ဖမ်းဆီးထားတဲ့ ရွှေကုက္ကို ဒုစရိုက်ခေါင်းဆောင်ကို တရုတ်ကိုလွှဲပေးဖို့ ထိုင်းစီစဉ်

ရှီဇီကျန်းက အယူခံဝင်အမှုရင်ဆိုင်နေချိန်မှာ တရုတ်အစိုးရက နိုင်ငံရေးရည်ရွယ်ချက်ရှိရှိနဲ့ ပြင်းပြင်းထန်ထန် အရေးယူဖိနှိပ်မှာ စိုးရိမ်တဲ့အတွက် တရုတ်နိုင်ငံကိုပြန်မပို့ရေး နိုင်ငံတကာကို အကူအညီတောင်းနေတယ်လို့ သူနဲ့ နီးစပ်သူတစ်ဦးက RFA ကို ပြောပါတယ်။

လောင်းကစားရုံများရှိရာ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ရွှေကုက္ကိုမြို့သစ်တွင် အဆောက်အအုံများ ဆောက်လုပ်နေသည်ကို ၂၀၂၃ ခုနှစ် မတ်လက တွေ့ရစဉ်။ RFA

မြန်မာ၊ ကမ္ဘောဒီးယားနဲ့ ဖိလစ်ပိုင်နိုင်ငံတွေမှာ အိမ်ခြံမြေနဲ့ လောင်းကစားရုံလုပ်ငန်းတွေလုပ်ကိုင်နေတဲ့ တရုတ်လူမျိုးလုပ်ငန်းရှင် ရှီဇီကျန်းဟာ ၂၀၂၂ ခုနှစ် သြဂုတ်လက ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ဖမ်းဆီးခံခဲ့ရပြီး လူကုန်ကူးမှုနဲ့ အင်တာနက်အွန်လိုင်းစာမျက်နှာတွေကတစ်ဆင့် ငွေလိမ်တဲ့လုပ်ငန်းတွေမှာ ပါဝင်မှုတွေအတွက် ဖမ်းဆီးအရေးယူခံထားရပါတယ်။

ပြီးခဲ့တဲ့ မေလ ၂၅ ရက်နေ့မှာ ရှီဇီကျန်းကို တရုတ်နိုင်ငံကိုပြန်ပို့ဖို့ ထိုင်းတရားရုံးချုပ်က အမိန့်ချလိုက်အပြီး အယူခံဝင်အမှုရင်ဆိုင်နေချိန်မှာ တရုတ်အစိုးရက နိုင်ငံရေးရည်ရွယ်ချက်ရှိရှိနဲ့ ပြင်းပြင်းထန်ထန် အရေးယူဖိနှိပ်မှာ စိုးရိမ်တဲ့အတွက် တရုတ်နိုင်ငံကိုပြန်မပို့ရေး နိုင်ငံတကာကို အကူအညီတောင်းနေတယ်လို့ သူနဲ့ နီးစပ်သူတစ်ဦးက RFA ကို ပြောပါတယ်။

ဘန်ကောက်မြို့က ထိန်းသိမ်းရေးစခန်းထဲမှာ လုပ်ငန်းရှင်ရှီ နဲ့ တစ်ခန်းတည်းအတူနေခဲ့တယ်ဆိုတဲ့ သူတစ်ဦးက RFA ကို ပြောပြချက်အရတော့၊ အရင်က ကမ္ဘောဒီးယားနိုင်ငံသားဖြစ်ခဲ့တဲ့ လုပ်ငန်းရှင် ရှီ ဟာ ၂၀၁၉ ခုနှစ်က ဘေဂျင်းမြို့ကိုသွားရောက်တဲ့ ခရီးစဉ်အပြီးမှာ တရုတ်နိုင်ငံသားဖြစ်ခွင့် ရခဲ့တဲ့အကြောင်း၊ အဲဒီနောက် ရှီ ဟာ တရုတ်အစိုးရအာဏာပိုင်တွေအတွက် တန်ဖိုးရှိတဲ့ သတင်းပေးတစ်ဦးဖြစ်လာတဲ့အကြောင်းနဲ့ တရုတ်ကွန်မြူနစ်အစိုးရဟာ သူ့ဆီကနေ ထောက်လှမ်းရေးသတင်းရယူတာ၊ ထိပ်တန်းလုံခြုံရေးရဲတပ်ဖွဲ့တွေနဲ့ တိုက်ရိုက်ဆက်ဆံခွင့်ရတာတွေအထိ အခွင့်အရေးရခဲ့သူလို့ သိရပါတယ်။

လုံခြုံရေးအတွက်အမည်မဖော်လိုတဲ့ ရှီ ရဲ့ အခန်းဖော်ဆိုသူက ရှီ ဟာ အခုအချိန်မှာ တရုတ်နိုင်ငံကိုပြန်ပို့ခံရရင် သူ့ရဲ့အခြေခံလူ့အခွင့်အရေးတွေ ချိုးဖောက်ခံရပြီး ပြင်းပြင်းထန်ထန်အပြစ်ပေးခံရမှာကို စိုးရိမ်နေတယ်လို့ ပြောပါတယ်။

RFA ရဲ့ လေ့လာစုံစမ်းမှုတွေအရ လုပ်ငန်းရှင်ရှီဇီကျန်းဟာ ၂၀၁၉ ခုနှစ်က ဘေဂျင်းမြို့မှာကျင်းပခဲ့တဲ့ ‘ပြည်တော်ပြန်လာတဲ့ ပြည်ပရောက် တရုတ်လူမျိုးများ အဖွဲ့ချုပ်’ က ကျင်းပတဲ့ ခေါင်းဆောင်ပိုင်းအစည်းအဝေးတွေကို တက်ရောက်ခဲ့တဲ့ မှတ်တမ်းတွေ တွေ့ရပါတယ်။

တရုတ်ကွန်မြူနစ်ပါတီဟာ ကမ္ဘာအရပ်ရပ်မှာရောက်ရှိပျံ့နှံ့နေတဲ့ တရုတ်လူမျိုးတွေကို သြဇာလွှမ်းမိုးနိုင်ဖို့ United Front လို့ခေါ်တဲ့ အဖွဲ့အစည်းတွေကို ဖွဲ့ပေးထားတဲ့နေရာမှာ ဒီပြည်တော်ပြန် တရုတ်လူမျိုးများအဖွဲ့ဟာလည်း တစ်ခုအပါအဝင် ဖြစ်ပါတယ်။

RFA က ဒီအဖွဲ့အစည်းကို ဆက်သွယ်ခဲ့ရာမှာ၊ လုပ်ငန်းရှင် ရှီရဲ့ အမှုနဲ့ပတ်သက်လို့ သူတို့ဘာမှမသိတဲ့အကြောင်း ငြင်းဆိုပြီး၊ ရှီ အဆင့်မြင့်အရာရှိတစ်ဦးအဖြစ် တာဝန်ယူခဲ့တဲ့ အခြား United Front အဖွဲ့အစည်းတစ်ခု ဖြစ်တဲ့ ‘ပြည်ပရောက် တရုတ်လုပ်ငန်းရှင်များ အသင်း’ ကို မေးမြန်းစုံစမ်းဖို့ ညွှန်းဆိုခဲ့ပါတယ်။

အဲဒီ ပြည်ပရောက် တရုတ်လုပ်ငန်းရှင်များအသင်းကို ဆက်သွယ်ခဲ့ရာမှာတော့ လုပ်ငန်းရှင် ရှီ ဟာ ပြည်တော်ပြန်တရုတ်လူမျိုးများအသင်းနဲ့သာ သက်ဆိုင်တယ်လို့ ပြန်ပြောပါတယ်။

လုပ်ငန်းရှင် ရှီဇီကျန်း နဲ့ ပတ်သက်မှုအတွက် တရုတ်နိုင်ငံဘက်က တာဝန်ရှိသူတွေကတစ်ဖက်နဲ့တစ်ဖက် လွှဲချနေကြတဲ့အချိန်မှာ ရှီ လိုပဲ အစပိုင်းမှာ တရုတ်ကွန်မြူနစ်ပါတီက ကျောထောက်နောက်ခံပေးထားတဲ့ United Front အဖွဲ့အစည်းတွေအတွက် အလုပ်လုပ်ပေးခဲ့ပြီး၊ နောက်ပိုင်းမှာ ပါတီခေါင်းဆောင်ပိုင်း အပြောင်းအလဲတွေကြောင့် နောက်တက်လာတဲ့ ခေါင်းဆောင်သစ် ရှီကျင်းပင်အပေါ် သစ္စာမခံဘူးလို့ သတ်မှတ်ခံရတဲ့အတွက် ဖိနှိပ် အပြစ်ပေးခံရတာလို့ ယူဆရတဲ့ အဖြစ်အပျက်တွေလည်း ရှိနေပါတယ်။

ပြီးခဲ့တဲ့ မေလကတင်ပဲ တရုတ်နိုင်ငံအရှေ့ပိုင်း စူကျိုးမြို့က တရားရုံးတစ်ရုံးဟာ ဘေဂျင်းအစိုးရ ကျောထောက်နောက်ခံပြုထားတဲ့ ပြည်ပရောက်တရုတ်လူမျိုးများ အဖွဲ့တစ်ဖွဲ့ကိုဦးဆောင်ခဲ့တဲ့ အသက် ၇၈ နှစ်အရွယ် အမေရိကန် နိုင်ငံသား ဂျွန်လျောင် ဆိုသူကို သူလျှိုမှုအတွက်အပြစ်ရှိတယ်ဆိုပြီး ထောင်ဒဏ် တစ်သက် အပြစ်ပေးခဲ့ပါတယ်။

ရှီ ရဲ့ အခန်းဖော်ဖြစ်သူရဲ့အဆိုအရ ရှီဟာ တရုတ်နိုင်ငံကို ပြန်ပို့ခံရရင် သေဒဏ်အထိ အပြစ်ပေးခံရမှာကို စိုးရိမ်နေတယ်လို့ ဆိုပါတယ်။

ဒါကြောင့်လည်း ရှီဟာ အခုအချိန်မှာ သူ့ကိုတရားရုံးမှာ စစ်ဆေးစဉ်ကမှတ်တမ်းတွေကို သူ့ရဲ့အခန်းဖော်ဖြစ်သူကို ပေးထားပြီး လိုအပ်ရင် လူသိရှင်ကြားထုတ်ပြန်ဖို့လည်း မှာထားတယ်လို့ ဆိုပါတယ်။

ဒီမှတ်တမ်းတွေထဲမှာ သူ့ကို တရုတ်နိုင်ငံတော် လုံခြုံရေးရဲတပ်ဖွဲ့ရဲ့ သူသျှိုအဖြစ်ခန့်အပ်ခဲ့တာ အပါအဝင် သူနဲ့ တရုတ်ကွန်မြူနစ်ပါတီ တာဝန်ရှိသူတွေအကြား ပူးပေါင်းဆောင်ရွက်မှုတွေကို အသေးစိတ်ဖော်ပြထားတယ်လို့ ဆိုပါတယ်။

ရှီဟာ မြန်မာနိုင်ငံ ရွှေကုက္ကိုမှာ လက်နက်ကိုင်ကြေးစား တပ်သား ၅၀၀၀ လောက်ရှိတဲ့ တပ်ဖွဲ့တစ်ဖွဲ့ကို ပိုင်ဆိုင်ထားသလို၊ ဒေသတွင်းမှာ အဆက်အသွယ်တွေရှိတဲ့အတွက် တရုတ်နိုင်ငံကို ပြန်ပို့ခံရပြီး နိုင်ငံရေးရည်ရွယ်ချက်အတွက် ပြင်းပြင်းထန်ထန် အပြစ်ပေးတာ မခံရအောင် ကာကွယ်နိုင်ဖို့ မျှော်လင့်နေပါတယ်။

ဒါပေမဲ့လည်း တရုတ်ကွန်မြူနစ်ပါတီဟာ ရှီ ရဲ့လက်အောက်ကလူတွေကို အလွယ်တကူဖယ်ရှားနိုင်တဲ့ အစွမ်းရှိလိမ့်မယ်လို့ ထင်တဲ့အကြောင်း သူ့ရဲ့ အခန်းဖော်ဖြစ်သူက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၉ရက်နေ့ကပဲ မြန်မာနိုင်ငံမှာ အွန်လိုင်းကနေ လိမ်လည်မှုတွေကျူးလွန်တယ်လို့ ယူဆရတဲ့ တရုတ်နိုင်ငံသားခြောက်ဦးကို စစ်ကောင်စီရဲတပ်ဖွဲ့က တရုတ်နိုင်ငံရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးခဲ့တယ်လို့ ရန်ကုန်မှာရှိတဲ့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက သတင်းထုတ်ပြန်ထားပါတယ်။

ဒီတရုတ်နိုင်ငံသားတွေကို ထိုင်း-မြန်မာနယ်စပ်မှာ တရုတ်-မြန်မာ-ထိုင်း သုံးနိုင်ငံ ပူးပေါင်းဆောင်ရွက်မှုနဲ့ ဖမ်းဆီးမိခဲ့တာလို့ ဆိုပါတယ်။

အခန်းဖော် ဖြစ်သူရဲ့ အဆိုအရ၊ ရှီဇီကျန်းဟာ ကရင်ပြည်နယ်မြဝတီမှာ သြဇာအာဏာကြီးထွားလာတဲ့နောက် ဘေဂျင်းအစိုးရက သူ့ကိုအမြင်မကြည် ဖြစ်လာတာလို့ ဆိုပါတယ်။ ရှီဟာ ရွှေကုက္ကို အထူးစီးပွားရေးဇုန်မှာ Asia-Pacific City မြို့တော်စီမံကိန်းကို သူ့အလိုကျစီမံခန့်ခွဲဖို့ ကြိုးစားလာတာကြောင့် တရုတ်ကွန်မြူနစ်ပါတီဟာ မဟာဗျူဟာအရအရေးပါတဲ့ ဒီဒေသကို ထိန်းချုပ်လို့မရတော့မှာ စိုးရိမ်လာတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ရှီဇီကျန်းကို ထိုင်းနိုင်ငံမှာ ဖမ်းဆီးခဲ့တဲ့နောက် မြန်မာနိုင်ငံမြဝတီမှာ လောင်းကစားရုံ ၁၀၀ ကျော်နဲ့ အင်တာနက်အွန်လိုင်းကနေ ငွေလိမ်လုပ်ငန်းတွေလုပ်နေတဲ့ "အာရှ ပစိဖိတ်မြို့တော်က အလိမ်အညာ ဘုရင်" ကိုဖမ်းမိသွားပြီ ဖြစ်တဲ့အကြောင်း တရုတ်နိုင်ငံပိုင် သတင်းမီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

၂၀၂၂ ခုနှစ် သြဂုတ်လက သူ့ကိုဖမ်းဆီးပြီးတဲ့နောက်၊ ရှီဇီကျန်းဟာ တရုတ်နိုင်ငံနဲ့ အရှေ့တောင်အာရှနိုင်ငံတွေမှာ လုပ်ငန်းအမြောက်အများ ဖြန့်ကျက်ပိုင်ဆိုင်ထားပြီး၊ မှောင်ခိုကုန်ကူးသန်းခြင်း၊ လူကုန်ကူးခြင်း၊ ပြန်ပေးဆွဲခြင်း၊ ကုန်ပစ္စည်းအတုပြုလုပ်ခြင်း၊ ခြိမ်းခြောက်ငွေညှစ်ခြင်းနဲ့ အင်တာနက်ကနေငွေလိမ်ခြင်း စတဲ့ ဒုစရိုက်လုပ်ငန်းအမျိုးမျိုး လုပ်ကိုင်နေတဲ့သူဖြစ်တယ်လို့ တရုတ်နိုင်ငံပိုင် Phoenix News သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

ရှီ ရဲ့ အခန်းဖော်ဖြစ်သူကတော့ မြန်မာနိုင်ငံမှာ သူလုပ်ခဲ့တဲ့လုပ်ရပ်အားလုံးဟာ တရုတ်ကွန်မြူနစ်ပါတီရဲ့ အားပေးထောက်ခံမှုနဲ့လုပ်ခဲ့တာ ဖြစ်ပြီး၊ ပါတီကမသိဘဲ လုပ်ခဲ့တာမရှိဘူးလို့ ဆိုပါတယ်။

“အဲဒီ နေရာကို တရုတ်ကွန်မြူနစ် ပါတီက ၁၀၀ ရာခိုင်နှုန်း ထိန်းချုပ်ထားတာပါ။ အဲဒီမှာ အစိုးရနဲ့ ဒေသခံ စစ်ဘုရင်တွေ ရဲ့ ကျောထောက်နောက်ခံပြုပေးထားတာ မရှိဘဲ ဘာမှ လုပ်လို့ မရနိုင်ပါဘူး။” လို့ ရှီရဲ့ အခန်းဖော် ဖြစ်သူက RFA ကို ပြောပြခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org