ချင်းနဲ့ ကယားမှာ ခရစ္စမတ်ပွဲတော်ကို အကျဉ်းချုံးပြုလုပ်မည်
ဒီဇင်ဘာ ၂၅ ရက်နေ့ ကျရောက်မယ့် ခရစ်ယာန်ဘာသာဝင်တွေရဲ့ ခရစ္စမတ်ပွဲတော် ကို ချင်းပြည်နယ်က မြို့နယ်တွေမှာ အခုနှစ် အကျဉ်းချုံးပြီးတော့သာ ကျင်းပမယ်လို့ ဘာသာရေးခေါင်းဆောင်တွေက ပြောပါတယ်။
- 2021-12-24
-
-
-
ဒီဇင်ဘာ ၂၅ ရက်နေ့ ကျရောက်မယ့် ခရစ်ယာန်ဘာသာဝင်တွေရဲ့ ခရစ္စမတ်ပွဲတော်ကို ချင်းပြည်နယ်က မြို့နယ်တွေမှာ အခုနှစ် အကျဉ်းချုံးပြီးတော့သာ ကျင်းပမယ်လို့ ဘာသာရေးခေါင်းဆောင်တွေက ပြော ပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးအဖွဲ့တွေအကြား တိုက်ပွဲတွေ ကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင် ချင်းလူမျိုးတွေကို စာနာတဲ့အနေနဲ့ ခရစ္စမတ်ပွဲတော်ကို နေအိမ်တွေမှာပဲ အကျဉ်းချုံးပြီး ဆုတောင်းဝတ်ပြုတာတွေ ပြုလုပ်မယ်လို့ ဟားခါးမြို့ ခရစ်ယာန်ပေါင်းစုံ ဂိုင်းဂဏအဖွဲ့က သိက္ခာတော်ရဆရာတော် ဒေါက်တာ စတီဖင်လျန်ဟုတ်လိန်း (Rev.Steven Lian Hup Ling) က RFA ကို ပြောပါတယ်။
“အခုအချိန်အခါမှာ ခရစ္စမတ်ကို ဝမ်းမြောက်ပျော်ရွင်စွာဖြင့်လုပ်ဖို့ အခြေအနေက မပေးဘူး။ သွေးချင်း သားချင်းတွေ အိမ်တွေမီးရှို့ခံရတယ်။ တချို့တွေဆိုရင် စစ်ဘေးရှောင်ပြီးတော့ တခြားဒေသတွေမှာ တိမ်းရှောင်နေရတယ်။ ခုချိန်ခါမျိုးမှာ ဟားခါးမြို့ပေါ်မှာရှိတဲ့ နေအိမ်နဲ့ နေနိုင်တဲ့သူတွေက ခရစ္စမတ်ကို ပျော်ပျော်ရွှင်ရွှင်လုပ်တယ်ဆိုရင် ဒါကမသင့်တော်ဘူး။ ခရစ္စမတ်ဆိုတာက တစ်ယောက်နဲ့ တစ်ယောက် ခံစားမျှဝေခြင်းဖြစ်တယ်။ သခင်ခရစ်တော်လည်း ကျွန်တော်တို့လူသားတွေအားလုံးနဲ့အတူ မျှဝေခံစားဖို့ ကမ္ဘာမြေကြီးကို ဆင်းသက်လာတာဖြစ်ပါတယ်”
ခရစ်ယာန်ဘာသာ အများစုကိုးကွယ်ကြတဲ့ ချင်းလူမျိုးတွေဟာ ခရစ္စမတ်ပွဲတော်ကို နှစ်စဉ် စည်စည်ကားကား ကျင်းပလေ့ရှိပါတယ်။ ချင်းပြည်နယ်အတွင်းက မြို့အသီးသီးမှာ နေအိမ်တွေ၊ ဘုရားကျောင်းတွေ၊ လမ်းတွေကို မီးအလှဆင်တာ၊ ခရစ္စမတ်သစ်ပင်တွေပြုလုပ်ပြီး အလှဆင်တာတွေ ပြုလုပ်လေ့ရှိပါတယ်။
ချင်းပြည်နယ် ထန်တလန်မြို့မှာ စစ်ကောင်စီတပ်သားတွေကြောင့် နေအိမ် ၅၀၀ကျော် မီးရှို့ဖျက်ဆီးခံရပြီး၊ ခရစ်ယာန်ဓမ္မဆရာတွေ ဖမ်းဆီးခံ၊ သတ်ဖြတ်ခံရတာတွေကို ဝမ်းနည်းတဲ့အနေနဲ့ အရင်နှစ်တွေကလို အလှဆင်တာတွေ ဒီနှစ်မှာ မလုပ်ဖြစ်တော့ဘူးလို့ ဒေသခံ ဦးတလွန်ကျဲအို က RFA ကို ပြောပါတယ်။
“အဓိကက ထန်တလန် အဖြစ်အပျက်ကို ဝမ်းနည်းတဲ့အနေနဲ့ ကန့်ကွက်တဲ့အနေနဲ့ ခရစ္စမတ်ပွဲကို ကြီးကြီးကျယ်ကျယ် နှစ်တိုင်းလိုမကျင်းပဘဲနဲ့ ဒီလိုပဲ ကျွန်တော်တို့ မိသားစုအနေနဲ့ပဲ ကျင်းပကြဖို့ပေါ့။ နှစ်တိုင်းဆိုရင်တော့ အိမ်တွေပဲဖြစ်ဖြစ်၊ လမ်းတွေပဲဖြစ်ဖြစ် အသင်းတော်ပတ်ဝန်းကျင်ပဲဖြစ်ဖြစ် အလှဆုံးအကောင်းဆုံး သူတို့ အလှဆင်ကြတယ်။ ပြင်ဆင်ကြတယ်။ ဒါပေမဲ့ ဒီနှစ်တော့ လုံးဝမလုပ်ဘူး။ ဘယ်နေရာမှမရှိဘူး”
"အခုအချိန်အခါမှာ ခရစ္စမတ်ကို ဝမ်းမြောက်ပျော်ရွင်စွာဖြင့်လုပ်ဖို့ အခြေအနေကမပေးဘူး"
ခရစ္စမတ်နေ့ဟာ ယေရှုခရစ်တော်မွေးဖွာတဲ့နေ့ရက်ဖြစ်ပြီး ခရစ်ယာန်ဘာသာဝင်တွေ အထွဋ်အမြတ်ထား တန်ဖိုးထားတဲ့နေ့ရက်ဖြစ်တာကြောင့် ပျော်ရွင်စွာကျင်းပတဲ့ ပွဲတော်တစ်ခုဖြစ်ပေမယ့် ဒီနှစ်မှာတော့ အဲဒီလို မကျင်းပနိုင်ဘူးလို့ ချင်းနှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်က သိက္ခာတော်ရဆရာ ငွန်ထောင်မန် က ပြောပါတယ်။
“ဒါက ဖြစ်ပျက်နေတဲ့ အရာတွေအပေါ်မှာ တုံ့ပြန်နေတဲ့သဘော အကြမ်းမဖက်ဘဲနဲ့ ဒီလိုမျိုး ကျွန်တော်တို့ အထွဋ်အထိပ်ထားတဲ့ပွဲကြီး။ ပွဲလမ်းသဘင်တောင်မှ ကျွန်တော်တို့ ဝမ်းမြောက်ဝမ်းသာစွာနဲ့ မကျင်းပ နိုင်ဘူး။ စိတ်က စိတ်မချမ်းသာဘူး ဆိုတဲ့သဘော ဖော်ထုတ်တာဖြစ်တဲ့အတွက်ကြောင့် ဒါက ကောင်းပါ တယ် ဆိုတာပဲ မှတ်ချက်ချပါတယ်”
အလားတူ ကယားပြည်နယ်မှာလည်း ကက်သလစ်ဘာသာဝင်တွေအနေနဲ့ လက်ရှိဖြစ်နေတဲ့ နိုင်ငံရေးအခြေ အနေကြောင့် ခရစ်စမတ်ပွဲလမ်းသဘင်တွေကို မကျင်းပတော့ဘဲ ဆုတောင်းခြင်းတွေလောက်ပဲ အနည်း အကျဉ်းပြုလုပ်သွားကြဖို့ ကယားပြည်နယ်က ကက်သလစ်ဆရာတော်တွေက အမိန့်ထုတ်ထားတယ်လို့ လွိုင်ကော်မြို့က ဆရာတော်တွေနဲ့ နီးစပ်တဲ့သူတစ်ဦးက ပြောပါတယ်။
"ဘုရားကျောင်းမှာကတော့ ဘာမှမရှိဘူးနော်။ လှလှပပတွေ ဆင်တော့ဆင်တယ်လေ၊ ဒါပေမဲ့လို့ လူက ကြည့်ရှုတာတို့ နှုတ်ဆက်တာတို့ ပွဲလမ်းသဘင်တို့ မရှိတော့ဘူး။ လာကြည့်တဲ့သူ မရှိတော့ဘူး။ ဆရာတော်က အိမ်မှာပဲ ကိုယ့်ဟာကို ရှိခိုးပွဲ ဒီလောက်ပဲ သူတို့လုပ်ခိုင်းတယ်နော်"
ခရစ်စမတ်ပွဲကျင်းပမယ့် ကုန်ကျစရိတ်အစား စစ်ဘေးရှောင်စခန်းတွေမှာ လိုအပ်နေတဲ့ အဝတ်အစားတွေ၊ စားနပ်ရိက္ခာတွေကို လှူဒါန်းဖို့ ကယားပြည်နယ်က ကက်သလစ်ဆရာတော်တွေက အမိန့်ထုတ်ပြန်ထားတယ် လို့လည်း ဆိုပါတယ်။