စစ်ကောင်စီ ဆင့်ကွဲဗုံးတွေသုံးနေကြောင်း နိုင်ငံတကာနဲ့တိုင်းရင်းသားအဖွဲ့တွေပြော

စစ်ကောင်စီဟာ တိုင်းရင်းသားဒေသတွေကို တိုက်ခိုက်ရာမှာ နိုင်ငံတကာက ပိတ်ပင်ထားတဲ့ ကလပ်စတာဗုံးတွေ အသုံးပြုခဲ့တယ်လို့ ဒေသခံတွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တွေက ပြောပါတယ်။

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်နေ့တွင် စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် ချင်းအမျိုးသားတပ်ဦး (CNF) ဗဟိုဌာနချုပ်ရှိ အဆောက်အအုံတစ်ခုကို တွေ့ရစဉ်။ Citizen Journalist

စစ်ကောင်စီဟာ တိုင်းရင်းသားဒေသတွေကို တိုက်ခိုက်ရာမှာ နိုင်ငံတကာက ပိတ်ပင်ထားတဲ့ Cluster Bomb လို့ခေါ်တဲ့ ဖျက်အားပြင်း ဆင့်ကွဲဗုံးတွေကို အသုံးပြုခဲ့တယ်လို့ ဒေသခံပြည်သူတွေ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တာဝန်ရှိသူတွေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ထပ်ဆင့်ပေါက်ကွဲလက်နက် ပစ္စည်းများ ညွန့်ပေါင်းအဖွဲ့ CMC က ပြောပါတယ်။

ချင်းအမျိုးသားတပ်ဦး (CNF) အခြေစိုက်တဲ့ ချင်းပြည်နယ် ဝိတိုရီယတောင် အပါအဝင် ချင်းပြည်နယ်မှာ စစ်ကောင်စီက အရင်ကတည်းက ကလပ်စတာဗုံးတွေသုံးပြီး တိုက်ခိုက်ခဲ့တာလို့ (CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

"အဲဒီကလပ်စတာဗုံးတွေက ချင်းတောင်မှာ သုံးတာက ဟိုးနဂိုကတည်းက ဖြစ်ပါတယ်။ ကျွန်တော်တို့ ဝိတိုရိယ ဗဟိုဌာနချုပ်မှာ လေယာဉ်နဲ့ ထုတုန်းကလည်း ဗုံးပေါက်ကွဲပြီးတော့ ထပ်ဆင့်ကွဲပြီးတော့ ထပ်ပေါက်ကွဲတာတွေပေါ့နော်။ အဲဒါ ကလပ်စတာဗုံး၊ သူတို့က သုံးတာတော့ သေချာပါတယ်လို့ပဲ ကျွန်တော်ပြောချင်ပါတယ်။ အနီးအနား ပေါက်ကွဲတဲ့နေရာကနေ ပေ ၂၀၀ ဝန်းကျင်၊ အဲဒီလို ထပ်ကွဲတော့ရင် အဲဒီအနီးအနားမှာရှိတဲ့ တောထဲတောင်ထဲမှာဆိုတော့ သစ်ပင်တွေပေါ့။ အဲဒါတွေက အကုန်လုံး ကျိုးပြီးတော့ ပြန်ပြီးတော့ မရှင်တော့ဘူး။ အားလုံးက ခြောက်ကုန်တာပေါ့နော်"

ကယားပြည်နယ်မှာလည်း အရပ်သားပြည်သူတွေနေထိုင်တဲ့ ရပ်ရွာတွေကို စစ်ကောင်စီက ဆင့်ကွဲဗုံး အသုံးပြုပြီး တိုက်တာကို ကိုယ်တိုင်မြင်ခဲ့ရတယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) ဗဟိုသတင်းနဲ့ ပြန်ကြားရေးဌာန တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

"ကျွန်တော်တို့အတွေ့အကြုံအရ ကလပ်စတာဗုံးတွေ ရွာထဲမှာ ကြဲလိုက်တဲ့အတွက် ရွာတွေက အိမ်တွေ မီးလောင်သွားတာပေါ့နော်။ အိမ်တွေ လေး၊ ငါးလုံး ဆက်တိုက် တစ်ခါတည်း လောင်သွားတယ်။ ကလပ်စတာဗုံးတွေကနေ ဖြာထွက်လာတဲ့ ဗုံးတွေကြောင့် ရပ်ကွက်တစ်ခုစာလောက် ပျက်စီးသွားတာမျိုးတွေကို တွေ့ခဲ့ဖူးတယ်။ အစုလိုက်၊ အပြုံလိုက် ဒီလိုပေါက်ကွဲစေတတ်တဲ့ ဗုံးတွေကို သုံးတာကတော့ စစ်မြေပြင်မဟုတ်တဲ့ ပြည်သူတွေ နေထိုင်တဲ့ နေရာတွေ၊ စစ်ရှောင်တွေနေထိုင်တဲ့ နေရာတွေကို တိုက်ခိုက်တဲ့အခါမှာ ပိုပြီးတော့ အသုံးပြုလေ့ရှိတယ်။ ၂၀၂၃ မှာကတော့ ပေါင် ၅၀၀ ဗုံးတွေရော၊ မစ်ဇိုင်းဒုံးတွေရော၊ အစုလိုက်၊ အပြုံလိုက် ပေါက်ကွဲစေတတ်တဲ့ ဟာတွေရော ခပ်စိပ်စိပ် သုံးလာတယ်"

ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာအခြေစိုက်ထားတဲ့ Cluster Munition Coalition (CMC) လို့ခေါ်တဲ့ ထပ်ဆင့် ပေါက်ကွဲလက်နက်ပစ္စည်းများညွန့်ပေါင်းအဖွဲ့ကလည်း၊ မြန်မာစစ်တပ်ဟာ နိုင်ငံတကာမှာ ပိတ်ပင်ထားတဲ့ ဆင့်ကွဲဗုံးတွေအသုံးပြုနေတာကို ကန့်ကွက်ရှုတ်ချတယ်လို့ ဩဂုတ် ၃၁ ရက်နေ့က ထုတ်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အဲဒီအစီရင်ခံစာမှာ မြန်မာစစ်တပ်ဟာ ၂၀၂၁ ခုနှစ်ကနေ ၂၀၂၃ ဇွန်လဆန်းပိုင်းထိ နိုင်ငံတစ်ဝန်း တိုက်ခိုက်မှုတွေမှာ ပြည်တွင်းထုတ် ထပ်ဆင့်ပေါက်ကွဲဗုံးတွေ အသုံးပြုခဲ့တာကို အထင်အရှားတွေ့ရတယ်လို့ ဖော်ပြထားပါတယ်။

၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁၇ ရက်ကနေ မတ်လ ၇ ရက်နေ့အတွင်း ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်က ကုန်းသာ၊ နန့်မယ်ခုံနဲ့ ဝါရီဆူပလီယာရွာနားကို စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်တဲ့အခါမှာ ဆင့်ကွဲဗုံးတွေ သုံးခဲ့တယ်လို့ ဆိုပါတယ်။ ၂၀၂၃ ခုနှစ်၊ ဧပြီ ၁၆ ရက် ညနေပိုင်းကလည်း ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ တိုက်နယ်အမှတ် (၁) ပန်းပါရွာကို စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တဲ့အခါမှာ ကလေးတစ်ယောက် အပါအဝင် သုံးယောက် သေဆုံးပြီး ခုနစ်ယောက် ဒဏ်ရာရခဲ့ပါတယ်။ အဲဒီတိုက်ခိုက်မှုမှာလည်း ကလပ်စတာဗုံး အသုံးပြုခဲ့တာကို ထင်ရှားတဲ့ သက်သေ အထောက်အထား တွေရထားတယ်လို့ CMC အဖွဲ့က ဖော်ပြပါတယ်။

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ ပန်းပါရွာမှာ စစ်‌ကောင်စီတပ်မှ လေယာဉ်ဖြင့် ဗုံးကြဲခဲ့သဖြင့် ‌ဒဏ်ရာရရှိသွားသူတစ်ဦးအား ၂၀၂၃ ခုနှစ် ဧပြီလ ၁၆ ရက်နေ့က ခေါ်ဆောင်နေစဉ်။ (Photo: CDF- Mindat)

အခုလိုပြောဆိုတာတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဖုန်းခေါ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာမရှိပါဘူး။

ဒါကြောင့် စစ်တပ်အရာရှိဟောင်းတွေနဲ့ စုဖွဲ့ထားတဲ့ သေနင်္ဂမဟာဗျူဟာလေ့လာရေး အဖွဲ့ကို မေးကြည့်တော့ အမှုဆောင်ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦးက ကလပ်စတာဗုံး သုံးတယ်လို့ စွပ်စွဲနေတာဟာ နိုင်ငံရေးရည်ရွယ်ချက်နဲ့ ထိုးနှက်စွပ်စွဲနေတာလို့ ပြောပါတယ်။

"ကျွန်တော်တို့ နားလည်ထားသလောက် အခုချိန်ထိ လေ့လာထားသလောက်ကတော့ ကလပ်စတာ ဗုံးသုံးတယ်ဆိုတာ မကြားဖူးဘူး။ ကလပ်စတာသုံးတယ်လို့ရော တစ်ဘက်က သက်သေပြနိုင်ဖွယ်ရှိပြီလား။ ဥပမာ-ဗုံးလာကြဲသွားတယ်၊ ကလပ်စတာဗုံးနဲ့ ကြဲခံရတာပါဆိုရင် ဟုတ်ပြီ၊ ကလပ်စတာ ဗုံးကြဲခံရတဲ့ပုံစံက ဘယ်လိုလဲ၊ မြေပြင်အနေအထား ဘယ်လိုရှိလဲ။ ဒါမျိုးတွေတော့ Details အသေးစိတ်ရှိဖို့လိုလိမ့်မယ်"

ထပ်ဆင့်ပေါက်ကွဲလက်နက်ပစ္စည်းများညွန့်ပေါင်းအဖွဲ့ (CMC) ရဲ့ ထုတ်ပြန်ချက်မှာတော့ ထပ်ဆင့် ပေါက်ကွဲစေတဲ့ ဗုံးတွေကို အမြောက်၊ လောင်ချာ၊ ဒုံးကျည်နဲ့ တိုက်လေယာဉ်တွေ မှာ တပ်ဆင်ပြီး ပစ်လွှတ်နိုင်တယ်လို့ ဖော်ပြပါတယ်။ အဲဒီဗုံးက လေထုထဲမှာ ပေါက်ကွဲပြီး ဗုံးထဲက ထပ်ထွက်လာတဲ့ ဒါဇင်နဲ့ချီတဲ့ ဒါမှမဟုတ် ရာနဲ့ချီတဲ့ ဆင့်ကွဲယမ်းတွေဟာ ဗုံးအသေးစားလေးတွေအဖြစ် နေရာဝေးဝေးထိ လွင့်စင်ပေါက်ကွဲနိုင်ကြောင်း ရှင်းပြထားပါတယ်။

ဆင့်ကွဲယမ်းလို့ခေါ်တဲ့ ဗုံးအသေးစားလေးတွေ မပေါက်ကွဲဘဲ ကျန်နေခဲ့ရင် ထိလိုက်ချိန်မှာ အားပြင်းပြင်းနဲ့ ထပ်ပြီးပေါက်ကွဲနိုင်တာကြောင့် ကလေးသူငယ်တွေနဲ့ ကျေးလက်နေ ပြည်သူတွေအတွက် အလွန်အန္တရာယ်ကြီးတယ်လို့ ပြည်သူ့ဘက်တော်သား CDM ဗိုလ်ကြီး ကောင်းသူဝင်းက ပြောပါတယ်။

"ပြဿနာကတော့ အရင်ဆုံးပစ်လိုက်လို့ ကွဲသွားတဲ့အချိန်မှာ ဗုံးသီးတွေ ထပ်ဆင့် ကွဲသွားမယ်ပေါ့နော်၊ ကွဲသွားတဲ့အချိန် ထွက်လာတဲ့ ဗုံးသီးတွေမှာ တစ်ခါတည်းပဲ အကုန်လုံးပေါက်ရင်ပေါက်မယ်ပေါ့နော်။ တချို့ကျတော့လည်း ကျတဲ့နေရာမှာ မပေါက်ဘဲနဲ့ ကျန်နေတယ်ပေါ့နော်။ ဥပမာ ခြုံကြားတို့၊ မြောင်းကြားတို့၊ တောတောင်ကြားတို့မှာ ကျန်နေမယ်။ အဲဒီအချိန်မှာ ကြဲနေတုန်းကတော့ ခဏပုန်းရင် ပုန်းနေမယ်ပေါ့နော်၊ ကြဲပြီးတဲ့နောက်ပိုင်းမှာကျမှ အေးအေးဆေးဆေးဖြစ်ပြီဆိုပြီးတော့ ကလေးသူငယ်တွေဆော့တာပဲဖြစ်ဖြစ်၊ ပြည်သူလူထုတွေ တောထဲဘာထဲသွားတာပေါ့။ အဲဒီအချိန်မျိုးမှ ကွဲတဲ့အချိန်ကျရင် ပိုပြီးတော့ အန္တရာယ်ရှိတာပေါ့"

စစ်ကောင်စီလေတပ်က အသုံးပြုနေတဲ့ ကလပ်စတာဗုံးတွေဟာ စစ်တပ်ပိုင် ကာကွယ်ရေး ပစ္စည်း စက်ရုံ (ကပစ) က ထုတ်တဲ့ ဗုံးဆန်တွေဖြစ်ပြီး၊ အဲဒီဗုံးကိုယ်ထည်ထဲမှာ ဆင့်ကွဲယမ်းတွေအဖြစ် ၁၂၀ မီလီမီတာလောက် အလျားရှိတဲ့ မော်တာကျည်ဆံ ၁၂ ခုစာ နေရာပါဝင်တယ်လို့ CMC ရဲ့ အစီအရင်ခံစာက ဖော်ပြပါတယ်။

ဒါဟာ နိုင်ငံတကာက လက်မှတ်ရေးထိုးထားတဲ့ "၂၀၀၈ ခုနှစ်၊ ထပ်ဆင့်ပေါက်ကွဲ လက်နက်ပစ္စည်းများဆိုင်ရာ သဘောတူစာချုပ်" က တားမြစ်ချက်တွေနဲ့ အကျုံးဝင်တယ်လို့ ဆိုပါတယ်။

"အပြစ်မဲ့ ပြည်သူလူထုကိုဖြစ်စေ၊ စစ်ဘေးရှောင်စခန်းတွေကိုဖြစ်စေ၊ ကလပ်စတာဗုံး မပြောနဲ့ ရိုးရိုး သေနတ်တွေကိုတောင် လူထုတွေရှိတဲ့အရပ်ကို ပြောင်းဝလှည့်ပြီး ပစ်လို့မရပါဘူး"

စစ်ကောင်စီတပ်က ဒီလက်နက်တွေကို အရပ်သားပစ်မှတ်တွေအတွက် အသုံးပြုနေတာ ဟာ နိုင်ငံတကာ ဥပဒေကိုချိုးဖောက်တာဖြစ်သလို၊ လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှု ကျူးလွန်နေတာလို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ခေါင်းဆောင် ကိုဗညားက ပြောပါတယ်။

"အပြစ်မဲ့ ပြည်သူလူထုကိုဖြစ်စေ၊ စစ်ဘေးရှောင်စခန်းတွေကိုဖြစ်စေ၊ ကလပ်စတာဗုံး မပြောနဲ့ ရိုးရိုး သေနတ်တွေကိုတောင် လူထုတွေရှိတဲ့အရပ်ကို ပြောင်းဝလှည့်ပြီး ပစ်လို့မရပါဘူး။ ဒါက နိုင်ငံတကာဥပဒေကို ချိုးဖောက်ရာ ရောက်ပါတယ်။ နောက်တစ်ခုက crime against humanity လည်း မြောက်နေတာကို တွေ့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ လူအမြောက်အမြားကို သေကြေပျက်စီးအောင် ရည်ရွယ်ချက် ရှိတယ်။ လူထုတွေ ရှိမှန်းသိပြီးတော့ ဗုံးကြဲတယ်။ တစ်လုံးထဲမှာ လေး၊ ငါး၊ ခြောက်လုံးကနေ ရှစ်လုံးအထိ ကျရောက်ပေါက်ကွဲလို့ ပျက်စီးသေကြေမှုတွေ များတဲ့အပြင် လူထုတွေကို ဒီနေရာကနေ နောက်ထပ် တခြားတစ်နေရာကို ရွှေ့ပြောင်းအောင် ဖိအားပေးတယ်ပေါ့နော်။ အဲဒီအတွက် ဒါက ဆိုးရွားသော လူ့အခွင့်အရေး ချိုးဖောက်မှုလို့ ပြောလို့ရတယ်"

"၂၀၀၈ ခုနှစ်၊ ထပ်ဆင့်ပေါက်ကွဲလက်နက်ပစ္စည်းများ ဆိုင်ရာသဘောတူစာချုပ်" ကို နိုင်ငံပေါင်း ၁၂၃ နိုင်ငံက လက်မှတ်ထိုးထားပေမယ့် မြန်မာနိုင်ငံကတော့ မထိုးရသေးပါဘူး။ စစ်ကောင်စီက ဒီလက်နက်တွေ အသုံးပြု တိုက်ခိုက်နေတာကို နိုင်ငံတကာအစိုးရတွေက ကန့်ကွက်ရှုတ်ချဖို့နဲ့ အသုံးပြုတာရပ်အောင် ဖိအားပေးဖို့ (CMC) အဖွဲ့က တိုက်တွန်းထားပါတယ်။

ထပ်ဆင့်ပေါက်ကွဲစေတတ်တဲ့ လက်နက်ပစ္စည်းတွေကြောင့် အန္တရာယ်ရှိတဲ့ နေရာဒေသတွေကို ရှင်းလင်းပေးတာ၊ အသိပညာပေးတာနဲ့ အဲဒီလက်နက်တွေကြောင့် ထိခိုက်ဒဏ်ရာရသူတွေကို ထောက်ပံ့ပေးတာတွေ ဆောင်ရွက်ဖို့လည်း တိုက်တွန်း ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org