ချင်းရွှေဟော်နဲ့ မူဆယ်နယ်စပ်ဂိတ် ပြန်ဖွင့်ပေမယ့် နှစ်နိုင်ငံကုန်သွယ်ရေး မဖြစ်နိုင်သေး

မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့က ကျင်စန်းကျော့နဲ့ ချင်းရွှေဟော် နယ်စပ်ဂိတ်ပေါက် နှစ်ခုကို MNDAA တပ်ဖွဲ့က အခုလ ၁၁ ရက်နေ့မှာ ပြန်ဖွင့်ခဲ့ပါတယ်။

ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ချင်းရွှေဟော်နယ်စပ်တွင် တရုတ်ပြည်မှ ပြန်လာသူများအား ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်းက တွေ့ရစဉ်။

မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ရဲ့ ၁ဝ၂၇ စစ်ဆင်ရေးကြောင့် ၂ဝ၂၃ အောက်တိုဘာလ ၂၇ ရက်နေ့က စတင်ပိတ်ထားခဲ့ရတဲ့ မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့က ကျင်စန်းကျော့နဲ့ ချင်းရွှေဟော် နယ်စပ်ဂိတ်ပေါက် နှစ်ခုကို ကိုးကန့်တပ်မတော်လို့ခေါ်တဲ့ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) တပ်ဖွဲ့က အခုလ ၁၁ ရက်နေ့မှာ ပြန်ဖွင့်ခဲ့ပါတယ်။

မတ်လ ၁ရက်နေ့က တရုတ်နိုင်ငံရဲ့ ကြားဝင်မှုနဲ့ စစ်ကောင်စီနဲ့ မြောက်ပိုင်းညီနောင်သုံးဖွဲ့ရဲ့ လေးကြိမ်မြောက် ကူမင်းဆွေးနွေးပွဲအပြီးမှာ MNDAA ဘက်က ဒီဂိတ်နှစ်ခုကို ဖွင့်လှစ်ခဲ့တာပါ။

"ကားခတွေက ရန်ကုန်ကဆို သိန်း ၁၀၀ လောက်ရှိတာလေ ကားတစ်စီးကိုနော့်"

အခုလို ပြန်ဖွင့်လိုက်တယ်ဆိုပေမယ့် အရင်လို နှစ်နိုင်ငံနယ်စပ် ကုန်သွယ်ရေးပုံစံ မဖြစ်နိုင်သေးဘူးလို့ နယ်စပ်ကုန်သည်တွေက ပြောပါတယ်။

“ဖွင့်သာ ဖွင့်တာ ဘာမှသက်ရောက်မှု မရှိပါဘူး။ နဂိုကတည်းက ချင်းရွှေဟော် အပေါက်က ကြံ အဓိကသွားတာ။ ပြီးကျမှ အောက်ကဖြစ်တဲ့ နှမ်းတို့ဘာတို့၊ မြေပဲတို့ပေါ့နော် အဲဘက်ကသွားတာ။ အခုကျတော့ အောက်ဘက်က နှမ်းတို့၊ မြေပဲတို့က သွားဖို့မလွယ်ဘူးဆိုတော့ သူက ကြံပဲ”

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း အခြေစိုက် ပြောင်းကုန်သည် တစ်ဦး ပြောသွားတာပါ။

၁ဝ၂၇ စစ်ဆင်ရေး ကာလအတွင်း တရုတ်နယ်စပ် ကုန်သွယ်ရေးဂိတ်တွေရှိတဲ့ ကိုးကန့်ဒေသ ချင်းရွှေဟော်၊ လောက်ကိုင်မြို့နယ် ရန်လုံကျိုင်း နယ်စပ်ဂိတ်၊ မူဆယ်မြို့နယ် ကျင်စန်းကျော့ (ဝမ်တိန်) ဂိတ်နဲ့ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်နေရာတွေကို MNDAA တပ်ဖွဲ့က သိမ်းပိုက်ထားတာပါ။

၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်နဲ့ ခုနစ်မိုင်လောက်ဝေးတဲ့ မူဆယ်မြို့ပေါ် နေရာတစ်ခုပဲ စစ်ကောင်စီရဲ့ အုပ်ချုပ်မှုအောက်မှာ ကျန်ခဲ့တာဖြစ်လို့ ကုန်သွယ်ရေးက အလုပ်မဖြစ်တော့ဘူးလို့ ကုန်သည်တွေက ထောက်ပြကြပါတယ်။

ဒါ့အပြင် တရုတ်နယ်စပ် ကုန်သွယ်ရေးအတွက် အရေးပါတဲ့ မန္တလေး-မူဆယ် ပြည်ထောင်စု လမ်းမကြီးပေါ်က အဓိကကျတဲ့ ကျောက်မဲနဲ့ သီပေါကြားက ကျင်သီတံတား၊ သီပေါနဲ့ လားရှိုးကြားက စဉ့်အင်တံတားတွေ မိုင်းခွဲဖျက်ဆီးခံခဲ့ရပြီး အခုအထိ မပြင်နိုင်သေးပါဘူး။

အဲဒီတံတားတွေအနီးမှာ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) တပ်ဖွဲ့တွေက ထိန်းချုပ်ထားပါတယ်။ စစ်ကောင်စီကလည်း သူထိန်းချုပ်ထားတဲ့ လားရှိုးမြို့ကနေ မြောက်ပိုင်းအဖွဲ့တွေ သိမ်းပိုက်ထားတဲ့ သိန္နီ၊ ကွတ်ခိုင်၊ မူဆယ်၊ ချင်းရွှေဟော် စတဲ့မြို့တွေကို သွားလာခွင့် ကန့်သတ်ထားတာကြောင့် ကုန်သွယ်ရေးလမ်းကြောင်းတွေ ပြန်ပွင့်နိုင်ဖို့ မဖြစ်နိုင်သေးဘူးလို့ တရုတ်နယ်စပ် အခြေစိုက်ကုန်သည်တစ်ဦးက သုံးသပ်ပါတယ်။

“ဟိုဘက်ကနေ ဖွင့်ပေမယ့်လည်း ကျွန်တော်တို့ လားရှိုးဘက် ဝင်တဲ့အချိန် ဘယ်လမ်းက ဝင်ရမလဲ အဲလိုမျိုးတွေလည်း ရှိကြသေးတာလေ။ သွားမဖောက်ရဲကြတာပေါ့။ တံတားတွေဘာတွေလည်း မပေါက်ကြသေးဘူး”

မူဆယ်နဲ့ ချင်းရွှေဟော် ကုန်သွယ်ရေးလမ်းကြောင်းတွေ ပိတ်သွားတဲ့အတွက် ကုန်သည်တွေဟာ ရှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံ၊ မိုင်းလားလမ်းကို အသုံးပြုပြီး တရုတ်နဲ့ ကုန်သွယ်နေကြရပါတယ်။

မူဆယ်-ရန်ကုန် ၁၂ ဘီး ကားခဟာ ကျပ်သိန်း သုံးဆယ် ပေါက်ဈေးရှိခဲ့တာပါ။ မိုင်းလားကုန်သွယ်ရေး လမ်းကတော့ ခရီးဝေးတဲ့အတွက် ၁၂ ဘီးကားတစ်စီးကို ကျပ်သိန်း ၈၀ နဲ့ ၁၀၀ ကြား စျေးပေးရတာကြောင့် လယ်ယာထွက်ကုန်သမားတွေအများစု တွက်ခြေမကိုက်ကြဘူးလို့ မိုင်းလားနယ်စပ် ကုန်သည်အမျိုးသမီးတစ်ဦးက ပြောပါတယ်။

“ဒီဘက်ကတော့ သွားတယ် ခရီးအရမ်းဝေးတယ်။ ကားခတွေက ရန်ကုန်ကဆို သိန်း ၁၀၀ လောက်ရှိတာလေ ကားတစ်စီးကိုနော့်။ ဒီဘက်မှာလည်း ဆောာင်ရတဲ့အခွန်တွေ ဘာတွေလည်းရှိတာကိုး”

လက်ရှိ မိုင်းလားနယ်စပ်ကနေ လယ်ယာထွက်ကုန်တွေဖြစ်တဲ့ ဖရဲ၊ သခွား၊ ပြောင်း စတဲ့ကုန်စည်တွေအများဆုံး တရုတ်ကို တင်ပို့နေပြီး တရုတ်ဘက်ကနေလည်း မြေသြဇာ၊ စားသောက်ကုန်၊ အိမ်သုံးပစ္စည်းနဲ့ စက်ပစ္စည်းတွေ မြန်မာပြည်ဘက်ကို တင်သွင်းတယ်လို့ ဆိုပါတယ်။

၁၀၂၇ စစ်ဆင်ရေး မတိုင်ခင်က မူဆယ်နယ်စပ် မန့်ဝိန်း၊ ကျင်စန်းကျော့ နယ်စပ်ဂိတ်တွေကနေ တရုတ်နိုင်ငံကို ဆန်၊ ဆန်ကွဲ၊ ပြောင်း၊ ပဲမျိုးစုံ၊ ရာဘာနဲ့ လယ်ယာထွက်၊ ရေထွက်ကုန်တွေ အဓိကတင်ပို့တာပါ။

တရုတ်နိုင်ငံနေ ဓာတ်မြေသြဇာ၊ စိုက်ပျိုးရေး ပစ္စည်းမျိုးစုံ၊ စက်ပစ္စည်း၊ စားသောက်ကုန်၊ စက်သုံးဆီ၊ သံပစ္စည်း၊ အိမ်သုံးပစ္စည်း၊ အထည်အလိပ်တွေ အဓိက တင်သွင်းခဲ့တာဖြစ်ပါတယ်။

ချင်းရွှေဟော် နယ်စပ်ကနေတော့ ကြံ၊ ဆန်၊ ရာဘာ၊ ရေထွက်ကုန်၊ လယ်ယာထွက်ကုန်တွေ တရုတ်ကိုတင်ပို့ပြီး တရုတ်ဘက်ကနေ စားသောက်ကုန်၊ ဓာတ်မြေသြဇာ၊ စက်ပစ္စည်း၊ အထည်အလိပ်နဲ့ အိမ်သုံးပစ္စည်းတွေကို တင်သွင်းပါတယ်။

၁၀၂၇ စစ်ဆင်ရေးမစခင် ၂၀၂၃ အောက်တိုဘာလ ၁ ရက်နေ့ကနေ အောက်တိုဘာလ ၂၄ ရက်နေ့အထိ မူဆယ်နယ်စပ် ကုန်သွယ်ရေးစခန်းကနေ တရုတ်နိုင်ငံကိုတင်ပို့တဲ့ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၂၄ ဒသမ ၁၃၁ သန်းရှိခဲ့ပြီး တရုတ်ကနေ မြန်မာနိုင်ငံကိုတင်သွင်းတဲ့ သွင်းကုန်တန်ဖိုးက အမေရိကန်ဒေါ်လာ ၃၀ ဒသမ ၃၅၃ သန်းရှိခဲ့ပါတယ်။

၂၀၂၃ အောက်တိုဘာလ ၁၄ရက်နေ့ကနေ ၂၄ ရက်နေ့အထိ ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေး စခန်းကနေ ပို့ကုန် အမေရိကန်ဒေါ်လာ ၆ ဒသမ ၈၃၇ သန်းဖိုး တင်ပို့နိုင်ခဲ့ပြီး တရုတ်နိုင်ငံကနေ အမေရိကန်ဒေါ်လာ ၂၃ ဒသမ ၁၁၁ သန်းဖိုး တင်သွင်းခဲ့တယ်လို့ စစ်ကောင်စီလက်အောက်ခံ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့စာရင်းတွေမှာ ဖော်ပြထားပါတယ်။

၂၀၂၃ အောက်တိုဘာ ၂၄ ရက်နေ့အထိ ဒီနယ်စပ်ဂိတ်နှစ်ခုရဲ့ ပို့ကုန်သွင်းကုန်တန်ဖိုးတွေကို စစ်ကောင်စီလက်အောက်ခံ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပေမဲ့ တိုက်ပွဲတွေစဖြစ်တဲ့ ၂၀၂၃ အောက်တိုဘာလ ၂၇ရက်နေ့နောက်ပိုင်းကစပြီး အဲဒီနယ်စပ်စခန်းတွေရဲ့ ကုန်သွယ်မှုကိန်းဂဏန်းတွေကို ဖော်ပြတာမတွေ့ ရတော့ပါဘူး။ ဒီနယ်စပ်ဂိတ်တွေ ပြန်ဖွင့်ဖို့ စစ်ကောင်စီနဲ့မြောက်ပိုင်းညီနောင် သုံးဖွဲ့တို့ကြား ဆွေးနွေးခဲ့ကြတယ်ဆိုတဲ့ သတင်းတွေထွက်ခဲ့ပေမယ့် နှစ်ဖက်လုံးက အတိအကျ သတင်းထုတ်ပြန်တာမရှိခဲ့ပါဘူး။

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ဒီနယ်စပ်ဂိတ်တွေရဲ့ စီမံခန့်ခွဲမှုနဲ့ ကုန်သွယ်မှု လုပ်ငန်းတွေဟာ စစ်ကောင်စီနဲ့တရုတ်နိုင်ငံတို့ရဲ့ စီမံခန့်ခွဲမှုအောက်မှာသာရှိတယ်လို့ ပြည်တွင်း သတင်းမီဒီယာတွေကို ထုတ်ပြောထားပါတယ်။

တရုတ်နယ်စပ် ဂိတ်တွေပြန်ဖွင့်နိုင်မယ့်အခြေအနေနဲ့ပတ်သက်လို့ စစ်ကောင်စီ စီးပွားရေးနဲ့ကူးသန်ရောင်းဝယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူတွေကို RFA က ဖုန်းနဲ့ဆက်သွယ် မေးမြန်းခဲ့ပေမယ့် ဖုန်းမဖြေပါဘူး။

နယ်စပ်ဂိတ်တွေ ပြန်ဖွင့်နိုင်ဖို့ ကြားဝင်ညှိနှိုင်းနေတဲ့ တရုတ်နိုင်ငံဘက်က တုံ့ပြန်ချက်ကို သိနိုင်ဖို့ ရန်ကုန်မြို့မှာရှိတဲ့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကို RFA က အီးမေလ်ကနေ တဆင့် ဆက်သွယ်မေးမြန်းခဲ့ပေမယ့်လည်း အကြောင်းမပြန်သေးပါဘူး။

ကျယ်ဂေါင်မြို့တွင် QR ကုတ်ရယူရန် ဆောင်ရွက်နေသည့် မြန်မာနိုင်ငံသားများအား ၂၀၂၄ ခုနှစ်၊ မတ်လ ၅ ရက်နေ့က တွေ့ရစဉ်။ (Photo: Khin Mg Lwin)

မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ထဲက TNLA အဖွဲ့ရဲ့ ပြန်ကြားရေးအရာရှိတစ်ဦးကတော့ တရုတ်နယ်စပ်ဂိတ်တွေ အားလုံးပြန်ဖွင့်ဖို့အတွက် နှစ်ဖက်ညှိနှိုင်းစရာတွေ ရှိသေးတယ်လို့ RFA ကိုပြောပါတယ်။

“ဒီနယ်စပ် ဂိတ်ပြန်ဖွင့်ဖို့တော့ ညှိနှိုင်းနေတယ်။ သို့ပေမဲ့ ဒီလတ်တလော အခြေအနေတော့ ဖွင့်ဖို့တော့မရသေးဘူးပေါ့နော့်။ အမြန်ဆုံးတော့ကျွန်မတို့ စဉ်းစားနေပါတယ်။ တချို့ဟာတွေ ဆွေးနွေးမရတဲ့ အပိုင်းတွေလည်း ရှိတယ်ပေါ့နော့်။ တစ်ဖက်နဲ့တစ်ဖက်ဆွေးနွေးဖို့ လိုနေသေးတဲ့အပိုင်းတွေ ရှိသေးတယ်။ လုံခြုံရေးတွေ တခြားအခွန်တွေပေါ့နော် ဒီဟာတွေပါမယ်”

၁၀၂၇ စစ်ဆင်ရေးအပြီးမှာ ရှမ်းပြည်မြောက်ပိုင်း မူဆယ်၊ ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေး လမ်းမ ကြီးပေါ်က ကျောက်မဲ၊ သီပေါ လမ်းနဲ့ သိန္နီ၊ ကွတ်ခိုင်၊ မူဆယ်၊ ကွမ်လုံ၊ ချင်းရွှေဟော်၊ လောက်ကိုင် လမ်းအားလုံးကို TNLA နဲ့ MNDAA တပ်ဖွဲ့တွေက အပြည့်အ၀ ထိန်းချုပ်ထားခဲ့ပါတယ်။

ဒီလမ်းကြောင်းတွေဟာ စီးပွားရေးအတွက် အရေးပါသလို စစ်ရေးအရလည်း အရေးပါတာကြောင့် ဒီလမ်းကြောင်းတွေ ပြန်ဖွင့်ပြီး နယ်စပ်ကုန်သွယ်ရေးတွေ ပြန်စဖို့ လတ်တလော မဖြစ်နိုင်သေးဘူးလို့ စစ်ရေးနဲ့ နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org