ရွေးကောက်ပွဲနီးမှ ဦးဝီရသူ ဘာကြောင့်ပေါ်လာတာလဲ
ဝရမ်းပြေးအဖြစ်နဲ့ တစ်နှစ်ကျော်ကြာ ထွက်ပြေးတိမ်းရှောင်နေခဲ့တဲ့ ဦးဝီရသူဟာ ဒီနေ့ အောက်တိုဘာ ၂ရက်နေ့မှာ ရန်ကုန်တိုင်း ဒဂုံမြို့နယ်က အနောက်ပိုင်းခရိုင် ရဲစခန်းမှာ လာရောက် အဖမ်းခံခဲ့ပါတယ်။ အခုလိုအဖမ်းခံတာဟာ နိုင်ငံရေးအရ ရည်ရွယ်ချက် ရှိနိုင်တယ်လို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။
-
အောင်သိင်္ခ၊ ဖြူဖြူခိုင်၊ ကျော်လွင်ဦး
2020-11-02 -
-
-
ဝရမ်းပြေးအဖြစ်နဲ့ တစ်နှစ်ကျော်ကြာ ထွက်ပြေးတိမ်းရှောင်နေခဲ့တဲ့ ဦးဝီရသူဟာ ဒီနေ့ အောက်တိုဘာ ၂ရက်နေ့မှာ ရန်ကုန်တိုင်း ဒဂုံမြို့နယ်က အနောက်ပိုင်းခရိုင် ရဲစခန်းမှာ လာရောက် အဖမ်းခံခဲ့ပါတယ်။ အခုလိုအဖမ်းခံတာဟာ နိုင်ငံရေးအရ ရည်ရွယ်ချက် ရှိနိုင်တယ်လို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။
နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄(က) နဲ့ ဖမ်းဝရမ်းထုတ်ခံထားရတဲ့ ဦးဝီရသူက နိုဝင်ဘာလ ၈ ရက်နေ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ အမျိုးဘာသာ သာသနာကို စောင့်ရှောက်မယ့် အဖွဲ့အစည်းနဲ့ ကိုယ်စားလှယ်တွေကို မဲပေးဖို့ ရဲစခန်းမှာ လာရောက် အဖမ်းခံချိန်မှာ မိန့်ပါတယ်။
ဦးဝီရသူဟာ နိုင်ငံတော်အကြီးအကဲတွေအပေါ် မဖွယ်မရာစကားလုံးတွေ သုံးနှုန်းပြောဆိုတာနဲ့ နိုင်ငံတော်တရားရေးနဲ့ အုပ်ချုပ်ရေးစတဲ့ ကဏ္ဍတွေက တာဝန်ရှိသူတွေအပေါ် အကြည်ညိုပျက်အောင် ပြောဆိုတာတွေကြောင့် အနောက်ပိုင်းခရိုင် ဒုတိယအုပ်ချုပ်ရေးမှူး ဦးစန်းမင်းက နိုင်ငံတော် အကြည်အညိုပျက်စေမှု ပုဒ်မ ၁၂၄ (က) နဲ့ အရေးယူပေးဖို့ ခရိုင်တရားရုံးမှာ ၂၀၁၉ ခုနှစ် မေလ ၂၈ ရက်နေ့က ဦးတိုက်လျှောက်ထားခဲ့တာ ဖြစ်ပါတယ်။
ဦးဝီရသူကို ဖမ်းဆီးလိုက်တာဟာ သာသနာကို ထောင်ချတာဖြစ်တယ်လို့ ဒီနေ့ အနောက်ပိုင်းခရိုင်ရဲစခန်းကို ကြွလာတဲ့ အမျိုးသားရေး ဆရာတော် တစ်ပါးဖြစ်တဲ့ ဦးပါမောက္ခ က မိန့်ပါတယ်။
“မြတ်စွာဘုရားရဲ့ သာသနာတော်သုံးရပ်ကို ထောင်ချခြင်းသာဖြစ်တယ်။ သာသနာကို ချိုးနှိမ်ခြင်းသာဖြစ်တယ်။ ဦးဝီရသူ ခုန ပြောသွားသကဲ့သို့ မိမိတို့ ၂၀၂၀ မဲပေးတဲ့အခါ ဗုဒ္ဓမြတ်စွာသာသနာတော်ကို ချီးမြှောက်မယ့် အမျိုးဘာသာ သာသနာတော်ကို ချီးမြှောက်မယ့် အဖွဲ့အစည်း၊ လွှတ်တော်အမတ်လောင်းတွေကို အဓိကထား ရွေးချယ်ပါလို့ ဆရာတော် ခုနက ပြောသွားပါတယ်။ ဘုန်းကြီးတို့က ယနေ့ ဦးဝီရသူအဖမ်းခံရတာ များစွာ စိတ်မကောင်းပါဘူး။ ဦးဝီရသူအတွက် စိတ်မကောင်းတာ မဟုတ်ပါဘူး။ သာသနာအတွက် စိတ်မကောင်းခြင်းသာ ဖြစ်ပါတယ်။ ”
ဦးဝီရသူက အစိုးရ အပြောင်းအလဲ ရှိကောင်း ရှိနိုင်တာကြောင့် တစ်နှစ်ကျော်အကြာမှ အမှုကို လာရောက်ဖြေရှင်းတာလို့ အမျိုးသားရေး တက်ကြွလှုပ်ရှားသူ ကိုဝင်းကိုကိုလတ်က ပြောပါတယ်။
"မှာကြားတဲ့အချက်က ဆရာတော် ဒီနေ့ရောက်ရှိလာခြင်းဟာ အစိုးရက စွဲဆိုထားတဲ့ ပုဒ်မ ၁၂၄ (က) အမှုမြောက်ခြင်း မမြောက်ခြင်းကတော့ တရားရုံးရဲ့ အဆုံးအဖြတ်ပေါ်မှာ မူတည်ပါလိမ့်မယ်။ စွဲဆိုထားတဲ့ကိစ္စကို စွဲဆိုထားသူတွေက ဆက်လက်ဆောင်ရွက်သလိုပဲ ဆရာတော်ကလည်း ဖြေရှင်းရမယ့် တာဝန်ရှိတဲ့အတွက် ရောက်ရှိလာတာဖြစ်တယ် ဒါကိုမှာပါတယ်။ နောက်တစ်ချက်က ဒီနေ့လာရောက်ဖြေရှင်းတယ်။ အရင်တုန်းက ဘာလို့ လာမရှင်းလည်းဆိုတော့ ဓမ္မစက်နဲ့ သံဃာနာယက ဆရာတော်တွေ ခေါ်ရင်လာပါမယ်လို့ ပြောတယ်။ ဒီနေ့အထိ ခေါ်မလားဆိုပြီး စောင့်တာ မခေါ်ဘူး။ အခု ၂၀၂၀ ရွေးကောက်ပွဲကလည်း နီးလာပြီ။ ရွေးကောက်ပွဲပြီးရင် အစိုးရ အပြောင်းအလဲတွေ ရှိချင်လည်းရှိမယ်။ ဆရာတော်က သူ့အမှုကိစ္စသည် ရှိနေတဲ့အတွက် ဒါကို ၂၀၂၀ ဆရာတော်က ဆောင်ရွက်စရာရှိတာတွေကို ဆောင်ရွက်ပြီးစီးသွားလို့ လာရောက် ဖြေရှင်းခြင်းဖြစ်တယ်လို့ မိန့်ပါတယ်"
ဦးဝီရသူဟာ ရဲစခန်းမှာ အဖမ်းမခံခင် မရမ်းကုန်းမြို့နယ် ကမ္ဘာအေးကုန်းမြေက နိုင်ငံတော်သံဃမဟာနာယက - မဟန ဗဟိုရုံးမှာလည်း ဆရာတော်တွေရဲ့ ဩဝါဒခံယူဖို့ ကြိုးစားခဲ့ပေမဲ့ မဟနဆရာတော်တွေက လက်မခံခဲ့ပါဘူး။
မဟနဗဟိုရုံးရောက်ချိန်မှာ ဦးဝီရသူက အမျိုးသားရေးတက်ကြွလှုပ်ရှားသူတွေနဲ့ တွေ့ဆုံပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ အစိုးရနဲ့ပတ်သက်လို့ ဝေဖန်ပုတ်ခတ်တဲ့စကားလုံးတွေ သုံးနှုန်းမိန့်ကြားခဲ့ပါတယ်။
“NLD အစိုးရက ဦးဇင်းအပေါ် ဘယ်လောက်အထိအနိုင်ကျင့်နိုင်မလဲ။ မီဒီယာတွေကရော ဦးဇင်းအပေါ် ဘယ်လောက်အထိအောင် တိုက်ခိုက်နိုင်မလဲ။ နိုင်ငံရေးသမားတွေကရော ဦးဇင်းအပေါ် ဘယ်လောက်ထိ အပုတ်ချနိုင်မလဲ။ သူတို့တွေကို စိတ်တိုင်းကျ ကျူးလွန်ခွင့်၊ စော်ကားခွင့်၊ ပြစ်မှားခွင့် ပေးထားပါတယ်။ သူတို့တွေလည်း ဦးဇင်းကို ကျုးလွန်၊ စော်ကား၊ ပြစ်မှား၊ ထိုးနှက်၊ တိုက်ခိုက်၊ အပုတ်ချလို့ ဝလောက်ပြီ ထင်ပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲမှာ ပြည်သူ့အတွက် ဘာမှမလုပ်ပေးနိုင်ဘဲ ထောင်ထဲရောက်သွားရင် ပြည်သူ့အတွက် တာဝန်မကျေတဲ့ ရဟန်းတစ်ပါးဖြစ်သွားလိမ့်မယ်။ သာသနာတော်အတွက် ဘာမှမလုပ်နိုင်တဲ့ ရဟန်းတစ်ပါးဖြစ်သွားလိမ့်မယ်ဆိုပြီးတော့ ၂၀၂၀ ရွေးကောက်ပွဲကို အင်တန်တာဝန်ကျေပွန်ချင်တဲ့အတွက် ဗီဒီယိုဖိုင်တွေ နေ့စဉ်နဲ့ အမျှရိုက်ပြီးတော့ လိုင်းပေါ်တင်ပါတယ်။ အခုဆိုရင် လိုင်းပေါ်တင်ထားတဲ့ ဗီဒီယိုဖိုင်တွေလည်း အတော်အသင့်ရောက်နေပြီလို့ ယူဆပါတယ်။ ပြောရမယ်ဆိုရင် ၂၀၂၀ အတွက် ဦးဇင်းက တာဝန်ကျေခဲ့ပါပြီ။ သံဃာတွေပဲ တာဝန်ကျေဖို့ လိုပါတော့တယ်။ ပြည်သူတွေပဲ တာဝန်ကျေဖို့လိုပါတော့တယ်။ အဲ့လို တာဝန်ကျေအောင်လုပ်ကြပါ”
ဦးဝီရသူကို ပုဒ်မ ၁၂၄ ( က ) နဲ့ တရားစွဲဆိုတာ အစိုးရက ပုဂ္ဂိုလ်ရေးအရ ဖိနှိပ်ချုပ်ခြယ်တာလို့ မြန်မာ့အမျိုးသားရေးကွန်ရက် အတွင်းရေးမှူး နောင်တော်လေးက ဝေဖန်ပါတယ်။
“စွဲဆိုထားတဲ့ ပုဒ်မကအစိုးရပုန်ကန်မှုဆိုတာက ဒါကစကားပြောရုံလောက်နဲ့ ပုန်ကန်မှုလို့ သတ်မှတ်တာကတော့ များလွန်းတယ်ပေါ့နော်။ တခြားသော ကိစ္စတွေမှာလည်း ၅၀၅ ( ခ ) နဲ့စွဲဆိုခံရတာတွေလည်း မျက်မြင်ကိုယ်တွေ့ဖြစ်ခဲ့တာပဲ။ အကိုတို့ကိုယ်တိုင်လည်း ၅၀၅ ( ခ ) နဲ့ အစွဲခံခဲ့ရတာပဲ။ ဒီဆရာတော်ကျမှ ၁၂၄ တပ်တယ်ဆိုတာ ပုဂ္ဂိုလ်ရေးအရ ရန်ငြိုးနဲ့ လုပ်သလိုပုဂ္ဂိုလ်ရေးအရ ဖိနှိပ်ချုပ်ခြယ်ထားချင်လို့ဆိုပြီး သက်ရောက်တယ်။ အဲဒီအပေါ်မှာအစိုးရရဲ့ လုပ်ရပ်က မှားတယ်လို့ ပြောချင်တယ်"
၂၀၂၀ အထွေထွေရွေးကောက်ပွဲကျင်းပဖို့ ၆ ရက်အလိုမှာ ဖမ်းဝရမ်း ထုတ်ခံထားရတဲ့ ဦးဝီရသူ အခုလိုလာရောက် အဖမ်းခံတာဟာ နိုင်ငံရေးအရ ရှုပ်ထွေးအောင် လုပ်တာပဲလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLDရဲ့ ဗဟိုပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး မုံရွာအောင်ရှင်က သုံးသပ်ပါတယ်။
"ဦးဝီရသူအနေနဲ့ ကိုယ်တိုင်လာအဖမ်းခံတယ်။ တရားဥပဒေဘောင်ထဲကနေရင်ဆိုင်တယ် ဆိုတာကိုတော့ အသိမှတ်ပြုပါတယ်။ နောက်တစ်ချက်က ဒီလိုကာလမှာ လာအဖမ်းခံတယ်ဆိုတာကတော့ ဘယ်လိုပဲဖြစ်ဖြစ် သူ့မှာရည်ရွယ်ချက်ရှိမယ်လို့ ကျွန်တော်ထင်တယ်။ အဲဒီရည်ရွယ်ချက်ကလည်း ကောင်းတဲ့ရည်ရွယ်ချက်လား၊ ဆိုးတဲ့ရည်ရွယ်ချက်လားဆိုတာ သူ့ရဲ့လုပ်ဆောင်ချက်နဲ့ သူ့စကားတွေကို ကြည့်ပြီး အကဲဖြတ်ရမယ်။ လောလောဆယ် ကျွန်တော်မြင်တာကတော့ သိပ်ပြီးတော့ အကောင်းဘက်ကိုမမြင်ဘူး။ ဒါကပိုပြီးတော့ ရှုပ်ထွေးအောင် အချိန်ကိုက်လာပြီးတော့ ရွေးကောက်ပွဲမှာ ရှုပ်ထွေးအောင်လုပ်တယ်လို့ မြင်ပါတယ်"
ဦးဝီရသူ အဖမ်းခံတာ တခြားရည်ရွယ်ချက်မရှိနိုင်ဘူးလို့ သုံးသပ်တာက နိုင်ငံရေးလေ့လာသူ ဦးအောင်သူငြိမ်း ပါ။
“ကျွန်တော့်အမြင်ကတော့ သိပ်ထူးထူးခြားခြားမမြင်ပါဘူး။ သူထွက်ပြီးတော့ အဖမ်းခံတယ်ဆိုတာ ကျွန်တော်မြင်တာကတော့ ကောင်းတဲ့ကိစ္စလို့ထင်ပါတယ်။ ဘာလို့လဲဆိုတော့ အမှုရင်ဆိုင်စရာရှိတာ ရင်ဆိုင်တယ်လို့ပဲ မြင်ပါတယ်။ ကျန်တာတော့ မရှိနိုင်ဘူးလို့ထင်တယ်။ တချို့လူတွေကတော့ ဒါကပူးပေါင်းလုပ်ကြံမှုဆိုပြီး တွက်နေတာတွေရှိတယ်။ ကျွန်တော်ကတော့ မထင်ပါဘူး"
ရဲစခန်းမှာ လာရောက်ဝန်းရံတဲ့ အမျိုးသားရေး တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်တဲ့ ကိုသက်မျိုးဝင်းကတော ဦးဝီရသူ အခုလို အဖမ်းခံတာဟာ ရွေးကောက်ပွဲနဲ့ ပတ်သက်မှုမရှိဘဲ ရှိနေတဲ့အမှုကို လာရောက်ဖြေရှင်းတာလို့ ပြောပါတယ်။
"ပြစ်မှုတစ်ခုရှိနေရင် ရှင်းလိုက်တာကကောင်းတယ်လေ၊ ရွေးကောက်ပွဲကိစ္စက ခေါင်းထဲမရှိပါဘူး။ ကိုယ့်ပြစ်မှု ကိုယ်လာရှင်းတာက ဘယ်အချိန်ဖြစ်ဖြစ် ရှင်းလို့ရတာပဲလေ၊ ရွေးကောက်ပွဲကို ဖျက်ချင်ရင် ရှစ်ရက်နေ့မှ အဖမ်းခံပြီးတော့ ရှုပ်အောင်လုပ်လို့ရတာပဲ၊ ဘာလို့အစောကြီးလာပြီး ဖြေရှင်းစရာလိုလို့လဲ"
လူမှုသဟဇာတဖော်ဆောင်ရေးအဖွဲ့အမှုဆောင် ဒါရိုက်တာ ကိုသက်ဆွေဝင်းကတော့ ရွေးကောက်ပွဲအတွက် စိုးရိမ်ရတဲ့ အခြေအနေပဲလို့ သုံးသပ်ပါတယ်။
“ရွေးကောက်ပွဲအတွက် ကျွန်တော်တို့ စိတ်ပူရတယ်။ ရွေးကောက်ပွဲနားနီးမှ ဒါမျိုး ရုတ်တရက်ကြီးထွက်လာတဲ့ကိစ္စက သူ့မှာရွေးကောက်ပွဲအတွက်ကို အစီအစဉ်တစ်ခု ရှိပုံရတယ်။ ဒါမှမဟုတ်ရင်လည်း ရွေးကောက်ပွဲအပြီး ဖြစ်လာနိုင်ခြေရှိတဲ့ ကိစ္စတွေအပေါ်မှာလည်း သက်ရောက်မှု ရှိနိုင်ခြေရှိတယ်။ ဒီနေ့ ဒဂုံကခရိုင်ရုံးရှေ့မှာ လာဝန်းရံတဲ့ တချို့ကားတွေမှာလည်း နိုင်ငံရေးပါတီအလံတွေ တပ်ထားပြီးတော့ လာတာကို တွေ့ခဲ့ရတယ်။ ကျန်တဲ့အချိန်တပတ်က ကျွန်တော်တို့အတွက် တော်တော်စိတ်ပူစရာကောင်းတဲ့ အခြေအနေ ဖြစ်နေပါတယ်။ ရွေးကောက်ပွဲအပြီး ရလဒ်အပေါ်မှာ မူတည်ပြီးတော့လည်း ဘာသာရေး လူမှုရေး ပဋိပက္ခတွေဖြစ်အောင် ဖန်တီးနိုင်မယ့် အလားအလာတွေ ရှိဦးမယ်လို့ ယူဆပါတယ်"
ပြည်သူ့ပါတီ၊ ဒုတိယဥက္ကဋ္ဌ ဦးမင်းဇေယျာကလည်း ရွေးကောက်ပွဲနီးကပ်လာချိန်မှ အခုလိုလာရောက်အဖမ်းခံတာဟာ နိုင်ငံရေးအရ ထူးခြားမှု ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။
“ဆရာတော် ဦးဝီရသူက ပြည်တွင်းမှာရှိနေလျက်နဲ့ ဘာလို့ ဖမ်းမမိတာလဲပေါ့။ ပြည်တွင်းမှာရှိနေလျက်နဲ့ ဖမ်းမမိတာက ထူးခြားတယ်လို့ ကျွန်တော်တို့ ပြောဖူးတယ်။အခုအချိန်မှာ သူက လာအဖမ်းခံတယ်ဆိုတာက ပိုထူးခြားတယ်။ ရွေးကောက်ပွဲကာလကလဲ တော်တော်ကပ်နေပြီ။ ဆရာတော် ဦးဝီရသူနဲ့ ပတ်သက်တဲ့ သူ့ရဲ့နောက်ခံသမိုင်းကြောင်းတွေနဲ့ လုပ်ဆောင်ချက်တွေအပေါ် အခြေခံပြီး ဒီလိုအချိန် သူလာအဖမ်းခံတဲ့အပေါ်မှာ ကျွန်တော်ကတော့ စိတ်ထဲမှာ မသိုးမသန့်ဖြစ်မိတယ်။ နိုင်ငံရေးအရတစုံတခုများ ပတ်သက်မှု ထူးခြားမှု ရှိနေမလားဆိုတဲ့ စိတ်မသိုးမသန့်ဖြစ်မိတယ်။ ဒါကထူးခြားမှု ဖြစ်စဉ်တစ်ခုဖြစ်တယ်။ အဲဒီထူးခြားဖြစ်စဉ်ကလည်း နိုင်ငံရေးနဲ့ တနည်းနည်းနွယ်နေမယ်လို့ ယူဆတယ်။ ဘယ်လို နွယ်မလဲ ဘယ်လိုထူးခြားဦးမလဲဆိုတာကတော့ စောင့်ကြည့်ရဦးမယ်"
ဒီနေ့မှာပဲ ဦးဝီရသူ ရန်ကုန်မှာ အဖမ်းခံခဲ့သလို ကရင်ပြည်နယ် မြဝတီ မြို့မှာလည်း “ထမင်းဝအောင် စားထား” အမှုက တရားခံပြေးတစ်ဦးဖြစ်တဲ့ အမျိုးသားရေးတက်ကြွလှုပ်ရှားသူ ဟိန်းဝေယံလည်း အဖမ်းခံခဲ့တယ်လို့ သိရပါတယ်။
ဟိန်းဝေယံဟာ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့က အင်းစိန်မြို့နယ် မြောက်ပိုင်းခရိုင် တရားရုံးမှာ တရားလွှတ်တော် ရှေ့နေ ဦးကိုနီ အမှုရုံးချိန်းမှာ “ထမင်းဝအောင် စားထား” စာတန်းပါတဲ့ တီရှပ်အကျႌ ဝတ်ဆင်ခဲ့သူ ဖြစ်ပြီး အဲဒီအမှုတွဲမှာပါတဲ့ ကျန်နှစ်ဦးကတော့ လွတ်မြောက်နေဆဲ ဖြစ်ပါတယ်။
အမျိုးသားရေးဆရာတော်တစ်ပါးဖြစ်တဲ့ ဦးကေသရက ဦးဝီရသူကို သိက္ခာမချဘဲ လူဝတ်လဲလိုက်ပြီလို့ မိန့်ပါတယ်။ မနက်ဖြန် အနောက်ပိုင်းခရိုင်တရားရုံးမှာ ရုံးတင်မှာပါ။
ဦးဝီရသူကို အမှုဖွင့်ထားတဲ့ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄ (က)ဟာ ပြစ်မှုထင်ရှားရင် အမြင့်ဆုံး ထောင်ဒဏ် တစ်သက်တစ်ကျွန်းအထိ အပြင် ငွေဒဏ်ပါ ချမှတ်နိုင်တဲ့ ပုဒ်မ ဖြစ်ပါတယ်။
----------------
(၂၀၂၀ ရွေးကောက်ပွဲဝင်မယ့် အထင်ကရ နိုင်ငံရေးပါတီတွေ၊ ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်တွေနဲ့ သတင်းပေးပို့ချက်တွေကို RFA ရွေးကောက်ပွဲအထူးအစီအစဉ် စာမျက်နှာမှာ တစုတစည်းတည်း လေ့လာကြည့်ရှုနိုင်ပါတယ်။)