ချင်းပြည်နယ်မှာ ဝမ်းရောဂါကြောင့် ဒေသခံ ၁၈ ဦး သေဆုံး

မင်းတပ်၊ ပလက်ဝနဲ့ တွန်းဇံမြို့နယ်က ကျေးရွာတွေမှာ ၀မ်းရောဂါ အဖြစ်များနေပြီး ဇွန်လတစ်လအတွင်း သေဆုံးသူ ၁၈ ဦး ရှိနေတယ်လို့ ချင်းကျန်းမာရေးအဖွဲ့အပြင် ဒေသခံတွေနဲ့ အကူအညီပေးနေသူတွေက ပြောပါတယ်။

မင်းတပ်မြို့နယ် ပန်းသွယ်ရွာမှ ဝမ်းရောဂါ ကူးစက်ခံရသည့်လူနာအချို့ကို ၂၀၂၄ ခုနှစ် ဇွန်လ ၂၈ ရက်နေ့က တွေ့ရစဉ်။ Citizen Photo

ချင်းပြည်နယ် မင်းတပ်၊ ပလက်ဝနဲ့ တွန်းဇံမြို့နယ်တွေက ကျေးရွာတွေမှာ ၀မ်းပျက်၀မ်းလျှောရောဂါ အဖြစ်များနေပြီး ဇွန်လတစ်လအတွင်း သေဆုံးသူ ၁၈ ဦး ရှိနေတယ်လို့ ချင်းကျန်းမာရေးအဖွဲ့ (CHO) အပြင် ဒေသခံတွေနဲ့ အကူအညီပေးနေသူတွေက ပြောပါတယ်။

ချင်းကျန်းမာရေးအဖွဲ့ (CHO) ရဲ့ ဇွန်လ ၁၆ ရက်နေ့ ထုတ်ပြန်ချက်အရ မင်းတပ်မြို့နယ်နဲ့ ပလက်ဝမြို့နယ်တွေမှာ ဝမ်းရောဂါဟာ ကပ်ရောဂါသဖွယ် ဖြစ်ပွားနေပြီး သေဆုံးသူ ၁၄ ဦးရှိပါတယ်။ အဲဒီနောက် ဇွန်လကုန် လောက်မှာတော့ မင်းတပ်မြို့နယ်မှာ နှစ်ဦး၊ ဆမီးမြို့မှာ တစ်ဦး၊ တွန်းဇံမှာ တစ်ဦး စုစုပေါင်း လေးဦး နောက်ထပ် သေဆုံးခဲ့ပါတယ်။

"ကျန်းမာရေး၀န်ထမ်းမရှိတော့ ကျွန်တော်တို့က ဖြစ်လာမှ ပြေးရတာပေါ့။ ဖြစ်လာတဲ့ရွာကို နီးစပ်ရွာက ဆရာမက အရင်ပြေးရတယ်။ ကျွန်တော်တို့က နောက်က လိုက်ရတယ်ပေါ့"

ဇွန်လဆန်းပိုင်းကစပြီး မင်းတပ်နဲ့ ပလက်၀မြို့နယ်တွေမှာ ၀မ်းရောဂါ စတင် ဖြစ်ပွားနေတာလို့ ဒေသခံတွေက ဆိုပါတယ်။

အခုထိလည်း ၀မ်းပျက်၀မ်းလျှော ဖြစ်နေသူတွေ ဆက်ရှိနေပြီး ဆေးဝါးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ အရေးပေါ် လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မိုးတွင်းကာလ ဖြစ်တာကြောင့် ဆေးဝါးသယ်ယူဖို့ လမ်းပန်းဆက်သွယ်ရေး ခက်ခဲနေသလို စစ်ကောင်စီတပ်ရဲ့ ပိတ်ဆို့ စစ်ဆေးမှုတွေကြောင့် မြို့ပေါ်တွေကနေ ဆေးဝါး၀ယ်ယူဖို့လည်း အခက်ကြုံနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဆက်သွယ်ရေးခက်ခဲတဲ့အပြင် ကျန်းမာရေး၀န်ထမ်း မလုံလောက်တာ၊ ဆေးဝါး မလုံလောက်တာတွေ ကြုံနေရတယ်လို့ မင်းတပ်မြို့နယ်မှာ ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့ ဆရာ၀န်တစ်ဦးက ပြောပါတယ်။

"အခက်အခဲကတော့ ကျွန်တော်တို့က တောင်ပေါ်ဆိုတော့ တစ်ခုခုဆိုရင် အခု မိုးတွင်းကာလလည်း ဖြစ်တယ်။ လမ်းပန်းဆက်သွယ်ရေးကလည်း အဆင်မပြေဘူး။ လမ်းတွေကလည်း တောင်ပြိုတဲ့နေရာ ပြို၊ သစ်ပင်လဲတဲ့နေရာ လဲပေါ့နော်။ ရွာ တစ်ရွာနဲ့ တစ်ရွာလည်း ဖုန်းလိုင်းတွေ၊ အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံထားရတော့ ဆက်သွယ်ရတာ အဆင်မပြေဘူး။ ဆေးဝါးကလည်း ပြောရမယ်ဆိုရင် လုံလောက်မှုမရှိဘူး။ ၀မ်းပျက်၀မ်းလျှောသဘောက ဖြစ်လာပြီဆိုရင် ပုလင်းကြီးတွေပေါ့၊ ပုလင်းကြီးတွေ အများကြီး သုံးရတယ်။ ကျန်းမာရေး၀န်ထမ်းမရှိတော့ ကျွန်တော်တို့က ဖြစ်လာမှ ပြေးရတာပေါ့။ ဖြစ်လာတဲ့ရွာကို နီးစပ်ရွာက ဆရာမက အရင်ပြေးရတယ်။ ကျွန်တော်တို့က နောက်က လိုက်ရတယ်ပေါ့"

၀မ်းရောဂါ ဖြစ်ပွားမှုများတဲ့ မင်းတပ်မြို့နယ်က ကျေးရွာတချို့ကို အသွားအလာ ကန့်သတ်ထားတယ်လို့ ဆိုပါတယ်။

မင်းတပ်မြို့နယ် ပန်းသွယ်ရွာမှ ဝမ်းရောဂါ ကူးစက်ခံရသည့်လူနာအား ဆေးကုသပေးနေသည်ကို ၂၀၂၄ ခုနှစ် ဇွန်လ ၂၈ ရက်နေ့က တွေ့ရစဉ်။ (Citizen Photo)

လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့ ပလက်၀ကို အရင်က ရခိုင်ပြည်နယ်၊ ကျောက်တော်ကနေ ကုန်စည်နဲ့ ဆေးဝါးတွေ သယ်ယူခဲ့တာပါ။

အခုတော့ ရခိုင်ပြည်နယ်မှာလည်း တိုက်ပွဲတွေကြောင့် ဆေးဝါးတွေပြတ်လပ်နေပြီး အိန္ဒိယဘက်ကလည်း တင်သွင်းခွင့် ပိတ်ထားတာကြောင့် ချင်းပြည်နယ်မှာ ဆေးဝါး လုံး၀ ပြတ်လပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လတ်တလောမှာ မိရိုးဖလာ ဆေးနည်းတွေနဲ့သာ ကုသနေရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

"အခုက ရခိုင်ပြည်နယ်တွေမှာလည်းဆေးဝါးတွေမရှိ ပြီးရင် မတူပီထဲမှာသွားမယ်ဆိုရင်လည်း လမ်းကြောင်းတွေက အဆင်မပြေ၊ အိန္ဒိယဘက်မှာလည်းအဲလိုပဲ ကျွန်တော်တို့ ပလက်ဝက ခက်ခဲတဲ့နေရာ အရင်တုန်းက တောင်မှ ဖြစ်တာ။ ကုသနေတဲ့အနေအထားကတော့ ဒီလိုပဲ ကျွန်တော်တို့က အရင်တုန်းက ချင်းလိုမျိုးတွေ ကုသသလိုပေါ့။ အခုက ဆေးဝါးလည်းမရှိ ဆိုတော့ ဝမ်းလျှောဝမ်းပျက်တွေလည်း အမြစ်တွေဖော်ပြီးတော့မှ ကျောက်ပြားပေါ်မှာ သွေးပြီးတော့မှ အရည်ကို တိုက်တယ်။ အဲလိုမျိုးပုံစံပေါ့နော်"

၀မ်းရောဂါဖြစ်သူအများစုက စစ်ဘေးဒုက္ခသည်တွေ ဖြစ်ကြပြီး သန့်ရှင်းတဲ့ သောက်သုံးရေ မရတာ၊ အာဟာရပြည့်ဝတဲ့ အစားအသောက်တွေ မရတာကြောင့် အခုလို ဖြစ်ရတာလို့ ကျန်းမာရေးကူညီစောင့်ရှောက်ပေးနေသူတွေက ပြောပါတယ်။

ပလက်၀မြို့နယ် ဆမီးမြို့က အိမ်တိုင်းလိုလိုမှာ ၀မ်းရောဂါအပြင် ငှက်ဖျားရောဂါလည်း ဖြစ်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

အလားတူ ကန်ပက်လက်မြို့မှာလည်း ဒေသခံ နှစ်ရာ နီးပါးလောက် ဖျားနာနေပါတယ်။

လူနာတွေ များနေပေမဲ့ ဆရာဝန် မရှိဖြစ်နေတယ်လို့ ကန်ပက်လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ ကျန်းမာရေးတာ၀န်ခံတစ်ဦးက ပြောပါတယ်။

"ငှက်ဖျားက သူ့ရာသီနဲ့သူ ရှိတာပေါ့နော်။ အခုလို မိုးတွင်းဆိုတော့ တော်တော် အဖြစ်များတယ်။ တစ်လကို သုံးဆယ်လောက်ဖြစ်မယ်။ ကျွန်တော်တို့ လက်လှမ်းမမီနိုင်တာလည်းရှိတယ်။ ဆရာဝန်အခက်အခဲပေါ့နော်၊ အခုလက်ရှိက သူနာပြုဆရာမနဲ့သွားနေတာ တစ်နှစ်ကျော်လောက်ရှိပြီ။ ဆရာဝန် လစ်ဟာမှုတွေ အများကြီးရှိတယ်။ ဆရာဝန်နဲ့ ဆရာမတွေက လုပ်နိုင်တဲ့ အပိုင်းလုံးဝမတူဘူး။ ဆရာဝန်ရှိရင်တော့ ကျန်းမာရေး ပြဿနာ တော်တော်များများ ဖြေရှင်းနိုင်မယ်လို့ ယုံကြည်တယ်"

ဒီအခြေအနေနဲ့ပတ်သက်ပြီး စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းနဲ့ ချင်းပြည်နယ်ပြောခွင့်ရ ပြည်နယ်အတွင်းရေးမှူး ဦးအောင်ချိုတို့ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမဲ့ ဖုန်းမဖြေပါဘူး။

ကာလရှည်ကြာ စစ်ဘေးဒဏ်ခံနေရတဲ့ ချင်းပြည်နယ်မှာ စစ်ဘေးဒုက္ခသည် နှစ်သိန်းခွဲခန့်ရှိတယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) က ဇွန်လဆန်းမှာ ထုတ်ပြန်ထားပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် ချင်းပြည်နယ်မှာ ကျန်းမာရေးဝန်ထမ်း မလုံလောက်တာအပြင် ဆေးဝါးပြတ်လပ်တာတွေကြောင့် မွေးကင်းစ ကလေးတွေအပါအ၀င် သက်ကြီးရွယ်အိုတွေ သေဆုံးမှု ပိုများလာပြီး ကလေးငယ်တွေအတွက် ကာကွယ်ဆေးမရရှိသလောက် ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org