ဗိုင်းရပ်စ်ကာလ အပစ်ရပ်ဖို့ နိုင်ငံတကာတိုက်တွန်းမှု မြန်မာလက်နက်ကိုင်တွေ ဥပက္ခာပြု
ကုလသမဂ္ဂနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေက ကမ္ဘာ့တဝန်းရှိ လက်နက်ကိုင်အဖွဲ့အစည်းတွေအနေနဲ့ အခုလို ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားနေစဉ်ကာလ အတွင်း တိုက်ပွဲတွေရပ်ဆိုင်းထားကြဖို့ တိုက်တွန်းထားပေမယ့် မြန်မာပြည်မှာ အစိုးရတပ်ဖွဲ့တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအကြား ဆက်လက်တိုက်ခိုက်နေကြတာနဲ့ ပတ်သက်ပြီး သဘောထားတချို့ကို RFA အဖွဲ့သား ဦးခင်မောင်စိုး က တင်ပြထားပါတယ်။
-
ခင်မောင်စိုး
2020-05-29 -
-
-
မြန်မာပြည်တွင်းတိုက်ပွဲတွေကြောင့် အပြစ်မဲ့ပြည်သူတွေ နေရပ်စွန့်ခွာထွက်ပြေးမှု တနေ့တခြား တိုးပွားလာနေ ပါတယ်။ အဲဒီစစ်ပြေးဒုက္ခသည်တွေကို ကိုရိုနာဗိုင်းရပ်စ်ရောဂါကူးစက်မယ့် အန္တရယ်ကြီးမားတဲ့အတွက် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂွတ်တားရက်ဇ်ကိုယ်တိုင် နိုင်ငံတကာမှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကို ရပ်ဆိုင်းထားကြပါလို့ ပြီးခဲ့တဲ့ မတ်လအတွင်းက မေတ္တာရပ်ခံခဲ့သလို တခြားနိုင်ငံတကာ အဖွဲ့အစည်းတွေကလည်း တိုက်တွန်းခဲ့ကြပါတယ်။
ဒါပေမယ့် မြန်မာပြည်တွင်းမှာတော့ တိုက်ပွဲတွေက ဆက်လက်ဖြစ်ပွားနေဆဲပါပဲ။ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ဒု ဥက္ကဌ ဦးစိုင်းညွန့်လွင်က ကိုရိုနာဗိုင်းရပ်စ်ဟာ ဘုံရန်သူဖြစ်တဲ့အတွက် လက်နက်ကိုင် လက်နက်မဲ့ အဖွဲ့အစည်းအားလုံး ပူးပေါင်းရင်ဆိုင်ဖို့လိုတယ်လို့ ပြောပါတယ်။
တပ်မတော်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်း ကတော့ တပ်မတော်အနေနဲ့ အပစ်ခတ်ရပ်စဲရေးကို အစဉ်တစိုက်ဆောင်ရွက်ခဲ့ပါတယ်။ ဒါပေမယ့် သောင်းကျန်းသူတွေကိုတော့ တိုက်ရမှာပဲလို့ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း RFA ကို ပြောခဲ့ပါတယ်။
ဦးစိုင်းညွှန့်လွင် က ဒီနေ့မှာပဲ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မှာ တိုက်ပွဲတွေဖြစ်ခဲ့ပါတယ်။ ခုလို ကာလမှာ သက်ဆိုင်တဲ့အဖွဲ့အားလုံး မိမိတို့ အရေးထက် ပြည်သူ့အရေးကို ဦးစားပေးပြီး စစ်ကိုရပ်ကြပါလို့ တိုက်တွန်းလိုက်ပါတယ်။
အခုလို တိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီး အစိုးရစစ်တပ်နဲ့ တိုင်းရင်းသားတပ်ဖွဲ့တွေအကြား အပြန်အလှန် အပြစ်တင်နေကြချိန်မှာ အရပ်သားပြည်သူတွေကတော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သေဆုံးနိုင်တဲ့ အန္တရာယ်ကို ပဓာနမထားနိုင်ဘဲ တိုက်ပွဲတွေကြောင့် လတ်တလော သေကြေဒဏ်ရာရမယ့်အရေးက ထွက်ပြေးနေရဆဲပါပဲ။
အနှစ် ၇ဝ ကြာပြီ ဖြစ်တဲ့ ပြည်တွင်းစစ်နဲ့အတူ မရေမတွက်နိုင်တဲ့ ပြည်သူတွေရဲ့ သွေးတွေ မြေကျခဲ့ရပြီဖြစ်သလို တိုင်းပြည်လည်းနာလှပါပြီ။ အာဏာနဲ့ လက်နက်ရှိသူ အားလုံးရဲ့ ရင်ထဲမှာ ကြင်နာစာနာမှုတွေပေါ်လာမယ့်နေ့ကို အင်အားမဲ့တဲ့ ပြည်သူတွေက စောင့်စားနေရဆဲဖြစ်ပါတယ်။