စစ်မှုထမ်းဥပဒေကြောင့် ပြည်သူတွေ ထိခိုက်နစ်နာမှု များလာ

စစ်မှုထမ်းစာရင်း ကောက်ယူရာမှာလည်း မြို့နယ်တချို့မှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေနဲ့ အပေါင်းအပါတွေက အဂတိလိုက်စားတာ၊ လာဘ်ငွေယူပြီး မမှန်မကန်လုပ်နေတယ်လို့လည်း ထောက်ပြပြောဆိုချက်တွေလည်း ရှိနေပါတယ်။

ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်၊ လှည်းတန်းစင်တာအနီး သွားလာနေသူများအား ၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၆ ရက်နေ့က တွေ့ရစဉ်။

လွတ်လပ်တဲ့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ Data for Myanmar ရဲ့ မတ်လ ၂၃ ရက်နေ့ ထုတ်ပြန်ချက်အရ ဖေဖော်ဝါရီလမှာ ပြဋ္ဌာန်းလိုက်တဲ့ စစ်မှုမထမ်းမနေရ ဥပဒေကို နိုင်ငံတစ်ဝန်း မြို့နယ်သုံးရာကျော်ထဲက မြို့နယ် ၁၇၀ ကျော်မှာ စစ်ကောင်စီက စတင်အကောင်အထည် ဖော်နေတာပါ။

မတ်လဆန်းကစတင်ပြီး ဥပဒေနဲ့အကျုံးဝင်တဲ့ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်း စစ်မှုထမ်းမယ့်လူစာရင်းကို စစ်ကောင်စီခန့်ထားတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက ဦးဆောင်ကောက်ယူပြီး မဲနှိုက်တဲ့စနစ်နဲ့ ရွေးချယ်နေတာဖြစ်ပါတယ်။ စစ်ကောင်စီအတွက် စစ်မှုမထမ်းလိုတဲ့လူငယ်တွေက ရရာနည်းလမ်းနဲ့ ပြည်ပနိုင်ငံတွေဆီထွက်ဖို့ ကြိုးပမ်းကြသလို အာဏာရှင်ဆန့်ကျင်တော်လှန်နေတဲ့ လက်နက်ကိုင် တပ်ဖွဲ့တွေဆီ ဝင်ဖို့ကြိုးစားနေကြပါတယ်။

“စစ်မှုထမ်းဖို့ အရွေးခံရလို့ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားသူတွေလည်း ရှိနေပါတယ်”

လက်ရှိ ပြည်သူ့စစ်မှုထမ်းဥပဒေနဲ့ မဲနှိုက်ရွေးချယ်ခံသူတချို့ စစ်မှုမထမ်းချင်လို့ ထွက်ပြေးတိမ်းရှောင်နေကြတဲ့အတွက် မိသားစုဝင်တွေကို အရေးယူမယ်ဆိုပြီး စစ်ကောင်စီတပ်က ခြိမ်းခြောက်နေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ဒီလိုဖိအားပေးခြိမ်းခြောက်တာတွေရှိနေပေမယ့် ရန်ကုန်မြို့ခံ မိဘတစ်ဦးကတော့ စစ်မှုထမ်းဥပဒေနဲ့ အကျုံးဝင်နေတဲ့သားဖြစ်သူကို စစ်တပ်ထဲ မထည့်ချင်တာကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေဆီ ပို့ချင်တဲ့ဆန္ဒရှိနေပါတယ်။

“ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ ဆန္ဒမပါဘဲနဲ့လုပ်နေတာကို မကြိုက်တဲ့အတွက် တစ်ဖက်တော်လှန်ရေးဘက်ပဲ အန္တရာယ်ကင်းကင်းနဲ့ လာခေါ်မယ့်သူရှိရင် ပို့လိုက်ချင်တာပေါ့ဗျာ”

သားဖြစ်သူကလည်း စစ်တပ်ထဲကို မဝင်ချင်တာကြောင့် အမျိုးသား ညီညွတ်ရေးအစိုးရ(NUG) လက်အောက်ခံ တပ်ဖွဲ့တွေဆီ ဝင်ရောက်ဖို့ဆုံးဖြတ်ထားပါတယ်။

“ကျွန်တော်ကတော့ PDF ထဲဝင်ဖို့ စဉ်းစားထားတယ်။ ကျွန်တော် ကြောက်တာတစ်ခုပေါ့။ သူတို့က ယုတ်မာတဲ့စိတ်ဓာတ် ရှိပြီးသားဆိုတော့ ကိုယ်ရှေ့ကသွားရင် ကိုယ့်မိသားစုကို ဒုက္ခပေးမှာစိုးလို့ပေါ့။ အဲဒီတစ်ချက်ပဲ ကျွန်တော်တွေးပူတယ်။ ကျန်တဲ့ဟာတော့ ဘာမှမစဉ်းစားဘူး။ PDF ထဲဝင်ဖို့ပဲ စဉ်းစားထားတယ်။ နိုင်ငံခြားသွားဖို့ကလည်း ကျွန်တော်တို့လူငယ်တွေမှာလည်း အဆင်ပြေတဲ့အခြေအနေမဟုတ်ဘူး။ အဲဒါကြောင့် PDF ထဲပဲဝင်မယ်။ စစ်တပ်ထဲတော့ လုံးဝမဝင်နိုင်ဘူး”

ထိုင်းနိုင်ငံရောက် မြန်မာလူငယ်တစ်ဦးကတော့ စစ်မှုထမ်းဥပဒေကြောင့် အခက်အခဲတွေကြားကပဲ ပြည်ပကို ထွက်ပြေးတိမ်းရှောင်လာရတယ်လို့ RFA ကိုပြောပါတယ်။

“မရှိရှိတဲ့ ပိုက်ဆံနဲ့ အမေက ချေးငှား၊ မိဘရင်းနှီးမြုပ်နှံထားတာတွေယူပြီးတော့ ဒီလိုပဲထွက်လာရတာ။ ဒီကိုရောက်ပြီးတော့ ဘယ်သူမှ ချက်ချင်းအလုပ်မရကြဘူး။ အဲဒီလိုပဲ ခဏရှောင်တဲ့သဘောပေါ့။ အဲဒီလိုပုံစံတွေချည်းပဲ ဒီမှာက။ လူငယ်တွေ တော်တော်များများပေါ့ အခုက။ ဒီလိုပဲ ဒီမှာတော့ ဘယ်သူမှ အဆင်ပြေတယ်ဆိုတာ မရှိဘူး အဲဒီလိုပဲ”

ရန်ကုန်မြို့ရှိ ထိုင်းသံရုံးရှေ့တွင် ပြည်ဝင်ခွင့်ဗီဇာ လျှောက်ထားရန် တန်းစီနေသူများအား ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့က တွေ့ရစဉ်။ (Photo: Citizen Journalist)

စစ်မှုထမ်းဖို့ အရွေးခံရလို့ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားသူတွေလည်း ရှိနေပါတယ်။

ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်နဲ့ ကန်ကြီးထောင့်မြို့နယ်တွေမှာ မတ်လ ၁၆ နဲ့ ၁၇ ရက်တွေက စစ်မှုထမ်းဖို့ ရွေးချယ်ခံရတဲ့ လူငယ်နှစ်ဦး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားပါတယ်။

ဒါ့အပြင် ရန်ကုန်တိုင်း၊ ဒေါပုံမြို့နယ်မှာလည်း မြေးဖြစ်သူ စစ်မှုထမ်းဖို့မဲပေါက်တာကြောင့် အသက် ၇၀ အရွယ် အဘွားဖြစ်သူ မတ်လ ၂၀ ရက်နေ့က ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်ခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။

တော်လှန်ရေး အင်အားစုအဖွဲ့ပေါင်း လေးဆယ်ကျော်က စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေ အကောင်အထည်မဖော်နိုင်အောင် အားလုံးပူးပေါင်းဆောင်ရွက်သွားကြမယ်လို့ မတ်လ ၅ ရက်နေ့ကကြေညာထားသလို စစ်မှုထမ်းဥပဒေ အကောင်အထည်ပေါ်အောင် မြေပြင်မှာ လက်တွေ့ဆောင်ရွက်ပေးနေတဲ့ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေကို တော်လှန်ရေးအင်အားစုတွေက ပစ်မှတ်ထား ရှင်းလင်းတာတွေလည်း ရှိနေပါတယ်။

ပဲခူးတိုင်း ဒေသကာကွယ်ရေး အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ၃၆၀၁ PPDFတပ်ရင်းက ဆက်သွယ်ရေးနှင့် သတင်းပြန်ကြားရေး တာဝန်ခံတစ်ဦးကတော့ စစ်မှုထမ်းဥပဒေကြေညာချိန်ကစလို့ ကျေးရွာအုပ်ချုပ်ရေးမှူးနှစ်ဦးကို ရှင်းလင်းထားပြီးဖြစ်တယ်လို့ RFA ကို ပြောပါတယ်။

“စစ်မှုထမ်းဥပဒေနဲ့ပတ်သက်ပြီး ကျွန်တော်တို့ ၃၆၀၁ PPDF တပ်ရင်းအနေနဲ့ စစ်မှုထမ်းဥပဒေကြေညာပြီးချိန်မှစပြီး မတ်လ ၁၇ ရက်နေ့တွင် ပေါင်းတည်မြို့နယ် ကန်ငယ်အုပ်စု အုပ်ချုပ်ရေးမှူးအားလည်းကောင်း၊ မတ်လ ၂၁ ရက်နေ့ သဲကုန်းမြို့နယ် ဇီးကုန်းအုပ်စု အုပ်ချုပ်ရေးမှူးနဲ့အတူ ရပ်ကျေးထွေအုပ်စာရေးတို့အားလည်းကောင်း အပြစ်ပေးရှင်းလင်းခဲ့ပြီးဖြစ်ပါတယ်။ ဆက်လက်ပြီးလည်း စစ်ကောင်စီရဲ့ ပြည်သူ့စစ်ဥပဒေကို အကြံအစည် အထမြောက်အောင် ဆောင်ရွက်ပေးနေသော အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးနဲ့ ထွေအုပ်စာရေးများ၊ ပျူစောထီးများကိုလည်း ကျွန်တော်တို့တပ်ဖွဲ့အနေနဲ့ ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်သွားမှာဖြစ်တယ်”

RFA က ကောက်ယူထားတဲ့စာရင်းတွေအရ ဥပဒေပြဋ္ဌာန်းတဲ့ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀ ရက်ကနေ မတ် ၂၅ ရက်အတွင်း စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်တွေက ရပ်ကျေး အုပ်ချုပ်ရေးမှူးတွေ၊ စာရေးတွေနဲ့ ရာအိမ်မှူး စုစုပေါင်း ၁၇ ဦး သတ်ဖြတ်ခံခဲ့ရပါတယ်။

၂ဝ၂၁ ခုနှစ် မေလ ၇ ရက်နေ့က ရန်ကုန်မြို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့အား တွေ့ရစဉ်။ (Photo: AFP)

စစ်မှုထမ်းစာရင်း ကောက်ယူရာမှာလည်း မြို့နယ်တချို့မှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေနဲ့ အပေါင်းအပါတွေက အဂတိလိုက်စားတာ၊ လာဘ်ငွေယူပြီး မမှန်မကန်လုပ်နေတယ်လို့လည်း ထောက်ပြပြောဆိုချက်တွေလည်း ရှိနေပါတယ်။

ဧရာဝတီတိုင်း ဘိုကလေးမြို့နယ် ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးကတော့ သားဖြစ်သူကိုယ်တိုင် စစ်မှုထမ်းဖို့ မဲပေါက်ခဲ့တာကြောင့် ပူဆွေးသောက ရောက်ရတယ်လို့ RFA ကိုပြောပါတယ်။

“ကျွန်တော်က ကျေးရွာထဲမှာ ရပ်မိရပ်ဖလည်းဖြစ်တယ်။ ကျွန်တော့်သားသမီးလေး ပေါက်တယ်။ ကျွန်တော်သည် ကိုယ်တိုင်မဟုတ်တဲ့အခါကျတော့ ကိုယ့်သားသမီး စိတ်ပါသည်မှန်းမသိ မပါသည်မှန်းမသိဆိုတော့ ကိုယ့်သားသမီးရဲ့မျက်နှာကိုကြည့်ပြီးတော့ ကျွန်တော်တို့ မျက်ရည်ကျခဲ့ရပါတယ်ခင်ဗျ။ ကျွန်တော့်ရင်ထဲမှာလည်းစို့ပြီး စကားတောင် မတ်တပ်ရပ်မပြောနိုင်ဘူး”

သားဖြစ်သူဟာ ဧပြီလဆန်းမတိုင်ခင် ဆေးစစ်ခံရမှာဖြစ်ပြီး ဇွန်လထဲမှာ စစ်သင်တန်း တက်ရဖို့ရှိတယ်လို့ သူကပြောပါတယ်။

စစ်ကောင်စီရဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေအရ ဧပြီလကစပြီး ပထမအသုတ်ကို လူငါးထောင်စီခေါ်သွားမယ်လို့ စစ်ကောင်စီက ကြေညာထားပြီး ဒီဥပဒေအရ စစ်မှုထမ်းဖို့ ဆင့်ခေါ်ခံရချိန်မှာပျက်ကွက်ရင် ထောင်ဒဏ် ငါးနှစ်အထိ ပြစ်ဒဏ်ချမှတ်ခံရနိုင်ပါတယ်။

စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးဗဟိုအဖွဲ့ကို ဖေဖော်ဝါလထဲမှာဖွဲ့စည်းပြီး အတင်းအကျပ် အကောင်အထည်ဖော်ဖို့ ကြိုးစားနေပေမယ့် မြို့နယ်တချို့က ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးတွေ ကိုယ်တိုင်လက်မခံတာ၊ နုတ်ထွက်တာတွေလည်း ရှိနေပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးဗဟိုအဖွဲ့ကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေကြားခြင်းမရှိပါဘူး။

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ တိုင်းပြည်တည်ငြိမ်ဖို့အတွက် ပြည်သူ့စစ် မဟာဗျူဟာကို ဖော်ဆောင်တဲ့အခါ စည်းစနစ်ကျတဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို မဖြစ်မနေ အကောင်အထည်ဖော်ရမယ်လို့ မတ်လ ၂၇ ရက်နေ့မှာကျင်းပတဲ့ (၇၉) နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားမှာ ပြောခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org