တရုတ်ရာဇဝတ်ဂိုဏ်း‌တွေကို နှိမ်နင်းပေးဖို့ ရှမ်းလူ့အခွင့်အရေးအဖွဲ့ တောင်းဆို

ကိုးကန့်နဲ့ “ဝ”ဒေသက တရုတ်ရာဇဝတ်ဂိုဏ်းတွေကို နှိမ်နင်းပေးဖို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF) က တိုက်တွန်းလိုက်ပါတယ်။

ကိုးကန့်ဒေသမှ တရုတ်နိုင်ငံသား ၃၃၇ ဦးအား ၂ဝ၂၃ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့က တရုတ်ဘက်သို့ လွှဲပြောင်းပေးခဲ့စဉ်။ ကိုးကန့်ဒေသသတင်းလွှာ

မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်း တရုတ်-မြန်မာနယ်စပ် ကိုးကန့်နဲ့ “ဝ”ဒေသက တရုတ်ရာဇဝတ်ဂိုဏ်းတွေကို နှိမ်နင်းပေးဖို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF) က အောက်တိုဘာ ၁၈ ရက်နေ့က အစီရင်ခံစာထုတ်ပြီး တိုက်တွန်းလိုက်ပါတယ်။

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းချိန်ကစလို့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တရုတ် ရာဇဝတ်ဂိုဏ်းတွေရဲ့ လူကုန်ကူးမှု၊ ကျွန်ပြုမှု၊ ညဉ်းပန်းနှိပ်စက်မှုတွေ ပိုများလာ တာကြောင့် တစ်နိုင်ငံလုံးက လူငယ်တွေ ပစ်မှတ်ထားခံနေရတယ်လို့ ဆိုပါတယ်။

"သူတို့နိုင်ငံသားတွေကို တာဝန်ယူ၊ တာဝန်ခံပေးဖို့ တရုတ်အစိုးရကို ကျွန်မတို့ တောင်းဆိုချင်တယ်ပေါ့နော်”

အဲဒီငွေလိမ်ဂိုဏ်းတွေကို စစ်ကောင်စီ၊ ဒေသအာဏာပိုင်တွေနဲ့ တရုတ်အစိုးရ သုံးဖက်စလုံးက အချိန်အကြာကြီး လျစ်လျူရှုထားတာကြောင့် အခုလို အခြေအနေတွေ ပိုဆိုးလာတာလို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်အဖွဲ့ ပြောခွင့်ရသူ ယိင်းလျန်ဟန် က RFA ကို ပြောပါတယ်။

“အခုချိန်မှာ စစ်ကောင်စီတပ်ကိုယ်တိုင် ဒီရာဇဝတ်မှုတွေကို လွှတ်ပေးပြီးမှ ထဲထဲဝင်ဝင် ပါဝင်ပြီးမှ ဒီလောက်အထိ ကြီးထွားလာတာလို့ မြင်တယ်ပေါ့နော်။ တိုင်းရင်းသား လက်နက်ကိုင်တွေအနေနဲ့လည်း ဒီကိစ္စတွေကို အားပေးအားမြှောက် မပြုဖို့၊ ခံနေရတဲ့သူတွေကို ကာကွယ်ပေးဖို့၊ ပြီးတော့ ကျူးလွန်တဲ့သူတွေကိုလည်း အရေးယူပေးဖို့ ကျွန်မတို့အနေနဲ့ တောင်းဆိုချင်ပါတယ်ပေါ့နော်။ ဒီကိစ္စမှာ ပါဝင်တာက တရုတ်အစိုးရပေါ့နော်၊ သူတို့အနေနဲ့ အကြာကြီး လွှတ်ထားပေးပြီးမှနော်၊ ဒီကိစ္စတွေ သူတို့နိုင်ငံသားတွေကို တာဝန်ယူ၊ တာဝန်ခံပေးဖို့ တရုတ် အစိုးရကို ကျွန်မတို့ တောင်းဆိုချင်တယ်ပေါ့နော်”

ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်အဖွဲ့ရဲ့ “ငရဲတွင်းမှာ ပိတ်မိခြင်း” လို့ အမည်ပေးထားတဲ့ အစီရင်ခံစာမှာ ကိုးကန့်ဒေသ လောက်ကိုင်၊ “ဝ” ဒေသ ပန်ဆန်းနဲ့ မိုင်းပေါက်မြို့က တရုတ်ရာဇဝတ်ဂိုဏ်းတွေမှာ မြန်မာနိုင်ငံသားတွေ လူကုန်ကူးခံရတာ၊ လိင်ကျွန်အဖြစ် ရောင်းစားခံရတာနဲ့ ငွေလိမ်ဂိုဏ်းတွေမှာ ရောင်းစားခံရပြီး ဖိအားပေးခိုင်းစေခံရသူ လေးဦးရဲ့ ကိုယ်တွေ့အဖြစ်အပျက်တွေကို ဖော်ပြထားတာပါ။

အဲဒီဒေသတွေမှာ ဗီယက်နမ်စစ်တပ်ပိုင် Viettle ကုမ္ပဏီနဲ့ ပူးတွဲလုပ်ကိုင်နေတဲ့ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းပိုင် Mytel ကုမ္ပဏီထုတ် ဆင်းကတ်တွေကို အသုံးပြုပြီး အွန်လိုင်းကနေ ငွေလိမ်နေကြတယ်လို့လည်း ဖော်ပြထားပါတယ်။ ဗီယက်နမ်အစိုးရအနေနဲ့ ဒီကိစ္စတွေကို စုံစမ်းစစ်ဆေးပေးဖို့ တောင်းဆိုတယ်လို့လည်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် အဖွဲ့ ပြောခွင့်ရသူ ယိင်းလျန်ဟန် က ပြောပါတယ်။

ဒီကိစ္စတွေနဲ့ပတ်သက်လို့ ရန်ကုန်ရှိ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးနဲ့ ဗီယက်နမ် သံရုံးတွေကို RFA က အီးမေးလ်ပို့ မေးမြန်းခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။

တရုတ်နိုင်ငံဘက်ကတော့ အခုနှစ် သြဂုတ်လဆန်းကနေ အောက်တိုဘာလလယ်အထိ နှစ်လကျော်အတွင်း လောက်ကိုင်နဲ့ “ဝ” ဒေသက ဖမ်းဆီးပြန်ပို့တဲ့ တရုတ်နိုင်ငံသား ၄၆၆၆ ဦးကို လွှဲပြောင်းယူခဲ့ပါတယ်။ တရုတ်နိုင်ငံ ကုန်စည်ပြပွဲလာတက်တဲ့ ကိုးကန့်ဒေသက လုပ်ငန်ရှင် ၁၁ ဦးကိုလည်း ငွေလိမ်ဂိုဏ်းနဲ့ ဆက်စပ်တယ်လို့ သံသယရှိတာကြောင့် တရုတ်လုံခြုံရေးဌာနက ဖမ်းဆီးထားပါတယ်။

ဒါ့အပြင် UWSA “ဝ” တပ်ဖွဲ့ခေါင်းဆောင် ပေါက်ယိုချမ်းရဲ့ မိသားစုဝင်တွေဖြစ်တဲ့ “ဝ” ပြည်နယ် ဆောက်လုပ်ရေး ဌာနကြီးမှူး ပေါက်အိုက်ပန်းနဲ့ မိုင်းလင်းခရိုင်မှူး အိုက်ဟော့ တို့ကို ဖမ်းပေးနိုင်ရင် တရုတ်ယွမ်ငွေ တစ်သိန်းကနေ ငါးသိန်းအထိ ပေးမယ်ဆိုပြီး တရုတ်အစိုးရက ကြေညာထားပါတယ်။ နောက်ထပ် ပေါက်ယိုချမ်းရဲ့ တူတစ်ဦး ဖြစ်တဲ့ “ဝ” တပ်ဖွဲ့ ဒု-စစ်ဦးစီးချုပ် ပေါက်ကျွင်းဖုန်း ကိုလည်း တရုတ်ရဲတပ်ဖွဲ့က ဖမ်းဆီးထား တယ်လို့ “ဝ” တပ်ဖွဲ့နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

တရုတ်ဘက်က ဖမ်းဆီးမှုတွေ ဆက်တိုက်လုပ်လာချိန်မှာပဲ ပေါက်အိုက်ပန်းနဲ့ အိုက်ဟော့ တို့ကို ရာထူးတာဝန်တွေကနေ ရပ်နားလိုက်ကြောင်း UWSA “ဝ” တပ်ဖွဲ့က ထုတ်ပြန်လာ ပါတယ်။

စစ်ကောင်စီဘက်ကရော တရုတ်ငွေလိမ်ဂိုဏ်းတွေ နှိမ်နင်းရေးနဲ့ပတ်သက်ပြီး ဘယ်လိုအရေးယူ ဆောင်ရွက်နေသလဲဆိုတာ သိနိုင်ဖို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဒီ‌နေ့ ဖုန်းခေါ်ခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။

အောက်တိုဘာ ၁၈ ရက်နေ့ကတော့ တရုတ်အစိုးရ အလိုရှိနေတဲ့ “ဝ” ခေါင်းဆောင် နှစ်ဦးကို ဖမ်းဝရမ်း ထုတ်လိုက်ကြောင်း စစ်ကောင်စီလက်အောက်ခံ မီဒီယာတွေက ထုတ်ပြန်လာပါတယ်။

“ရှမ်းပြည်နယ် “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းအတွင်း အွန်လိုင်းလိမ်လည်မှုမှာ လူကိုသွေးဆောင် ဆွဲခေါ်မှုများ၊ ပြန်ပေးမှုများ၊ ခြောက်လှန့်တောင်းယူမှုများ ကျူးလွန်ခြင်း၊ ကျူးလွန်ရန် အားထုတ်ခြင်း၊ အားပေးကူညီခြင်းတွေကို ကျူးလွန်နေတဲ့ ချန်ယန်ပန် (ခေါ်) ပေါက်အိုက်ပန်းနဲ့ ရှောက်ရန်ပန် (ခေါ်) ဟော်ချွင်ထွင် တို့ကို ဥပေဒေအရ အရေးယူရန်အတွက် ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁၇ ရက်နေ့မှာ ဟိုပန်ခရိုင် တရားရုံးက ဖမ်း၀ရမ်းထုတ်ဆင့်ထားကြောင်း သက်ဆိုင်ရာမှ သတင်းရရှိပါတယ်”

တရုတ်အစိုးရ ဖမ်းဆီးထားတယ်ဆိုတဲ့ ဒု-စစ်ဦးစီးချုပ် ပေါက်ကျွင်းဖုန်းနဲ့ ပတ်သက်လို့တော့ စစ်ကောင်စီဘက်ကရော “ဝ” တပ်ဖွဲ့ဘက်ကရော တစ်စုံတစ်ရာ ထုတ်မပြောသေးပါဘူး။ “ဝ” ထိပ်တန်းအရာရှိတွေ ဆက်တိုက်ဖမ်းဆီးခံနေရတာနဲ့ ပတ်သက်ပြီး UWSA “ဝ” တပ်ဖွဲ့ လားရှိုးဆက်ဆံရေးရုံး တာဝန်ခံ ဦးညီရမ်းကို RFA က အွန်လိုင်းကနေ ဆက်သွယ်မေးမြန်းခဲ့ ပေမယ့် မတုံ့ပြန်ပါဘူး။

တရုတ်နိုင်ငံအခြေစိုက် မြန်မာ့အရေး လေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောကတော့ တရုတ်အစိုးရ ဖမ်းထားတဲ့ ရှမ်းမြောက်ဒေသက ထိပ်တန်းခေါင်းဆောင်တွေ၊ ကုန်သည်တွေဟာ တရုတ်နိုင်ငံသားမှတ်ပုံတင် ကိုင်ထားသူတွေဖြစ်ပြီး တရုတ်အစိုးရ အလိုရှိနေသူတွေ ဖြစ်နိုင်တယ်လို့ ပြောပါတယ်။

“ကိုးကန့်က လူတွေရော၊ “ဝ” ကလူတွေရော တရုတ်မှတ်ပုံတင်တွေ ကိုင်ထားတဲ့ သူတွေလို့ ပြောတယ်။ ဆက်လုပ်စရာရှိတာတော့ လုပ်မယ်ထင်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ တခြားနိုင်ငံတွေနဲ့လည်း စင်ကာပူတို့ အင်ဒိုနီးရှားတို့ အဲဒီမှာလည်း ဖမ်းတယ်လို့ ကြားတယ်။ အဲဒီကပို့လာတဲ့ လူတွေလည်းရှိတယ်။ သူတို့ ဒါတွေလုပ်နေတာ ကြာပြီ။ အခု မြန်မာပြည်ကို အခုမှလုပ်တာ၊ တစ်ခြားနိုင်ငံတွေကို လုပ်တာကကြာပြီ။ ဖိလစ်ပိုင်တို့ ဘာတို့မှာ လုပ်နေတာကြာပြီ”

မြန်မာနိုင်ငံမြောက်ပိုင်းရှိ အွန်လိုင်းငွေလိမ်မှုများတွင် ပါဝင်သည်ဟု သံသယရှိသူများအား ၂၀၂၃ ခုနှစ် စက်တင်ဘာ ၃ ရက်နေ့က မြန်မာ-တရုတ်ပူးပေါင်းအဖွဲ့မှ ဖမ်းဆီးခဲ့စဉ်။ (Photo: Weibo)

လတ်တလော ဆက်တိုက်ဖြစ်လာတဲ့ အခြေအနေတွေကြာင့် “ဝ” ဒေသ မိုင်းပေါက်နဲ့ ဝိန်းကောင်မြို့က ကုမ္ပဏီဟန်ပြ ငွေလိမ်ဂိုဏ်းတွေ ပိတ်သိမ်းနေပြီး မြန်မာအလုပ်သမား တွေကိုလည်း ပြန်လွှတ်နေတယ်လို့ “ဝ” ဒေသ ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီပေးနေသူတစ်ဦးက ပြောပါတယ်။

“ကျွန်တော်တို့ မြို့မှာတော့ တော်တော်များများ အကုန်လုံးက ပြန်ကုန်ကြပါပြီနော့်။ ဖမ်းတယ်လို့လည်း သတင်းကြားတယ်၊ ဒါပေမဲ့ ကျွန်တော်တို့ ရှိနေတဲ့ ငါးရက် အတွင်းမှာတော့ ဖမ်းတာတော့ မတွေ့သေးဘူးဗျ။ ကုမ္ပဏီက အတော်များများ ပိတ်ကုန်လို့ မြန်မာနိုင်ငံသားတွေ ပြန်ကုန်ကြတာများတယ်။ ဒီဘက်ဒေသတွေဆို အရင်ဆုံး တရုတ်နိုင်ငံသားတွေကို ဖမ်းဆီးတာတွေ တော်တော်များများကတော့ ဒီဘက်မှာ အရမ်းစိစစ်မှုတွေ လုပ်လာတယ်”

နာမည်ဆိုးနဲ့ကျော်လာတဲ့ ကိုးကန့်နဲ့ “ဝ” ဒေသက တရုတ်ငွေလိမ်ဂိုဏ်းတွေနဲ့ ပတ်သက်ပြီး တရုတ်အစိုးရနဲ့ ရှမ်းမြောက်ဒေသအာဏာပိုင်တွေ ဘယ်လိုဆက်ပြီးအရေးယူ ကိုင်တွယ် မလဲ ဆိုတာကို အားလုံးက စိတ်ဝင်တစား စောင့်ကြည့်နေကြပါတယ်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကတော့ မြန်မာနယ်စပ်ကို အခြေပြုပြီး အိမ်နီးချင်းနိုင်ငံတွေရဲ့ အကျိုးစီးပွားတွေကို ထိခိုက်စေမယ့်ကိစ္စတွေကို လက်မခံဘူးလို့ အောက်တိုဘာ ၁၈ ရက်နေ့က NCA ရှစ်နှစ်ပြည့်အခမ်းအနား တက်ရောက်လာတဲ့ တရုတ်အစိုးရ ထိပ်တန်းအရာရှိ တိန့်ရှီးကျွင်းကို ပြောဆိုခဲ့ကြောင်း စစ်ကောင်စီ သတင်းစာတွေမှာ ဖော်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org