ပျူစောထီးရန်ကြောင့် ချောက် ဒေသခံတွေ ထွက်ပြေးနေရ

မကွေးတိုင်း၊ ချောက်မြို့နယ်မှာ ပျူစောထီး အဖွဲ့ဝင်တွေကြောင့် ရွာပေါင်း ဆယ်ရွာကျော်က ဒေသခံ နှစ်ထောင်ခန့် မကြာခဏ ထွက်ပြေးနေရပါတယ်။

မကွေးတိုင်း၊ ရေလယ်ကျွန်းဒေသမှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁၅ ရက် မနက်ပိုင်းက တွေ့ရစဉ်။ Yay Lal Kyun News Photo

မကွေးတိုင်း၊ ချောက်မြို့နယ်မှာ စစ်ကောင်စီက လက်နက်တပ်ဆင်ပေးထားတဲ့ ပျူစောထီး အဖွဲ့ဝင်တွေကြောင့် ချောက်မြို့နယ် နရွဲတောရွာ အပါအဝင် ရွာပေါင်း ဆယ်ရွာကျော်က ဒေသခံ နှစ်ထောင်ခန့် မကြာခဏ ထွက်ပြေးနေရပါတယ်။

ချောက်မြို့နယ်က နရွဲတော၊ ညောင်ဇင်၊ ရွာမ၊ ကတိုင်မြောက်၊ ကတိုင်တောင်၊ ကံသစ်ကုန်း၊ ထိန်စမ်း၊ တုံရွာ၊ ဂွေးပင်ကြီး၊ ဂွေးပင်လေး၊ ကတောက်ချောင်း၊ စမ်းရေယဉ်၊ တွင်းလပ်နဲ့ ပြရွာ စတဲ့ ရွာတွေက ဒေသခံတွေဟာ စစ်ကောင်စီ လက်နက်တပ်ဆင်ပေးထားတဲ့ ပျူစောထီးအဖွဲ့ဝင်တွေကို ကြောက်လန့်နေကြတာပါ။

"ရွာသူရွာသားတွေကို ညှဉ်းပန်းနှိပ်စက်ဖို့၊ ရွာကိုဖျက်ဆီးဖို့ အဲလောက်ကိုပဲ အဓိကထားနေတဲ့ ပုံစံဖြစ်နေတာပေါ့"

ပြီးခဲ့တဲ့ ခြောက်လလောက်က စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ ချောက်မြို့နယ်အတွင်း တိုက်ပွဲဖြစ်ခဲ့ပြီးနောက် စစ်ကောင်စီက ကျေးရွာတချို့မှာ အထိုင်ချပြီး သူတို့ကို ထောက်ခံတဲ့ ကုန်းကြီးရွာနဲ့ အိုင့်ကြီးရွာတွေက ဒေသခံတွေကို စစ်သင်တန်းပေးကာ လက်နက်တွေပါ တပ်ဆင်ပေးခဲ့တာလို့ ဆိုပါတယ်။

လက်ရှိမှာ ပျူစောထီးရန်ကို ကြောက်နေရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ နရွဲတောရွာ ဒေသခံ တစ်ဦးက ပြောပါတယ်။

"ကျွန်တော်တို့က အဲဒီစစ်တပ်ကို ဒီလောက် မကြောက်ရဘဲနဲ့ အခုဟာက ပျူကို တအားကြောက်နေရတဲ့ အခြေအနေကို ရောက်နေတာ ကျွန်တော်တို့ ရွာလေးကလေ။ သူတို့ လက်နက်ကိုင် လက်နက်ကိုင်ချင်းတိုက်ဖို့ အဓိကထားတာ မဟုတ်ဘူး။ ရွာသူရွာသားတွေကို ညှဉ်းပန်းနှိပ်စက်ဖို့၊ ရွာကိုဖျက်ဆီးဖို့ အဲလောက်ကိုပဲ အဓိကထားနေတဲ့ ပုံစံဖြစ်နေတာပေါ့ ကျွန်တော်တို့ဘက်မှာ"

ဒီပျူစောထီးအဖွဲ့ဟာ ကား ငါးစီး၊ အင်အား ငါးဆယ်ခန့်နဲ့ ရွာတွေကို မကြာခဏ ဝင်ရောက်စီးနင်းပြီး နေအိမ်တွေကို ဖျက်ဆီးတာ၊ ဒေသခံတွေကို ဖမ်းဆီးတာနဲ့ ပစ္စည်းဥစ္စာတွေကို အဓမ္မယူဆောင်တာတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

"တချို့ လာသံကြားတာနဲ့ ကျွန်တော်တို့ ပြေးရတာတွေ၊ သုံးရက်လာရင် သုံးရက်လုံး တောထဲ အိပ်ရတာမျိုးတွေ ညလာရင် ည၊ တောထဲ အိပ်ရတာမျိုးတွေ ရှိတာပေါ့"

ပြီးခဲ့တဲ့ ဇွန် ၃ ရက်နေ့က နရွဲတောကျေးရွာက အသက် ၁၆ နှစ်အရွယ် တစ်ဦးနဲ့ ကတိုင်ကျေးရွာက လူငယ် သုံးဦးကို စစ်ကောင်စီနဲ့ ပျူစောထီးအဖွဲ့တွေက ဖမ်းဆီးထားပြီး လက်ရှိအချိန်အထိ မလွတ်မြောက်သေးဘူးလို့ ပြောပါတယ်။ နရွဲတောရွာမှာဆိုရင် အိမ်ခြေ သုံးရာခန့်ရှိပြီး တစ်ရာခန့် ဖျက်ဆီးခံထားရတယ်လို့လည်း ဆိုပါတယ်။

ရွာတွေထဲကို ဝင်လာတဲ့ ပျူစောထီးတွေက နေအိမ်တွေကို ဖျက်ဆီးပြီး တွေ့သမျှပစ္စည်းတွေကို ယူသွားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

"ယူတာတော့ ဆိုင်ကယ်ဆို အကုန်လုံးလိုလိုယူတယ်။ သူတို့ ဝင်တဲ့အိမ်မှန်သမျှ ဝင်တဲ့အိမ်ကို ဘာပစ္စည်းမှ မကျန်ဘူး။ ဒီ လက်သမား ပစ္စည်းတွေအစ မကျန်ဘူး။ လှည်းဆင်တဲ့ တာယာဘီးအစ မကျန်ဘူး ယူတာကတော့။ ကြက်ပစ်စားတယ်ဗျာ။ ဒယ်အိုး၊ ဒယ်နီ၊ ပေါင်းအိုး အကုန်မကျန်ဘူးဗျာ။ ဖိနပ်ကအစ ယူတယ်ဗျာ။ အဝတ်အစားဆို အသစ်လား ခေါက်ထားတာတွေ့ရင် တစ်ခုမှမကျန်ဘူး။ သေတ္တာတွေ ကျွမ်းထိုးမှောက်ခုံ အကုန်လှန်လှောပြီး သေတ္တာတွေ မှောက်ကန်ခဲ့တယ်။ အပေါက်တွေဆို နင်းချိုး ၊ သော့ဆိုဖျက် သူတို့က အဲလို လုပ်နေတာ။ တော်တော်များများကို အဲလို ဖျက်ဆီးသွားပါတယ်။ တော်တော်ကို ပက်ပက်စက်စက် ဖျက်ဆီးသွားတာဗျ"

စစ်ကောင်စီက သင်တန်းပေးထားတဲ့ ပြည်သူ့စစ်တွေ အင်အားနဲ့ နယ်မြေစိုးမိုးရေးရအောင် ကြိုးစားနေတာလို့ Chauk Guerrilla Force တာဝန်ခံက ပြောပါတယ်။

"အဲဘက်ခြမ်းတွေမှာ ကျွန်တော်တို့ တပ်ဖွဲ့တွေပေါ့ လှုပ်ရှားခဲ့တာပေါ့။ လျှပ်တပြက် လှုပ်ရှားခဲ့တာတွေရှိတယ်။ ကားတွေဘာတွေ မိုင်းဆွဲတိုက်ခိုက်ခံရတာ သူတို့ ကြုံထားတော့ အဲဘက်တစ်ကြောမှာ အဟန့်အတား တစ်ခုအနေနဲ့ သူတို့ လုပ်တယ်လို့ ကျွန်တော်က ယူဆတယ်။ ကျွန်တော်တို့တွေကို ဒီဘက် နယ်မြေစိုးမိုးမှု မရအောင် တိုက်ပွဲဖော်ဆောင်ထားတာလည်း အရင်တုန်းကရှိတော့ သူတို့က အဲမှာ ခြေကုတ်စခန်းယူပြီးတော့ သူတို့ထပ်ပြီးတော့ ဒီဘက်နယ်မြေတွေကို နယ်မြေရှင်းလင်းရေး ပုံစံမျိုးတွေကို အကျယ်တဝင့် ထပ်ပြီးလုပ်ဆောင်နေတာတော့ ရှိတာပေါ့"

အဲဒီ ပျူစောထီးအဖွဲ့ဝင်တွေဟာ တစ်ပတ်ကိုတစ်ကြိမ်လောက် အနီးအနား ကျေးရွာတွေထဲ စစ်ကြောင်းထိုးလေ့ရှိတာကြောင့် မကြာခဏ ထွက်ပြေးနေရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ နရွဲတောရွာခံတစ်ဦးက ပြောပါတယ်။

"စားဝတ်နေရေး အခက်အခဲကတော့ ကျွန်တော်တို့ အနည်းနဲ့အများ ရှိတာပေါ့။ ရှိပေမဲ့ အခုက စားဝတ်နေရေးထက် အသက်ကိုလုပြေးနေရတဲ့ ကာလဆိုတော့ စားဝတ်နေရေးကို အဲလောက်ကြီး ဂရုမစိုက်ကြဘူးပေါ့။ ရေသောက်ရ သောက်ရ၊ ဘယ်လို နေရနေရပေါ့။ သူတို့နဲ့ မတွေ့ရရင် ပြီးတာပဲ။ တချို့ လာသံကြားတာနဲ့ ကျွန်တော်တို့ ပြေးရတာတွေ၊ တချို့ဆို သုံးရက်လာရင်၊ သုံးရက်လုံး တောထဲ အိပ်ရတာမျိုးတွေ ညလာရင် ည၊ တောထဲ အိပ်ရတာမျိုးတွေတော့ အဲလိုမျိုးတွေတော့ ကျွန်တော်တို့ဘက်မှာ ရှိတာပေါ့"

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်တွင် စစ်ကောင်စီတပ် စစ်ကြောင်းထိုးသဖြင့် ဒေသခံများ ထွက်ပြေးနေရသည်ကို ၂၀၂၃ ခုနှစ်၊ ဧပြီလက တွေ့ရစဉ်။ (Citizen Photo)

ပျူစောထီးတွေ ပြန်ထွက်သွားချိန် ရွာထဲ ပြန်ဝင်ချက်ပြုတ်စားသောက်ကြပေမဲ့ ရွာထဲ ကြာကြာမနေရဲဘဲ ဘေးလွတ်ရာ တောတွေထဲမှာ ပုန်းအောင်းနေရတယ်လို့ ဆိုပါတယ်။

ချောက်မြို့ကို သွားတဲ့လမ်းမှာရှိတဲ့ ကုန်းကြီးရွာ စစ်ဆေးရေးဂိတ်မှာ စစ်ကောင်စီတပ်သားနဲ့ ပျူစောထီးတွေက လမ်းသွားလမ်းလာနဲ့ ကားတွေကို စစ်ဆေးဖမ်းဆီးတာတွေရှိတယ်လို့လည်း ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး တုံ့ပြန်မှုရဖို့ စစ်ကောင်စီ မကွေးတိုင်း ပြောခွင့်ရသူ လူမှုရေးရာဝန်ကြီး ဦးမျိုးမြင့်ကို RFA က ဆက်သွယ်ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

ချောက်မြို့နယ်မှာ ပျူစောထီးအဖွဲ့တွေ အခြေချ လှုပ်ရှားနေတဲ့ ရွာတွေအနီး ပတ်ဝန်းကျင်က ဒေသခံတွေကတော့ စားဝတ်နေရေး ခက်ခဲနေရပြီး ကိုယ့်ရွာကိုယ့်အိမ်မှာ ပြန်နေရဖို့ မျှော်လင့်နေကြပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ စာရင်းအရ တစ်နိုင်ငံလုံးမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူ သုံးသန်းကျော် ရှိနေပါပြီ။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org