ကျင်စန်းကျော့နယ်စပ်ဂိတ်က ကားအစီးရေ တစ်ရာကျော် မီးလောင်ပျက်စီး
ဆယ်ဘီးကားကြီး ကားတစ်စီးကို ကျပ်သိန်းတစ်ထောင်ကျော် တန်ဖိုးရှိပြီး ယာဉ်ပေါ်မှာပါတဲ့ ကုန်ပစ္စည်းတွေပါ မီးလောင်သွားတာကြောင့် ဆုံးရှုံးမှုတန်ဖိုး တော်တော်ကြီးတယ်လို့လည်း ဆိုပါတယ်။
-
စန်းမော်အောင် (ဝါရှင်တန်ဒီစီ)
2023-11-23 -
-
-
ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်အနီးမှာရှိတဲ့ ကျင်စန်းကျေ့ာ ကုန်သွယ်ရေးစခန်းက ကားဝင်းထဲကို မနက် ရှစ်နာရီလောက်က လက်နက်ကြီးကျရောက် ပေါက်ကွဲခဲ့ပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ၁၀၂၇ စစ်ဆင်ရေးစတင်ချိန်ကစလို့ တရုတ်နယ်စပ်မှာ တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် တရုတ်နိုင်ငံဘက်ကို ကုန်ပစ္စည်းသယ်ဆောင်နေတဲ့ ကုန်တင်မော်တော်ယာဉ်ကြီးတွေ ရာနဲ့ချီ အဲဒီကျင်စန်းကျော့ကားဝင်းထဲမှာ ရပ်နားထားတာလို့ ယာဉ်မောင်းတွေနဲ့ မူဆယ်-တရုတ်ကုန်သွယ်ရေးသမားတွေက ပြောပါတယ်။
ညနေ ငါးနာရီကျော်ကြာတဲ့အထိ မီးမငြှိမ်းသတ်နိုင်သေးဘဲ ကားအစီးရေ တစ်ရာကျော် မီးလောင်သွားတယ်လို့ မျက်မြင်တွေ့ခဲ့သူတစ်ဦးက ပြောပါတယ်။
“ကျွန်တော်တို့လည်း ကိုယ့်ကား ကိုယ်ထုတ်၊ သူများတွေလည်း သူတို့ကားထုတ်ဖို့ကြိုးစားတယ်။ တစ်ချို့ကားတွေကျလည်း ထုတ်လို့မရဘူး။ အဲဒါနဲ့ အကုန်လုံးပါကုန်တာများတယ်။ ကားတွေက (စက်)မနှိုးတာလဲ ကြာပြီထင်တယ်။ ဘထ္ထရီတွေလည်း မရှိတော့ဘူး။ ထောက်နှိုးတာလည်း မရဘူး။ နောက်ဆုံးမရတဲ့အဆုံး ပစ်ထားရတဲ့ပုံစံမျိုး။ အဓိက က အဲ့ကားတွေက ရန်ကုန်- မန္တလေး ပို့ဖို့တွေပေါ့။ လမ်းပိတ်တော့မသွားနိုင်ဘူး။ သောင်တင်နေတယ်။ ရန်ကုန်-မန္တလေးဘက်က ပစ္စည်းမှာတဲ့သူတွေ အခက်တွေ့နိုင်ပြီးတော့ ကားသမားနဲ့ ပစ္စည်းပိုင်ရှင်တွေက နည်းနည်း အခက်တွေ့နိုင်တာပေ့ါ။“
ဆယ်ဘီးကားကြီး ကားတစ်စီးကို ကျပ်သိန်းတစ်ထောင်ကျော် တန်ဖိုးရှိပြီး ယာဉ်ပေါ်မှာပါတဲ့ ကုန်ပစ္စည်းတွေပါ မီးလောင်သွားတာကြောင့် ဆုံးရှုံးမှုတန်ဖိုး တော်တော်ကြီးတယ်လို့လည်း ဆိုပါတယ်။
မီးလောင်တဲ့နေရာကို မနက် ဆယ်နာရီလောက်မှာ မီးသတ်တပ်ဖွဲ့တွေ မီးငြှိမ်းသတ်ခဲ့ပေမယ့် ညနေအထိ မီးမငြှိမ်းနိုင်သေးဘဲ နယ်မြေ လုံခြုံရေးကြောင့် ပြန်သွားရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မူဆယ်မြို့ခံ တစ်ဦးက ပြောပါတယ်။
“အခုညနေအထိကတော့ မီးက ထိန်းနိုင်တယ်။ လုံးဝငြိမ်းသွားတာတော့မရှိဘူး။ ညနေ ငါးနာရီခွဲလောက်မှာတော့ မီးသတ်ယာဉ်တွေလည်း လုံခြုံရေးအတွက် ငါးနာရီခွဲလောက်မှာ ပြန်လာတယ်လို့သိရတယ်။ ကားက အစီးရေ တစ်ရာကျော်ထိ ဆုံးရှုံးသွားတယ်ပေါ့နော်။ မီးလောင်တာကြောင့်မို့လို့ အသက်ဆုံးရှုံးတာ ဒဏ်ရာရတာတော့မကြားပါဘူး။”
ဒေသခံတချို့က ကားဝင်းထဲကျတဲ့ လက်နက်ကြီးဟာ စစ်ကောင်စီတပ်က ပစ်ခတ်တာလို့ ပြောဆိုကြပေမဲ့ စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက … သူတို့ ပစ်ခတ်တာ မဟုတ်ဘဲ MNDAA, TNLA နဲ့ ပူးပေါင်းလက်နက်ကိုင်အဖွဲ့တွေ ပစ်ခတ်တာလို့ စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ မြဝတီသတင်းကနေတစ်ဆင့် သတင်းထုတ်ပြန်ခဲ့ပါတယ်။
“မူဆယ်မြို့နယ် ကောင်းခံ ကျေးရွာအနီးမှာရှိတဲ့ Seven ဟွာကျင့် ကုန်တင်ကုန်ချကားကြီးကွင်း MNDAA နဲ့ TNLA ပူးပေါင်းအဖွဲ့ သောင်းကျန်းသူအဖွဲ့က ကောင်းခံရွာရဲ့ တောင်ဘက်ကနေ Drone များနဲ့ ကားတွေပေါ် Drop Bomb များ ကြဲချခဲ့တာရှိပါတယ်။ အဲ့ဒီမှာ ကျွန်တော်တို့ တရုတ်နိုင်ငံဘက်မှ မြန်မာနိုင်ငံဘက်ကို Export တင်သွင်းလာတဲ့ကား ၂၅၈ စင်းရှိပါတယ်။ အဲ့ ၂၅၈ စင်းထဲက အစင်း ၁၂၀ လောက် မီး လောင်ပျက်စီးခဲ့ပါတယ်။”
မြန်မာ့အမျိုးသား ဒီမိုကရက်တစ်မဟာမိတ် တပ်မတော် (MNDAA) ရဲ့ ပြောခွင့်ရသူ လီကျားဝင်းကတော့… ဒီလိုပြည်သူရှိတဲ့ နေရာတွေဟာ သူတို့ရဲ့ စစ်ရေးပစ်မှတ် မဟုတ်ဘူးလို့ ငြင်းဆိုပါတယ်။
“ဒီမှာလည်း ကြားသိရတယ်။ ကျွန်တော်တို့အပေါ် စွပ်စွဲချက်တွေလည်း ရှိတယ်ပေါ့နော်။ ကျွန်တော်ပြောချင်တာက ဒီကားဂိတ်တို့ ပြည်သူပိုင်လုပ်ငန်းတွေ ပြည်သူလူထုရဲ့ အကျိုးအမြတ်တွေဖြစ်တယ်။ ကျွန်တော်တို့အဖွဲ့အစည်းအနေနဲ့ ပြည်သူလူထုရဲ့ အကျိုးအမြတ်ကို ဖျက်ဆီးမဲ့ လုပ်ဆောင်ချက်ကိုတော့ လုံးဝလုပ်ဆောင်မှာမဟုတ်ဘူး။ ပြီးတော့ နောက်တစ်ခုက ဒါကျွန်တော်တို့ Operation Target (စစ်ရေးပစ်မှတ်) လည်းမဟုတ်ဘူးပေါ့နော်။”
ရှမ်းပြည်နယ် မြောက်ပိုင်းမှာ ညီနောင်မဟာမိတ်သုံးဖွဲ့ စစ်ဆင်ရေးစတင်ချိန်ကစပြီး တရုတ်-မြန်မာနယ်စပ်မှာ တိုက်ပွဲတွေပြင်းထန်နေတာဖြစ်ပါတယ်။