ချောင်းဆုံ ၁ မှာ လွှတ်တော်ဒုဥက္ကဋ္ဌနဲ့ ဝန်ကြီး ပြိုင်ဘက်ဖြစ်နေ

မွန်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦးနဲ့ မွန်ပြည်နယ် စည်ပင်ဝန်ကြီး ဦးမင်းကျော်လွင်တို့ဟာ ချောင်းဆုံမြို့နယ် မဲဆန္ဒနယ် အမှတ် ၁ ရဲ့ ထိပ်တန်း အမတ်လောင်းတွေထဲမှာ ပါဝင်ပါတယ်။ ပြီးခဲ့တဲ့ရွေးကောက်ပွဲတုန်းကလည်း ဒီမဲဆန္ဒနယ်ရဲ့ မဲအများဆုံး ရရှိခဲ့သူ သုံးဦးဟာ ရလဒ် မတိမ်းမယိမ်း ဖြစ်ခဲ့ပါတယ်။

မွန်ပြည်နယ် စည်ပင်ဝန်ကြီး ဦးမင်းကျော်လွင် နဲ့ မွန်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦး Photo: Mon State Parliament

ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ မွန်ပြည်နယ် ချောင်းဆုံမြို့နယ်ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အများစု အနိုင်ရရှိခဲ့ပြီး မွန်နိုင်ငံရေးပါတီက တစ်နေရာအနိုင်ရရှိခဲ့ကာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ USDP ရှုံးနိမ့်ခဲ့တဲ့နေရာပါ။

ချောင်းဆုံမြို့နယ်မှာ ရွေးကောက်ပွဲ နှစ်ဆက်တိုင်တိုင် အနိုင်ရရှိထားတဲ့ မွန်ပြည်နယ် လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦးအတွက် ၂၀၂၀ ရွေးကောက်ပွဲမှာ သတိထားရမယ့် ပြိုင်ဘက်တွေထဲက တစ်ဦးကတော့ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးနဲ့ ဆောက်လုပ်ရေးဝန်ကြီးလည်းဖြစ်တဲ့ ဦးမင်းကျော်လွင် ဖြစ်ပါတယ်။

သူတို့နှစ်ယောက်လုံးက ချောင်းဆုံမြို့နယ်သားတွေပါ။ သူကတော့ မွန်ညီညွတ်ရေးပါတီကဖြစ်ပြီး ဝန်ကြီးကတော့ အာဏာရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က ဖြစ်ပါတယ်။

အသက် ၄၉ နှစ်အရွယ် ဒေါက်တာအောင်နိုင်ဦးကတော့ လာမယ့် ရွေးကောက်ပွဲအတွက် ယုံကြည်ချက် အပြည့်ရှိတယ်လို့ ဆိုပါတယ်။

“ကျွန်တော်က ကျွန်တော်နိုင်မယ်လို့ အပြည့်အဝ ယုံကြည်ပြီးသားပဲ။ ဘာကြောင့်လဲဆိုတော့ ဒီနယ်ဟာ ၂၀၁၀ တုန်းကရော၊ ၂၀၁၅ တုန်းကရော အနိုင်ရခဲ့တယ်။ နိုင်ပြီးတဲ့နောက်ပိုင်းမှာလည်း ကျွန်တော် လုပ်စရာရှိတဲ့ကိစ္စတွေ၊ လူထုရဲ့ပြဿနာတွေ၊ ဖွံ့ဖြိုးရေးတွေ တခြားလူထုနဲ့ ဆက်သွယ်ရမယ့်ကိစ္စတွေ ကျွန်တော် ဆောင်ရွက်ခဲ့တယ်။ အဲဒီတော့ ဒီနယ်တွေတောင်မကဘူး၊ ကျွန်တော်က မွန်ပြည်နယ် အကျိုးစီးပွားအတွက်၊ မွန်ပြည်နယ်လွတ်တော်အတွက်၊ အားကောင်း ခိုင်မာရေးအတွက် ကျွန်တော်ရဲ့ တာဝန်ကျေမှုနဲ့ ကျွန်တော်အများကြီးလုပ်ခဲ့တယ်။”

ဒေါက်တာအောင်နိုင်ဦးနဲ့ ထိပ်တန်းပြိုင်ဘက်တွေရဲ့ မဲရရှိမှုက ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ အပြတ်အသတ် ကွာခြားခဲ့တာတော့ မဟုတ်ပါဘူး။

သူက  ၉၅၀၇ မဲ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီက ၈၀၃၂ မဲ၊ NLD က ၇၉၇၇ မဲ၊ မွန်အမျိုးသားပါတီ ၁၄၅၈ မဲ အသီးသီး ရဲခဲ့ကြတာပါ။

မဲကွဲခဲ့တဲ့ မွန်နိုင်ငံရေးနှစ်ပါတီဟာ အခုအခါ ပေါင်းစည်းလိုက်ပြီဖြစ်တဲ့အတွက်  မွန်တိုင်းရင်းသားတွေရဲ့ ထောက်ခံမှုကို တစ်စုတစ်စည်းတည်း ရရှိတော့မယ်၊ ပါတီကြီးတွေနဲ့ ယှဉ်ပြိုင်ဖို့ ပိုအားကောင်းလာတယ်လို့ ဒေသခံအများအပြားက ယူဆကြပါတယ်။    

အသက် ၆၀အရွယ် ရှိပြီဖြစ်တဲ့ ဝန်ကြီး ဦးမင်းကျော်လွင်ကတော့ ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ခဲ့သူ မဟုတ်ပါဘူး။  ပြည်နယ်အစိုးရအဖွဲ့မှာ လစ်လပ်နေတဲ့ စည်ပင်သာယာရေးနဲ့ ဆောက်လုပ်ရေး ဝန်ကြီးအဖြစ်  ခန့်အပ်ခံခဲ့ရသူတစ်ဦးလည်း ဖြစ်ပါတယ်။ NLD ပါတီမှာတော့ ချောင်းဆုံမြို့နယ် အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ တာဝန် ယူထားပါတယ်။

ပြီးခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာတော့ အာဏာရပါတီ NLD က အရေးနိမ့်ခဲ့ပါတယ်။ NLD ပါတီ ဒီနယ်မြေမှာ လူထုထောက်ခံမှု ကျဆင်းခဲ့ရတာဟာ ချောင်းဆုံနဲ့မော်လမြိုင် ဆက်သွယ်ထားတဲ့ တံတားကို ချောင်းဆုံတံတားလို့ ဒေသခံတွေက အမည်ပေးလိုပေမယ့် ဗိုလ်ချုပ်အောင်ဆန်းတံတားလို့ အစိုးရက အမည်ပေးခဲ့တာကြောင့် ဖြစ်နိုင်တယ်လို့ လေ့လာသူ အများအပြားက ယူဆကြပါတယ်။ အဲဒီ ကြားဖြတ်ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တာ ကတော့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ကိုယ်စားလှယ် ဖြစ်ပါတယ်။

ဒီနှစ် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ ချောင်းဆုံ ၁ အမတ်လောင်းက အသက် ၃၉ နှစ်အရွယ် ဒေါ်ရွှေသဇင်ပါ။ ပထမဆုံး အကြိမ် ရွေးကောက်ပွဲဝင်မယ့် တရားလွှတ်တော်ရှေ့နေ ဒေါ်ရွှေသဇင်က ချောင်းဆုံမြို့နယ်၊ ကညှော်ကျေးရွာဇာတိ ဖြစ်ပြီး  ငြိမ်းဖောင်ဒေးရှင်းရဲ့ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အကူအညီပေးရေးအဖွဲ့မှာ အခမဲ့ တာဝန် ယူပေးနေသူပါ။

ဒေါ်ရွှေသဇင်ကလည်း သူ့ကို မဲပေးမယ့်သူ အများအပြားရှိမယ်လို့ ယူဆထားသူပါ။

“ကျွန်မကတော့ နိုင်မယ်လို့တော့ ထင်တယ်။ နိုင်ကိုနိုင်ရမယ်။ ကျွန်မက ပရဟိတလုပ်ငန်းတွေ လုပ်ခဲ့တာတွေ ရှိတဲ့အခါကျတော့ ကျွန်မကို ချစ်တဲ့ပြည်သူတွေက များတယ်လေ။ ပြီးတော့ ကျွန်မကလည်း အနာဂတ်ကို ပိုမိုတောက်ပတဲ့ ကျွန်မမြို့နယ် ပိုမိုထွန်းတောက် ပြောင်းလဲချင်တဲ့ဆန္ဒနဲ့ လုပ်တဲ့အတွက် ကြောင့်မို့လို့ ကျွန်မကို မဲပေးတဲ့ပြည်သူတွေလည်း များမယ်။ ဒါကြောင့်မို့လို့ ကျွန်မ နိုင်မယ်လို့ ရဲရဲကြီး ပြောရဲတာပေါ့နော်”

ပါတီအသီးသီး မဲဆွယ်နေကြပေမယ့် UDP ညီညွတ်သောဒီမိုကရက်တစ်ပါတီရဲ့ လှုပ်ရှားမှုကို ချောင်းဆုံမြို့နယ်မှာ မတွေ့ရသေးပါဘူး။

UDP ပါတီရဲ့ ၆၃ နှစ်အရွယ် အမတ်လောင်း ဦးကျော်ဖေကတော့ အောင်နိုင်ရေး မျှော်လင့်ချက်ရှိတယ်လို့ ပြောပါတယ်။

“ကျွန်တော်တို့က လက်ရှိမှာ စည်းရုံးရေးဆင်းတဲ့ အနေအထား မရှိသေးဘူး။ အောင်နိုင်ရေး လွှတ်တော် ကိုယ်စားလှယ်လောင်း ပုံရိပ်တွေပြတဲ့ ဆိုင်းဘုတ်တွေ ထောင်နေတဲ့ အဆင့်ပဲရှိသေးတယ်။ ကျွန်တော်ကတော့ ဝင်ရောက် ယှဉ်ပြိုင်ကတည်းကတော့ အနိုင်ရရှိမယ်လို့ မျှော်လင့်ထားလို့ပေါ့၊ ဝင်ရောက် ယှဉ်ပြိုင်ခြင်းပဲဖြစ်တယ်”

ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီရဲ့ အမတ်လောင်းကတော့ အသက် ၆၅  နှစ် အရွယ် ဦးလွန်းရွှေဖြစ်ပါတယ်။ သူကတော့ အငြိမ်းစား မူလတန်းကျောင်းအုပ်တစ်ဦးဖြစ်တယ်လို့ သိရပါတယ်။

မွန်ပြည်နယ် ရွေးကောက်ပွဲလေ့လာသုံးသပ်သူ တစ်ဦးဖြစ်တဲ့ ကိုကြည်ဇော်လွင်က ချောင်းဆုံ ၁ မှာ ယှဉ်ပြိုင်မှု ပြင်းထန်မယ့် ပြိုင်ဘက်တွေကတော့ ပြည်နယ်လွှတ်တော် ဒုဥက္ကဋ္ဌ နဲ့ ပြည်နယ် စည်ပင်ဝန်ကြီးတို့ ဖြစ်မယ်လို့ ခန့်မှန်းပါတယ်။

“သူ့ကိုတော့ ဝန်ကြီးအနေနဲ့ ယှဉ်ပြိုင်ဖို့တော့ ခက်ပါလိမ့်မယ်။ ဒါပေမဲ့ တစ်ဖက်က ပြန်ကြည့်ရင်တော့ ဝန်ကြီးပေါ့နော်၊ ဝန်ကြီးကလည်း စည်ပင်ဝန်ကြီး ဖြစ်နေတဲ့အခါကျတော့ ဝန်ကြီးရဲ့ အရှိန်အဝါပဲဖြစ်ဖြစ် ဝန်ကြီးရဲ့အနေအထားနဲ့ဖြစ်ဖြစ်ဆိုရင်တော့ သူ့ရဲ့အခန်းကဏ္ဍကလည်း ကြီးကြီးကျယ်ကျယ် ရှိတယ်လို့ မြင်လို့ရတယ်။ ဒီဟာက အကြိတ်အနယ်ဖြစ်မယ်၊ မဲရလဒ်ကတော့ အများကြီး ပြတ်မယ်လို့မထင်ဘူး။ အားသာတာကတော့ ဒေါက်တာအောင်နိုင်ဦး ပိုအားသာပါလိမ့်မယ်”

ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ မွန်ပါတီနှစ်ခုပြိုင်ရတဲ့ပုံစံ ဖြစ်ခဲ့ပေမယ့် ဒီနှစ် မွန်ပါတီနှစ်ခု ပူးပေါင်းမှုဟာ ဒေါက်တာ အောင်နိုင်ဦးအတွက် အားသာချက်ဖြစ်သလို  သူရရှိခဲ့တဲ့ မဲတွေကလည်း အခြေခံမဲတွေ ဖြစ်တယ်လို့ ကိုကြည်ဇော်လွင်က သုံးသပ်ပါတယ်။

တခြားမြို့နယ်တွေလိုပဲ ချောင်းဆုံမြို့နယ်မှာလည်း မဲဆွယ်မှု တရားဝင် စတင်ရရှိတဲ့ စက်တင်ဘာလ ၈ ရက်နေ့ကစပြီး မဲဆွယ်စည်းရုံးမှုတွေ တွေ့နေရပါတယ်။

------------
(၂၀၂၀ ရွေးကောက်ပွဲဝင်မယ့် အထင်ကရ နိုင်ငံရေးပါတီတွေ၊ ရွေးကောက်ပွဲအကြောင်း သိကောင်းစရာ အချက် အလက်တွေနဲ့၊ ရွေးကောက်ပွဲဆိုင်ရာ သတင်းပေးပို့ချက်တွေ၊ ဗီဒီယိုတွေ၊ တွေ့ဆုံမေးမြန်းချက်တွေကို RFA ရွေးကောက်ပွဲအထူးအစီအစဉ် စာမျက်နှာမှာ တစုတစည်းတည်း လေ့လာကြည့်ရှုနိုင်ပါတယ်။)

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org