယ်။
ဒီထုတ်ပြန်ပြောဆိုချက်နဲ့ပတ်သက်ပြီး သက်ဆိုင်ရာကုမ္ပဏီ သုံးခုလုံးကို RFA က ဒီနေ့ အီးမေးလ်ကတစ်ဆင့် ဆက်သွယ်မေးမြန်းထားပေမဲ့ တုံ့ပြန်ဖြေကြားခြင်း မရှိသေးပါဘူး။
“စစ်ကောင်စီရဲ့ အင်တာနက်ထိန်းချုပ်ရေးမှာ ပါဝင်ကူညီပတ်သက်တဲ့ကုမ္ပဏီနဲ့ နိုင်ငံတွေကို အရေးယူဖို့လိုအပ်ပါတယ်”
Justice For Myanmar ရဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်ကတော့ အခုလို တရုတ်ကုမ္ပဏီတွေနဲ့အပေါင်းပါ မြန်မာကုမ္ပဏီတွေက စစ်ကောင်စီကို စုံစမ်းထောက်လှမ်းရေးနဲ့ အင်တာနက်နည်းပညာတွေ ပေးအပ်နေတာက လူသန်းပေါင်း များစွာအပေါ် ထိခိုက်သက်ရောက်မှု ရှိလာတယ်လို့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။ ဒါကြောင့် အစိုးရတွေအနေနဲ့ စစ်ကောင်စီရဲ့ နိုင်ငံတကာ ရာဇဝတ်မှုတွေမှာ ကြံရာပါ ပတ်သက်နေတဲ့ မြန်မာနဲ့ နိုင်ငံခြားကုမ္ပဏီတွေအပေါ် ပစ်မှတ်ထားဒဏ်ခတ်ပိတ်ဆို့မှုတွေကို အဆောတလျင် မဖြစ်မနေလုပ်ဆောင်ဖို့ကိုလည်း မရတနာမောင်က တိုက်တွန်းထားပါတယ်။
ဒီမိုကရေစီ ဖွံ့ဖြိုးတိုးတက်ရေး လှုပ်ရှားဆောင်ရွက်မှုကော်မတီ (ACDD) ရဲ့ စည်းရုံးလှုံ့ဆော်ရေးမှူး ဒေါ်သဉ္ဇာရွှန်းလဲ့ရည်ကလည်း စစ်ကောင်စီရဲ့ အင်တာနက်ထိန်းချုပ်ရေးမှာ ပါဝင်ကူညီပတ်သက်တဲ့ကုမ္ပဏီနဲ့ နိုင်ငံတွေကို အရေးယူဖို့လိုအပ်တယ်လို့ ပြောပါတယ်။
“အခုဆိုရင် ဒီ VPN တွေကို ပိတ်တယ်။ အင်တာနက်တွေကို ပိတ်တယ်။ ဝဘ်ဆိုက်တွေကို ပိတ်တယ်။ နောက် အင်တာနက် အသုံးပြုမှုတွေကို ကန့်သတ်တယ်ပေါ့နော်။ မြို့နယ်အတော်များများလည်း အင်တာနက်တွေ ပိတ်ခံထားတယ်။ ဆိုတော့ ဒီလိုအနေအထားတွေက ဘာကိုသွားပြောလဲဆိုတော့ လူထုရဲ့ သတင်းအချက်အလက် ရရှိပိုင်ခွင့်ကိုပါ ထိပါးလာတာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ စစ်အုပ်စုကိုအရေးယူဖို့ ကြိုးစားနေတဲ့အချိန် တစ်ချိန်တည်းမှာပဲ ဒီအင်တာနက်ထိန်းချုပ်ရေးအတွက် ကူညီပံ့ပိုးပေးနေတဲ့ ဒီကုမ္ပဏီတွေပေါ့နော်။ ကုမ္ပဏီတွေနဲ့ နိုင်ငံတွေရဲ့ပါဝင်မှုကို ကျွန်မတို့အရေးယူဖို့ လိုအပ်ပါတယ်”
စစ်ကောင်စီက တရုတ်ကုမ္ပဏီ Geedge Networks ဆီကနေ ရရှိခဲ့တဲ့ Taingou Secure Gateway (TSG) နဲ့ Cyber Narrator ထုတ်ကုန်ပစ္စည်းနှစ်ခုဟာ VPN အပါအဝင် အက်ပလီကေးရှင်းဆော့ဖ်ဝဲတွေကို ပိတ်ပင်တာ၊ အင်တာနက် အသွားအလာတွေကို စိစစ်၊ စောင့်ကြည့်တာနဲ့ တုံ့ပြန်ဆောင်ရွက်တာတွေ လုပ်ဆောင်နိုင်တယ်လို့ Justice For Myanmar ထုတ်ပြန်ချက်မှာ ထောက်ပြထားပါတယ်။
“တရုတ်နည်းပညာကုမ္ပဏီတွေက စစ်ကောင်စီရဲ့ အင်တာနက်ထိန်းချုပ်ရေး ကြိုးပမ်းမှုကို ကူညီနေပါတယ်”
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ နည်းပညာကျွမ်းကျင်သူတစ်ဦးကလည်း တရုတ်ကုမ္ပဏီတွေရဲ့ ထောက်ပံ့ကူညီမှုကြောင့် အခမဲ့ VPN အသုံးပြုသူတွေရဲ့ သတင်းအချက်အလက် လုံခြုံမှုကင်းမဲ့လာနိုင်တယ်လို့ ပြောပါတယ်။
“အချက်အလက်တွေ ကိုယ့်ရဲ့အချက်အလက်တွေ လုံခြုံမှုမရှိဘူးပေါ့နော်။ အချက်အလက်တွေ လုံခြုံမှုမရှိနိုင်မဲ့ အခမဲ့ VPN တွေသုံးကြမှာပဲ လူတွေက။ အခမဲ့ VPN တွေကို အသုံးပြုတဲ့အခါမှာ လုံလောက်တဲ့အကာအကွယ် မပေးနိုင်တဲ့အခါမျိုးမှာဆိုရင် သူတို့(စစ်ကောင်စီ)ရဲ့ ဒီကြားဖြတ်ယူထားတဲ့ Firewall တွေကနေတစ်ဆင့် ကျွန်တော်တို့ရဲ့ အချက်အလက်တွေ၊ တည်နေရာတွေ၊ IP Address တွေ ဒါတွေကိုထောက်လှမ်းလို့ ရနိုင်တာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။ နောက်နည်းပညာ အသိ၊ သတိ လုံခြုံရေး အားနည်းသွားတဲ့အခါမျိုးမှာဆိုရင် ကိုယ့်ရဲ့သတင်းအချက်အလက်တွေ၊ အကောင့်တွေ ပါသွားနိုင်တဲ့အနေအထားမျိုး ရှိတယ်ပေါ့နော်”
တရုတ်နည်းပညာကုမ္ပဏီတွေက စစ်ကောင်စီရဲ့ အင်တာနက်ထိန်းချုပ်ရေး ကြိုးပမ်းမှုကို ကူညီနေတယ်လို့ ပြောဆိုချက်တွေနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကို RFA က ဒီနေ့ အီးမေးလ်ကတစ်ဆင့် ဆက်သွယ်မေးမြန်းထားပေမဲ့ အကြောင်းမပြန်သေးပါဘူး။
Justice for Myanmar ရဲ့ ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းရာမှာလည်း လက်ခံဖြေကြားခြင်းမရှိပါဘူး။
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စစ်တပ်အရာရှိဟောင်းတစ်ဦးကတော့ စစ်ဘက်ဆိုင်ရာသတင်းတွေ မပေါက်ကြားဖို့ အင်တာနက်ကိုထိန်းချုပ်ဖို့ ကြိုးပမ်းနေရတာလို့ ပြောပါတယ်။
“လေယာဥ် ဘယ်ကတက်တယ် ဆိုတာကအစ ချက်ချင်းဓာတ်ပုံရိုက်တင်၊ ပုံနဲ့လှမ်းပြောနေတဲ့ဟာမျိုးကို ဖွင့်ပေးနေတဲ့ စစ်ဖြစ်နေတဲ့နိုင်ငံမှာ သူတို့ (စစ်ကောင်စီ)က ဒီလောက်အထိ ဖွင့်ပေးတယ်ဆိုတာကတော့ ကျွန်တော်တို့က ဒီအစိုးရ သဘောကောင်းလွန်တယ်လို့ပဲ ပြောရမှာပေါ့နော်။ သဘောကတော့ သတင်းမပေါက်ကြားရေးအတွက် တားဆီးရေး၊ ဖျက်ဆီးရေး လုပ်ပစ်တာပေါ့။ သို့သော်လည်းပဲ တစ်ဖက်က စီးပွားရေးမရှိရင် ရပ်တည်လို့မရဘူး ဆိုတာသိတဲ့အတွက်ကြောင့်မို့လို့ ဒါနဲ့ပတ်သက်လို့ သူက အလျော့အတင်းတစ်ခုကတော့ အမြဲတမ်းလုပ်နေမှာပါ။ တစ်နိုင်ငံလုံး ပြတ်တောက်သွားအောင် လုပ်လိမ့်မယ်လို့ ကျွန်တော်တို့ မယူဆပါဘူး”
မြန်မာနိုင်ငံမှာ အခုနှစ် မေလကုန်ပိုင်းကစပြီး လူသုံးများတဲ့ VPN (Virtual Private Network) ဆော့ဖ်ဝဲတွေကို စစ်ကောင်စီက ပိတ်ပင်လိုက်တာပါ။

စစ်ကောင်စီကို ထောက်ခံရေးသားပြောဆိုလေ့ရှိတဲ့ တယ်လီဂရမ် လူမှုကွန်ရက်အချို့မှာလည်း ဖေ့စ်ဘွတ်ခ်နဲ့ VPN အသုံးပြုတာတွေကို စစ်ကောင်စီက ကိုင်တွယ်နေပြီဖြစ်တဲ့အကြောင်း မေလကုန်ပိုင်းမှာ ရေးသားဖော်ပြခဲ့ကြပါတယ်။
အဲဒီနောက်မှာတော့ ရန်ကုန်နဲ့ မန္တလေးလို မြို့ကြီးတွေအပါအဝင် မြန်မာနိုင်ငံရဲ့ ဒေသတစ်ချို့မှာ စစ်ကောင်စီတပ်သားတွေက လမ်းသွားလမ်းလာတွေရဲ့ လက်ကိုင်ဖုန်းတွေကိုစစ်ဆေးပြီး VPN (Virtual Private Network) ဆော့ဖ်ဝဲတွေ တွေ့ရင် ခြိမ်းခြောက်ငွေတောင်းယူတာ၊ ဒီဆော့ဖ်ဝဲတွေ ထပ်မံအသုံးမပြုဖို့ တားမြစ်တာတွေပါ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အင်တာနက် လွတ်လပ်ခွင့် ဖိနှိပ်ချိုးဖောက်ခံနေရတဲ့ ကမ္ဘာ့နိုင်ငံအသီးသီးမှာ မြန်မာနိုင်ငံဟာ ဒုတိယအဆိုးဆုံးနိုင်ငံဖြစ်နေတယ်လို့ အမေရိကန်အခြေစိုက် Freedom House အဖွဲ့က ၂၀၂၃ အောက်တိုဘာလကေထုတ်ပြန်တဲ့ Freedom on the Net ရဲ့ အစီအရင်ခံစာမှာ ဖော်ပြခဲ့ပါတယ်။