မြန်မာဘက် လူကုန်ကူးခံရသူတွေကို ထိုင်းနဲ့ တရုတ်ရဲတွေထံ လွှဲပေး

လူကုန်ကူးခံရသူတွေကို စစ်ကောင်စီနဲ့ BGF တပ်ဖွဲ့တွေက မဲဆောက်ကို ပို့ပေးတာဖြစ်ပြီး ထိုင်းနဲ့ တရုတ်နိုင်ငံ တာ၀န်ရှိသူတွေက လက်ခံပါတယ်။

မြန်မာနိုင်ငံ မြဝတီမြို့ကနေ တရုတ်နိုင်ငံကို ပြန်မည့် တရုတ်နိုင်ငံသားများအား ထိုင်းနိုင်ငံ မဲဆောက်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၂၉ ရက်နေ့က တွေ့ရစဉ်။ Mr Joe

ထိုင်းမြန်မာနယ်စပ် မြဝတီ မြို့နယ်အတွင်းက တရုတ်အွန်လိုင်းငွေလိမ်ဂိုဏ်းတွေမှာ လူကုန်ကူးခံထားရသူ ၉၉၇ ဦးကို ငါးရက်အတွင်း မြန်မာနိုင်ငံဘက်ကနေ ထိုင်းနိုင်ငံမဲဆောက်လေဆိပ်ကို လွှဲပြောင်းပို့ဆောင်မယ်လို့ မဲဆောက်ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက်အရ သိရပြီး၊ ဖေဖော်ဝါရီ ၂၉ ရက်မှာ ၁၄၉ ဦး စတင်လွှဲပြောင်းမယ်လို့ မြဝတီ မြို့က ကရင်နယ်ခြား​စောင့်တပ် BGF တပ်ဖွဲ့က အမည်မဖော်လိုတဲ့ သတင်းအရင်းအမြစ်က RFA ကိုပြောပါ တယ်။

လူကုန်ကူးခံရသူတွေကို စစ်ကောင်စီနဲ့ BGF တပ်ဖွဲ့တွေက မဲဆောက်ကို ပို့ပေးတာဖြစ်ပြီး ထိုင်းနဲ့ တရုတ်နိုင်ငံတာ၀န်ရှိသူတွေက လက်ခံပါတယ်။

ပထမအသုတ်အနေနဲ့ ဖေဖော်ဝါရီ ၂၉ ရက်မနက်ပိုင်းက မြဝတီမြို့တောင်ဘက် မယ်ထော်သလေး KK Park ကာစီနိုနေရာနဲ့ UK ကာစီနိုနေရာတွေက လူကုန်ကူးခံထားရသူ ၁၄၉ ဦးကို မဲဆောက်လေဆိပ်မှာ ထိုင်းအာဏာပိုင်တွေနဲ့ တရုပ်ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေကို လွှဲပြောင်းပို့ဆောင်တာလို့ အမည်‌‌ မဖော် လိုတဲ့ BGF သတင်းအရင်း အမြစ် က ပြောပါတယ်။

"ကျားဖျန့် ကိစ္စနဲ့ပတ်သက်ပြီး လူကုန်ကူးခြင်းခံရတဲ့ အယောက် ၉၀၀ ခန့်ကို သုံးရက် Flight ၁၅ စီးနဲ့ တစ်နေ့ ငါးစီးနှုန်းလောက်နဲ့ သွားမယ်၊ လုံခြုံရေးအဖွဲ့တွေနဲ့ပေါ့၊ မဲဆောက်လေဆိပ်ကို ပို့လိုက်ပြီး၊ အခုကတော့ သူက လုံခြုံရေးနဲ့ ဘာနဲ့ ဘယ်နှစ်ယောက်တင်သွားလဲတော့ မသိဘူး၊ ဒီနေ့သွားတာတော့ ဒေသခံတွေ မြင်တွေ့ရတာလဲ သုံးစီးပေါ့၊ တံတား ၂ ကိုဖြတ်သွားတာ၊ မဲဆောက်လေယာဥ်ကွင်းကနေတစ်ဆင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံကို ပြန်မှာပေါ့၊ လေယာဥ်ကတော့ ၁၅ စီး စီစဥ်ထားတယ်လို့ပြောတယ်၊ တစ်ရက် ငါးစီးနှုန်းလောက်နဲ့ ကဲ့မယ်ထင်တယ်၊ ၁၅ ခေါက်လို့ စီစဥ်ထားတာပေါ့နော်"

အခုလို တရုတ်ကျားဖျန့် ‌‌ငွေလိမ်ဂိုဏ်းတွေမှာ လူကုန်ကူးခံထားရသူတွေအပြင် DKBA ဒီမိုကရေစီ အကျိုးပြုကရင့်တပ်မတော် ထိမ်းချုပ်နယ်မြေ ကျောက်ခက်ကျေးရွာဘက်က ကာစီနိုတွေမှာလည်း နိုင်ငံခြားသားတွေ ပိတ်လှောင်ခိုင်းစေခံနေတာကို ကူညီကယ်ဆယ်ပေးစေချင်တယ်လို့ KK Park ကာစီနိုကနေ အလုပ်ထွက်ပြီး ရှောင်တိမ်းလာသူ လုံခြုံ့ရေးအရ အမည်မဖာ်လိုသူ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

"မနက်က ကားကြီး အိပ်စပရက်ကားတွေနဲ့ ​ပေါ့ သုံးစီးတွေ့တယ်။ အိမ်ရှေ့ ကြံခင်းလမ်းကနေ သံတံတားလမ်းဘက် ဖြတ်မောင်းသွားတယ်၊ BGF လုံခြုံရေး အများကြီးပဲ၊ ဒယ်ဘယ်ကဒ် ဖိုးဝှီးကားတွေနဲ့ KK Park တို့ UK ကာစီနိုတို့ဘက်က တရုတ်တွေကို သယ်လာတာ တွေ့ရတယ်လို့ ပြောလာတယ်၊ ကျွန်မ အသိတွေ အလုပ်လုပ်နေတဲ့ ကျောက်ခက်ဘက်မှာတော့ နိုင်ငံခြားသားတွေ ရှိနေတယ်၊ သူတို့ကိုလဲ ကယ်ပေးစေချင်တယ်၊ အဲ့ဒီကျောက်ခက်မှာက ယူဂန်နာတို့၊ အီသီယိုပီးယားတို့ နှိပ်စက်ပြီးငွေလိမ်ခိုင်းနေတာ အများကြီး ပိတ်မိနေတယ်"

အခုလို ငွေလိမ်ဂိုဏ်းတွေမှာ လူကုန်ကူးခံရသူတွေ ထိုင်းနိုင်ငံကတစ်ဆင့် ပြန်ပြီးလွှဲပြောင်း ပို့ဆောင်တာနဲ့ ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းနဲ့ ကရင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှုးကြီး မင်းကျော်သူကို တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းပေမဲ့ ဖုန်း လက်ခံဖြေဆိုတာ မရှိပါဘူး။

လက်ရှိ ထိုင်းမြန်မာနယ်စပ်က မြဝတီ၊ ရွှေကုက္ကိုလ်၊ မယ်ထော်သလေး KK Park ၊ ကျောက်ခက်၊ ဝေါလ ဒေသတွေရှိ တရုတ်အွန်လိုင်း ကျားဖျန့် ငွေလိမ်လုပ်ငန်းတွေမှာ နိုင်ငံခြားသား တရားမဝင်နယ်စပ်ဖြတ်ကျော် လူကုန်ကူးခံရပြီး အလုပ်ခိုင်းစေခံနေရသူ အများအပြား ရှိနေသေးတယ်လို့ အဲဒီနေရာတွေကနေ လတ်တလောမှာ ထွက်ပြေးလွတ်မြောက်လာသူသုံးဦးရဲ့ ပြောစကားတွေအရ RFA က သိရပါတယ်။

ဒီကနေ့ လူကုန်ကူးခံရသူတွေ မဲဆောက်ဘက်လွှဲပြောင်းလာတာကို တာ့ခ်ခရိုင် ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် ဆမ်ရစ်အက်ကွမ်နဲ့ ရဲတပ်ဖွဲ့ ၊ ထိုင်းတော်ဝင် စစ်တပ်၊ နယ်ခြားစောင့်တပ်နဲ့ မဲ့ဆောက်မြို့က စေတနာ့ဝန်ထမ်းတွေပါဝင်ကူညီခဲ့တယ်လို့ တာ့ခ်ခရိုင် မဲဆောက် ရဲတပ်ဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက်တွေ အရ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org