ကြီးထွားလာနေတဲ့ တရုတ်နယ်စပ်က နယ်မြေကျူးကျော်မှု ပြဿနာ
တရုတ်-မြန်မာနယ်စပ် ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တရုတ်က ကိုဗစ်ရောဂါ အကြောင်းပြချက်နဲ့ နယ်စပ်စည်းရိုးတွေ အလျင်အမြန်ကာရံနေပြီး မြန်မာပိုင်နက်ရွာတွေအထိ ကျူးကျော်နေတာကြောင့် ကျေးရွာသားတွေနဲ့ တရုတ်နယ်စပ်အာဏာပိုင်တွေကြားမှာ မကြာခဏ နယ်မြေအငြင်းပွားမှုတွေ ဖြစ်နေပါတယ်။
- 2021-10-29
-
-
-
တရုတ်-မြန်မာနယ်စပ်ဒေသတွေဖြစ်တဲ့ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသတွေမှာ တရုတ်ဘက် က ကိုရိုနာကပ်ရောဂါအကြောင်းပြချက်နဲ့ နယ်စပ်စည်းရိုးတွေ အလျင်အမြန်ကာရံနေပြီး မြန်မာပိုင်နက် ကျေးရွာတွေအထိကို ကျူးကျော်နေတာကြောင့် ကျေးရွာသားတွေနဲ့ တရုတ်နယ်စပ် အာဏာပိုင်တွေကြားမှာ မကြာခဏဆိုသလို နယ်မြေအငြင်းပွားမှုတွေ ဖြစ်နေပါတယ်။
ဒီကိစ္စအပေါ် နှစ်နိုင်ငံတာဝန်ရှိသူတွေက ထိထိရောက်ရောက် ဖြေရှင်းကြတာမျိုးကို မတွေ့ရဘဲ ပြဿနာတွေ သာ တစ်နေ့တခြားပိုများလာနေတယ်လို့ နယ်စပ်မှာ နေထိုင်သူတွေနဲ့ နိုင်ငံရေးပါတီတာဝန်ရှိသူတွေက ပြော ပါတယ်။
မြန်မာ-တရုတ်နယ်စပ်မှာရှိတဲ့ မူဆယ်မြို့နယ် ပန်ခမ်းရွာမှာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၅ ရက်နေ့က ကျေးရွာ ပိုင်မြေ ပေ ၃၀ ကျော်အထိ တရုတ်ဘက်က ခြံစည်းရိုးကျုးကျော်ပြီး လာကာထားတာကြောင့် ကျေးရွာသား တွေ က စုပေါင်းဖယ်ရှားလိုက်ကြပါတယ်။
ရွာသားတွေ သီးနှံစိုက်ဖို့ ခြံသွားရှင်းချိန်မှာ တိုးချဲ့ပြီး ခြံစည်းရိုးကာထားတာကို တွေ့ရတာကြောင့် ဖျက်ဆီး လိုက်ကြတာလို့ ပန်ခမ်းရွာသား အိုက်မွမ်းက RFA ကို ပြောပါတယ်။
“ပထမတုန်းက သူက ၂၀၁၄ တုန်းက အခိုင်အမာလာလုပ်ထားပြီးပြီ။ အဲဒါကိုကျော်ပြီးမှာ ပေ ၂၀ ကျော် ၃၀ ကျော်လောက်မှာ သံဆူးကြိုးတွေ လာကာတာပေါ့နော့်။ ရွာကတော့ ခြံစည်းရိုးကို ပြန်ဖယ်လိုက်တာဗျ။ ပေ ၃၀ လောက်တော့ရှိမယ်။ တရုတ်ဘက်ကတော့ ဘာမှာပြောတာမရှိသးဘူး။ အရင်တုန်းက သူတို့က အခိုင်အမာမလုပ်သေးဘူးလေ။ ခြံစည်းမကာသေးချိန်ဆို ကျွန်တော်တို့ကျေးရွာက သွားရှင်းတိုင်း စိုက်ပျိုး မှုလုပ်ဖို့ ကြိုးစာတိုင်း လူနဲ့ လက်နက်အင်အားတွေနဲ့ စစ်သားတွေနဲ့ လာခြိမ်းခြောက်ပြီး လာလာပြတာ ပေါ့။ အဲဒါကြောင့် ရွာက နောက်ဆုတ်ဆုတ်လာရတာ ဒီတစ်ခေါက်နဲ့ဆို လေးခေါက်ရှိသွားပြီ”
ကျေးရွာသားတွေက ဒီလိုဖျက်လိုက်ပေမဲ့ တရုတ်ဘက်ကတော့ ဘာမှတုံ့ပြန်တာမရှိသေးဘူးလို့ ဆိုပါတယ်။
မြန်မာဘက်ကတော့ မူဆယ်မြို့နယ် အုပ်ချုပ်ရေးမှူးနဲ့ တာဝန်ရှိသူတွေ လာရောက်ကွင်းဆင်းကြည့်ရှုခဲ့ပြီး ခရိုင်အဆင့်ကို တင်ပြပေးမယ်လို့ ပြောခဲ့ကြောင်း ပန်ခမ်းရွာသားတစ်ဦးက ပြောပါတယ်။
ပန်ခမ်းရွာဟာ တရုတ်နိုင်ငံ ကျယ်ဂေါင်မြို့နဲ့ ဆက်စပ်နေတဲ့ ဒေသတစ်ခုဖြစ်ပါတယ်။
မူဆယ်ခရိုင်နဲ့ တရုတ်နယ်စပ်တလျှောက်မှာ ဒေသခံတွေနဲ့ တရုတ်နယ်စပ်အာဏာပိုင်တွေအကြား အခုလို နယ်မြေအငြင်းပွားမှုဟာ နှစ်လအတွင်း သုံးကြိမ်မြောက်ဖြစ်ပါတယ်။
ပြီးခဲ့တဲ့စက်တင်ဘာလ ၁၂ ရက်နေ့ကလည်း နမ့်ခမ်းမြို့နယ် ဟက်ဟင်ကျေးရွာမှာ တရုတ်နိုင်ငံဘက်က ခြံစည်းရိုး လာကာတဲ့အတွက် ဒေသခံတွေက ကန့်ကွက်ခဲ့ကြပါတယ်။
မြန်မာဘက်က မြေဧက ဝ.၆၀ ဧကလောက်အထိပါနေတာကြောင့် ခြံစည်းရိုးခတ်တာမလုပ်ဖို့ ကျေးရွာသား တွေက ကန့်ကွက်အကြောင်းကြားပေမဲ့ တရုတ်ဘက်က လက်မခံဘဲ ခြံစည်းရိုးဆက်ပြီးလာကာတာကြောင့် အဲဒီနေ့ ညနေ ခြောက်နာရီလောက်မှာ ဟက်ဟင်ကျေးရွာသား တစ်ရာကျော်က ပေ ၄၀ လောက်အထိ ကာထားပြီးသား ခြံစည်းရိုးတွေကို ဖျက်လိုက်တာလို့ ဟက်ဟင်ကျေးရွာ အုပ်ချုပ်ရေးမှူး လုံးအိုက်ဆွမ် က RFA ကို ပြောပါတယ်။
မူဆယ်ခရိုင် ပန်ဆိုင်းမြို့နယ်အတွင်းက နမ့်ယန်းချောင်းဘေးမှာတော့ တရုတ်ဘက်က ချောင်းကိုမြေဖို့ပြီး ခြံစည်းရိုးကာဖို့ လုပ်နေတာကြောင့် ဒေသခံတွေက ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၅ ရက်နေ့က ထပ်မံ ကန့်ကွက်ခဲ့ကြပါတယ်။
တရုတ်နိုင်ငံအတွင်းမှာ ကိုဗစ်ကပ်ရောဂါပထမလှိုင်းစတင်ခဲ့တဲ့ ၂၀၂၀ ဧပြီလနောက်ပိုင်းကစလို့ ရောဂါ အကြောင်းပြချက်နဲ့ မြန်မာနိုင်ငံသားတွေ အဝင်အထွက်ကို ထိန်းချုပ်ဖို့ တရုတ်ဘက် လူအဝင်အထွက်များတဲ့ နယ်စပ်ဂိတ်တွေကို တင်းကျပ်လာသလို တချို့နေရာတွေမှာ ဒေသခံတွေနဲ့ မကြာခဏဆိုသလို နယ်မြေ ပြဿနာတွေဖြစ်နေတာပါ။
ရှမ်းတိုင်းရင်းသာများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီ ဗဟိုဌာနချုပ်ရုံးခွဲ ရှမ်းပြည်နယ်မြောက်ပိုင်း ဥက္ကဋ္ဌ စိုင်းလှဖေ ကတော့ နယ်မြေကျူးကျော်မှုပြဿနာကို သက်ဆိုင်ရာတာဝန်ရှိသူတွေက ဒီနေ့အထိ ပြေလည် အောင် ဖြေရှင်းမပေးနိုင်သေးဘူးလို့ ပြောပါတယ်။
“ဖြစ်တဲ့နေရာတွေမှာ ကျွန်တော်တို့သွားပြီးတော့ ကွင်းဆင်းတယ်။ ပန်ဆိုင်းဘက်လည်းဖြစ်တယ် နေရာအနှံ့ပါပဲ။ မူဆယ်ဘက်က ပန်ခမ်းတို့ နောင်မွန်တို့ဘက်လည်း ခဏခဏဖြစ်တယ်။ ဌာနဆိုင်ရာ တင်ပြတော့လည်း ဌာနဆိုင်ရာက အရေးယူမှုသိပ်မတွေ့ရဘူး ဒီဟာတွေက ဘာဖြစ်လဲမသိဘူး။ အဓိက ကတော့ အစိုးရအချင်းချင်းပဲပေါ့ ကျွန်တော်တို့က ဘာမှလုပ်လို့မရဘူး ကြားကနေပြီးတော့။ ကွင်းဆင်း ကြည့်တာလည်း အမှန်တကယ် ဟုတ် မဟုတ် ဖြစ်တဲ့အနေအထားလောက်ပဲ ကွင်းဆင်းကြည့်ပြီတော့ အပေါ်တင်ပြနိုင်တာ။ အဓိကဖြေရှင်းရမှာက လက်ရှိအာဏာပိုင်ပဲ အာဏာပိုင်က မလုပ်ဘူးဆို ဘာမှ မတတ်နိုင်ဘူး”
ရှမ်းပြည်နယ်မြောက်ပိုင်းလိုပဲ ကချင်ပြည်နယ်အတွင်းက နယ်စပ်ဒေသတွေမှာလည်း အခုလို နယ်မြေ ကျူးကျော်မှု ပြဿနာတွေရှိနေပါတယ်။
"သံဆူးကြိုးတွေ လာကာတာပေါ့နော့်။ ရွာကတော့ ခြံစည်းရိုးကို ပြန်ဖယ်လိုက်တာဗျ"
ပြီးခဲ့တဲ့ ဇူလိုင်လ နောက်ဆုံးပတ်က ကချင်ပြည်နယ်က တရုတ်နယ်စပ် ဝိုင်းမော်မြို့နယ်နဲ့ ကန်ပိုင်တီမြို့နယ် တလျှောက် နှစ်နှိင်ငံနယ်နိမိတ်ကြား ခြံစည်းရိုးခတ်ရာမှာ မြန်မာနိုင်ငံနယ်နိမိတ်အတွင်း ကျူးကျော် ခြံစည်းရိုးခတ်ထားတာတွေရှိတယ်လို့ ကန်ပိုင်တီဒေသခံ ဦးဇယ်ဂျုံးက ဆိုပါတယ်။
ကန်ပိုင်တီမြို့ နယ်ခြားမှတ်တိုင် အမှတ် (၄) ကနေ အမှတ် (၃) ဘက် ပေ ၅၀၀ ခန့်ရှည်လျားပြီး အမြင့်ပေ ၂၀ လောက်ကို ခြံခပ်ထားတာလို့ ဦးဇယ်ဂျုံးက ပြောပါတယ်။
“သူတို့ကာချင်တဲ့နေရာကနေ ကာသွားသလိုဖြစ်နေတယ်။ လူတွေနေတဲ့နေရာမှာ သိပ်မသိသာပေမဲ့ လူမနေတဲ့နေရာတွေမှာတော့ မြန်မာပြည်ဘက်ကိုဝင်နေတယ်။ ဘယ်သူမှ ဘာမှတော့မပြောဘူး။ ကန်ပိုက်တီကနေ မြင်နေရတဲ့တောင်တွေက သံဆူးကြိုးတွေကာနေတာ မြင်နေရတယ်။ အဲတောင်တွေက မြန်မာပြည်လား တရုတ်ပြည်လားဆိုတာ ဘယ်သူမှသေချာမသိဘူးလေ။ ကျွန်တော်တို့သိတာကတော့ အဲဒါမြန်မာပြည်ဘက်ခြမ်းဆိုတာ သိတယ်။ ဒါပေမဲ့ သက်သေတွေက ဘယ်သူ့ဆီမှာရှိလဲမသိတော့ တရုတ်တွေက သူတို့ကာချင်တဲ့နေရာကနေ ကာသွားတာ အဲဒီလိုမျိုး”
ဒီကိစ္စအတွက် ကန်ပိုင်တီမြို့နယ် အုပ်ချုပ်ရေးတာဝန်ရှိသူတွေက တရုတ်ဘက်ကို ကန့်ကွက်စာပို့ခဲ့ပေမဲ့ ဒီနေ့အထိ ပြန်လည်အကြောင်းကြားတာ မရှိသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
အမည်မဖော်လိုတဲ့ မူဆယ်ခရိုင် အုပ်ချုပ်ရေးတာဝန်ရှိသူတစ်ဦးကတော့ နှစ်နိုင်ငံနယ်မြေအငြင်ပွားမှု ဖြစ်တိုင်းမှာ မြို့နယ်အဆင့် အုပ်ချုပ်ရေးတာဝန်ရှိသူတွေ ကွင်းဆင်းပြီး ညှိနှိုင်းဖြေရှင်းရတာတွေရှိတယ်လို့ ပြောပါတယ်။
ဒါပေမဲ့ တချို့ ပြဿနာတွေမှာ နယ်စပ်မျဉ်းရဲ့ ဆယ်မီတာအကွာမှာ နှစ်ဖက်နိုင်ငံက တာဝန်ရှိသူတွေ သဘောတူညီချက်မရဘဲ ဘာမှမလုပ်ရဘူးဆိုတဲ့ ပြဌာန်းချက်အရ ဖြေရှင်းရာမှာ အဆင်ပြေခဲ့ပေမဲ့ တချို့ပြသနာတွေကတော့ ပြည်ထောင်စုအဆင့် ဖြစ်တာကြောင့် ဆက်လက်တင်ပြရတာမျိုးရှိတယ်လို့ သူကပြောပါတယ်။
“မူဆယ်ခရိုင်ထဲမှာဆိုရင်တော့ နယ်စပ်ဒေသအာဏာပိုင်အဖွဲ့ရှိတယ်။ မြို့နယ်အဖွဲ့တွေရှိတယ်။ အဲအဖွဲ့ တွေက ကွင်းဆင်းကြည့်ရှုပြီးတော့ တရုတ်ဘက် သက်ဆိုင်ရာဌာနတွေကို ကန့်ကွက်လွှာပို့ပေါ့။ ကျွန်တော် တို့ အရင်လက်မှတ်ထိုးထားတာတွေနဲ့ မကိုက်ညီရင် ကန့်ကွက်လွှာပို့ပေါ့။ အထက်ကိုတင်ပြ ဒါမျိုးလုပ်ရ တာပေါ့။ တချို့နေရာတွေတော့ ကျွန်တော်တို့ဘက်ကို တိတိကျကျဝင်တယ်လို့ သေချာတဲ့ဟာတွေတော့ သူတို့ပြန်ဖျက်သိမ်းပေးရတာပေါ့။ တချို့နေရာတွေကျတော့ မသဲမကွဲဟာတွေကျတော့ ဒါကျွန်တော်တို့ နှစ်နိုင်ငံ ပူးပေါင်းစစ်ဆေးရေးအဖွဲ့တွေနဲ့ စစ်ဆေးရမှာပေါ့။ လက်ရှိကတော့ မရှိသေးဘူးဗျ။ လက်ရှိ ကတော့ ပြောရရင် တရုတ်ဘက်ကလည်း ဆင်းဖို့တော့ အစီအစဉ်ရှိပါတယ်လို့တော့ ပြောတယ်။ ဒါပေမဲ့ ကိုဗစ်ကာလနဲ့ဆိုတော့ မဖြစ်နိုင်သေးဘူး”
၁၉၆၀ မှာ သဘောတူစာချုပ်ချုပ်ဆိုခဲ့တဲ့ တရုတ်မြန်မာနယ်နိမိတ်ဟာ မိုင်ပေါင်း ၁၃၇၀ နီးပါး အရှည်ရှိပြီး ရှမ်းပြည်နယ်အတွင်းမှာ မိုင်းလားဒေသ၊ ဝဒေသ၊ ကိုးကန့်ဒေသ၊ မုံးကိုး၊ ကြူကုတ်ပန်ဆိုင်း၊ မူဆယ်၊ နမ့်ခမ်း၊ မန့်ဟီးရိုး စတဲ့မြို့နယ်တွေနဲ့ ထိစပ်နေတာပါ။
ကချင်ပြည်နယ်အတွင်းမှာဆိုရင် လွယ်ကျယ်၊ ကန်ပိုက်တီ၊ ဝိုင်းမော်မြို့ အပါအဝင် KIA ထိန်းချုပ်နယ်မြေတွေ နဲ့ ထိစပ်နေတာပါ။ တရုတ်က အဲဒီဒေသအားလုံးနီးပါးမှာ နေရာအလိုက် ခြံစည်းရိုးတွေကာနေတာဖြစ် ပါတယ်။
ကေအိုင်အို ထိန်းချုပ်နယ်မြေနဲ့ ထိစပ်တဲ့ ကချင်ပြည်နယ် တရုတ်ပြည်နယ်တလျှောက် လိုင်ဇာ၊ မိုင်ဂျာယန်၊ ပါဂျာင် စတဲ့နယ်စပ်တလျှောက်လည်း တရုတ်ဘက်က ဇူလိုင်လပိုင်းက စတင်ပြီး နယ်စပ်ခြံစည်းရိုးတွေ ကာရံနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါပေမဲ့ တရုတ်နယ်စပ်မျဉ်းတလျှောက်က တိုင်းရင်းသားလက်နက်ကိုင် ထိန်းချုပ်နယ်မြေတွေမှာတော့ နယ်စပ်ပြဿနာတွေဖြစ်တာကို မတွေ့ရဘူးလို့ လေ့လာသူတွေက ဆိုပါတယ်။
တိုင်းရင်းသားအရေး လေ့လာသူ ဦးသန်းစိုးနိုင်က တရုတ်နိုင်ငံက လက်ရှိမြန်မာနိုင်ငံရေး အခြေအနေအပေါ် စိုးရိမ်တာကြောင့် နယ်စပ်ကနေ သူ့နိုင်ငံထဲ ဒုက္ခသည်တွေ ဝင်မလာနိုင်အောင် ခြံစည်းရိုးတွေ ဦးစားပေး ကာနေတာ ဖြစ်နိုင်ကြောင်း ပြောပါတယ်။
“သူက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအားလုံးနဲ့ နားလည်မှု ရယူထားတဲ့အခြေအနေရှိတဲ့အောက် မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ လွှမ်းမိုးတဲ့ဒေသမှာဆိုလို့ရင်တော့ အဲကိစ္စနဲ့ ပတ်သက် ပြီးတော့ လုံခြုံရေးအရ သိပ်ပြီးတော့ အရေးယူတဲ့သဘောထားမရှိဘူ။ အဲဒါကြောင့်လည်း အဲဒီဒေသတွေကို အလေးမထားဘဲနဲ့ အဓိကအားဖြင့် စစ်ကောင်စီရဲ့ လုံခြုံရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်တဲ့ဒေသတွေမှာ တရုတ်ပြည်ဘက်ကို ကူးစက်လာနိုင်တဲ့ အခြေအနေရှိတဲ့နေရာတွေမှာ ခြံစည်းရိုးခတ်တဲ့အလုပ်တွေ ဒီနေ့လုပ်နေတယ်လို့ ကျွန်တော့်အနေနဲ့ မြင်ပါတယ်ခင်ဗျာ”
စစ်ကောင်စီတပ်နဲ့ ကိုးကန့်တပ်ဖွဲ့တွေ တိုက်ပွဲဖြစ်နေတဲ့ တရုတ်နယ်စပ် ပန်ဆိုင်းမြို့နယ်ခွဲနဲ့ မုံးကိုးမြို့ နယ်ခွဲနယ်စပ်မှာဆိုရင် အခုနှစ်မတ်လနောက်ပိုင်းမှာ တရုတ်ဘက်က အလျှင်အမြန်ဆိုသလို ခြံစည်းရိုးတွေ ခတ်နေပြီး တိုက်ပွဲကြောင့် နယ်စပ်ကိုထွက်ပြေးလာတဲ့ မြန်မာဘက်က ဒုက္ခသည်တွေကို သူတို့ခြံစည်းရိုးနား မကပ်ဖို့ လော်စပီကာတွေနဲ့ ပြောဆိုနေတာကို တွေ့ရပါတယ်။ ဒါ့အပြင် ခြံစည်းရိုးတလျှောက် CCTV ကင်မရာ တွေကို တပ်ဆင်စောင့်ကြည့်နေပါတယ်။
နယ်စပ်က နယ်မြေအငြင်ပွားမှု ပြဿနာတွေနဲ့ ပတ်သက်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနကို ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့မရပါဘူး။
အလားတူ မြန်မာနိုင်ငံမှာရှိတဲ့ တရုတ်သံရုံးကို RFA က ဒီကနေ့ အီးမေးနဲ့ ဆက်သွယ်မေးမြန်းတာလည်း အကြောင်းပြန်ကြားတာ မရှိသေးပါဘူး။
နယ်စပ်မှာနေထိုင်သူတွေကတော့ တရုတ်ဘက်က နယ်မြေကျူးကျော်မှု ပြဿနာတွေ ဒီထက်များလာရင် နှစ်နိုင်ငံနယ်စပ်မှာနေထိုင်သူချင်း ထိပ်တိုက်ပဋိပက္ခတွေ ဖြစ်လာနိုင်တာကြောင့် နှစ်နိုင်ငံတာဝန်ရှိသူတွေ အနေနဲ့ ထိထိရောက်ရောက် ညှိနှိုင်းဖြေရှင်းပေးဖို့ကို တောင်းဆိုနေကြပါတယ်။