နှစ်သစ်မှာ ထူးခြားတဲ့အပြောင်းအလဲဖြစ်လာနိုင်ကြောင်း KIO ပြော
2024.01.09

နိုင်ငံတစ်ဝန်းမှာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပြည်သူလူထုရဲ့ တက်ညီလက်ညီ ခုခံတော်လှန်မှုတွေကြောင့် စစ်ကောင်စီတပ် စစ်ရှုံးနေတာကို မြင်တွေ့နေရပြီး အခု ၂၀၂၄ ခုနှစ်မှာတော့ ထူးခြားတဲ့ အပြောင်းအလဲတွေ ဖြစ်ပေါ်လာနိုင်တယ်လို့ ကချင်ပြည် လွတ်မြောက်ရေးအဖွဲ့ (KIO) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက ပြီးခဲ့တဲ့ နှစ်သစ်ကူး မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။
အဆုံးသတ်အောင်ပွဲခံနိုင်ဖို့အတွက် တော်လှန်ရေး အင်အားစုတွေ အချင်းချင်း အပြန်အလှန် နားလည်မှုထားပြီး အဓိက ဘုံရန်သူကို အားစိုက်တော်လှန်ဖို့ကိုလည်း သူကတိုက်တွန်း ပြောဆိုပါတယ်။
လက်ရှိဖြစ်ပွားနေတဲ့ အခြေအနေအရပ်ရပ်အရ အခုနှစ်အတွင်း အပြောင်းအလဲ ဖြစ်လာနိုင်တာလို့လည်း ကေအိုင်အို သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက RFA ကို ပြောပါတယ်။
"လက်တွေ့ကျကျ ပြန်ပြောမယ်ဆိုရင်တော့ စစ်ကောင်စီတွေက အာဏာသိမ်းတာ၊ သူတို့ သက်တမ်းပြန်တိုးတာ ဒီလကုန်ရင်တော့ သူက သက်တမ်းလည်းကုန်သွားပြီ ဆိုတော့ ဒါလည်း အပြောင်းအလဲတစ်ခုတော့ ဖြစ်နိုင်တာပေါ့။ နောက်တစ်ခုက မြောက်ပိုင်း မဟာမိတ် သုံးဖွဲ့လည်း ရှမ်းမြောက်တွေမှာ တိုက်ပွဲတွေက အားလုံး သိတဲ့အတိုင်း ပြင်းပြင်းထန်ထန် တိုက်ပွဲဖြစ်နေတယ်။ သူလည်းအပြောင်းအလဲတစ်ခု တော့ ဖြစ်လာနိုင်တာပေါ့။ နောက် နွေဦးတော်လှန်ရေးအဖွဲ့တွေ NUG၊ PDF တွေလည်း မြန်မာနိုင်ငံတစ်ခုလုံးမှာ စစ်ရေးလှုပ်ရှားမှုတွေတော့ သိသိသာသာလုပ်နေတာ။ အဲဒါကြောင့် ၂၀၂၄ မှာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးတွေ၊ စစ်ရေးတွေပေါ့၊ အပြောင်းအလဲ တော့ ဖြစ်နိုင်ခြေရှိတယ်ဆိုတဲ့ အမြင်နဲ့ ပြောထားတာဖြစ်နိုင်တယ်လို့ ကျွန်တော်လည်း သုံးသပ်ပါတယ်"
ဘယ်လိုအပြောင်းအလဲမျိုးလဲဆိုတာကိုတော့ တိတိကျကျမပြောနိုင်ဘူးလို့လည်း ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃ ရက်နေ့မှာပဲ ဝိုင်းမော်မြို့နယ်မှာရှိတဲ့ နာဖော့ စစ်ကောင်စီတပ်စခန်း ကို ရိက္ခာလာပို့တဲ့ စစ်ရဟတ်ယာဉ်တစ်စီးကို ကေအိုင်အေက ပစ်ချခဲ့ပြီး အဲဒီ ရဟတ်ယာဉ်မှာ ပါလာတဲ့ စစ်ကောင်စီတပ်သား ခြောက်ဦး သေဆုံးပြီး ဗိုလ်မှူးတစ်ဦးကို ဖမ်းမိခဲ့တယ်လို့ ကေအိုင်အေ သတင်းရင်းမြစ်တွေက ပြောပါတယ်။
စစ်ကောင်စီတပ်ကလည်း ရဟတ်ယာဉ်ပစ်ချခံရပြီးနောက် ပါဂျောင်ဘက်ကို ဂျက် တိုက်လေယာဉ်နဲ့ လာရောက် ပစ်ခတ်တာတွေရှိခဲ့တယ်လို့လည်းဆိုပါတယ်။
ကေအိုင်အေဌာနချုပ် လိုင်ဇာမြို့အနီးက ဂျေယန် (JE YANG) စစ်ဘေးဒုက္ခသည်စခန်းမှာ နေထိုင်တဲ့ ဒုက္ခသည် အမျိုးသမီးတစ်ဦးကတော့ အခုနှစ်အတွင်းမှာ တိုင်းပြည်ငြိမ်းချမ်းပြီး အမြန်ဆုံး အိမ်ပြန်ချင်တယ်လို့ ပြောပါတယ်။
"ကိုယ့်အိုး၊ ကိုယ့်အိမ်နဲ့နေချင်ပြီ။ အဲဒါကြောင့် နှစ်ဖက် စစ်အစိုးရလည်း ငြိမ်းချမ်းချင် ငြိမ်းချမ်းပေါ့။ တိုက်လည်း မြန်မြန်တိုက်၊ မြန်မြန်လွတ်လပ်ရေးရ၊ အဲဒီလိုပဲ မျှော်လင့်ပါတယ်လို့။ ဒီစစ်ရှောင်ထဲမှာ အကြာကြီးလည်း မနေချင်လာတော့ဘူး။ ဒီမှာပဲနေပြီးတော့ ကိုယ့်အတွက်၊ ကလေးတွေအတွက် ဘာမှ မျှော်လင့်ချက်မရှိဘူး။ တကယ့်ကို အရမ်းဝမ်းနည်းရတယ် ဒီမှာနေရတာ။ တစ်ခါတလေ အရမ်းမွန်းကျပ်တယ်။ အဘက်ဘက်ကနေ ဒုက္ခအရမ်းရောက်တယ်။ အခုအချိန် စီးပွားရှာလို့မရဘူး၊ အပြင်ထွက်လို့မရဘူး။ စစ်ရေး အဲလိုဖြစ်နေတော့ ဘယ်ဘက်မှလည်း သွားလို့လည်းမရ။ ကလေးတွေ စားဝတ်နေရေးကအစ ကျောင်းစရိတ်ကအစ လိုကလိုအပ်နေ တယ်။ စောင်ခြုံပြီးမှ ငိုလိုက်တဲ့အချိန်လည်း မနည်းတော့ဘူး။ လွှတ်လပ်ရေးရဖို့ပဲ မျှော်လင့် ဆုတောင်းတယ်။ မျက်ရည်ကျပြီးမှ ဆုတောင်းတယ်။ တစ်မိနစ် တစ်စက္ကန့်တောင်မှ မနေချင်လာတော့ဘူး။ မနက်ဖြန် ဒီမိုကရေစီရပြီဆို ဒီနေ့ညကတည်းကတောင် ပြန်ချင်တယ်"
နေရပ်ပြန်နိုင်ပြီဆိုတဲ့အတွက် ပြီးခဲ့တဲ့နှစ်က လူအား၊ ငွေအားတွေရင်းနှီးပြီး ပြန်လည် ထူထောင်ဖို့ ကြိုးပမ်းခဲ့ပေမယ့် ၂၀၂၃ ဇူလိုင်လတည်းက စတင်လာတဲ့ မြစ်ကြီးနား-ဗန်းမော်လမ်းပေါ်က တိုက်ပွဲတွေကြောင့် ဆုံးရှုံးမှုတွေနဲ့ ကြုံတွေ့ခဲ့ရသလို တိုက်ပွဲကြောင့် လမ်းတွေပိတ်သွားတဲ့အတွက် ကုန်းစျေးနှုန်းတွေတက်ပြီး လက်ရှိမှာ စားသောက်ရေး အတွက် အခက်အခဲကြုံနေရတယ်လို့လည်း ပြောပါတယ်။
ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၉ ရက်နေ့ညက လိုင်ဇာအနီးက မုန်လိုင်ခက် စစ်ဘေးဒုက္ခသည် စခန်း ဖျက်အားပြင်း ဗုံးနဲ့ တိုက်ခိုက်ခံခဲ့ရတာကြောင့် ကလေး ၁၁ ဦး အပါအဝင် စုစုပေါင်း လူ ၂၉ ဦး သေဆုံးပြီး ၅၇ ဦး ဒဏ်ရာရခဲ့ပါတယ်။ ဒါ့အပြင် လိုင်ဇာမြို့ကိုလည်း ပြီးခဲ့တဲ့ နိုဝင်ဘာလက လေကြောင်းရော၊ လက်နက်ကြီးနဲ့ပါ တိုက်ခိုက်ခံခဲ့ရပြီး လူနဲ့ နေအိမ်တွေ ထိခိုက်တာတွေ ရှိခဲ့ပါတယ်။

ကချင်နိုင်ငံရေးလေ့လာသူတစ်ဦးကတော့ ကေအိုင်အို ဥက္ကဋ္ဌရဲ့ မိန့်ခွန်းအရ အခုနှစ်သစ်မှာ တိုက်ပွဲတွေ ပိုပြင်းထန်လာနိုင်တယ်လို့ သုံးသပ်ပါတယ်။
"ကေအိုင်အို ဥက္ကဋ္ဌရဲ့ နှစ်သစ် မိန့်ခွန်းမှာ ကြားသိရတဲ့အတိုင်း ၂၀၂၄ ကတော့ ကျွန်တော်တို့ အပြောင်းအလဲတွေ ပိုပြီး သိသာမြင်သာနိုင်တဲ့အနေအထားလို့ မြင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီတော်လှန်ရေးတပ်သားတွေလည်း စစ်ကောင်စီကို တိုက်ခိုက်တဲ့နေရာမှာ ပိုပြီးတော့ အသာစီးနိုင်တဲ့ အနေအထားတွေ့ရတယ်။ အဲဒါကြောင့် ၂၀၂၄ က စစ်ရေးတွေလည်းပိုပြီးတော့ တင်းမာလာမယ်လို့ မြင်ပါတယ်။ ငြိမ်းချမ်းရေးဆွေးနွေးဖို့လည်း အလှမ်းဝေးနေသေးတယ်ဆိုတော့ စစ်ရေးတစ်ခုနဲ့ပဲ ဖြေရှင်းရမယ့်အနေအထား ဖြစ်နေတယ်၊ မြန်မာရဲ့အနေအထားက။ ပြီးတော့ အပြောင်းအလဲ ဘယ်လိုအနေအထားရှိလာနိုင်သလဲဆိုတာကို ပိုပြီးတော့ တွေ့မြင်လာရမယ်လို့ မျှော်လင့်ပါတယ်"
ကေအိုင်အို အနေနဲ့ မဟာမိတ်တွေနဲ့ ပူးပေါင်းလှုပ်ရှားမှုတွေ ပိုများလာနိုင်သလို ကချင်ပြည်နယ်ဘက်မှာတော့ အုပ်ချုပ်ရေးအစီအမံတွေကိုတော့ တိုးချဲ့ပြီး ဖော်ဆောင်လာနိုင်တယ်လို့လည်း သူကသုံးသပ်ပါတယ်။
ကေအိုင်အေ အနေနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းလည်း တပ်မဟာ (၄၊ ၆၊ ၁၀) တပ်ရင်းတွေ တိုးချဲ့ပြီး စစ်ကောင်စီတပ်နဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေသလို စစ်ကိုင်းတိုင်းဘက်တွေလည်း PDF တွေနဲ့ ပူးပေါင်းပြီး တိုက်ပွဲတွေ ဖော်ဆောင်နေတာပါ။
ဝိုင်းမော်မြို့နယ် မိုင်းနားကျေးရွာက KBC စစ်ဘေးဒုက္ခသည်စခန်းမှာ ခိုလှုံနေတဲ့ ဒုက္ခသည် တစ်ဦးကတော့ အခုနှစ်သစ်မှာ တိုက်ပွဲတွေ ပိုမိုပြင်းထန်လာတာနဲ့အမျှ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ ရေကြောင်း ပစ်ခတ်မှုရန်ကိုလည်း အရပ်သားတွေ ပိုမိုစိုးရိမ်နေရတယ်လို့ ပြောပါတယ်။
"တိုက်ပွဲတွေ ဖြစ်လာရင်လည်း မြန်မြန်ပြီးသွားဖို့ မြန်မြန် တော်လှန်ရေးအောင်မြင်ဖို့ လည်း မျှော်လင့်တာပေါ့နော်။ ဒါပေမဲ့ ဒီလိုမျိုး တိုက်ပွဲတွေဖြစ်လာရင်တော့ ကျွန်မတို့ အတွက် အရမ်းစိုးရမ်းရတဲ့ဟာတွေလည်း အများကြီးပဲပေါ့။ ၂၀၂၄ တိုက်ပွဲတွေ ပိုဖြစ်လာတော့ ပြည်သူတွေ ပိုပြီး ထိခိုက်လာမှာကို စိုးရိမ်တာပေါ့။ ဘာဖြစ်လို့လဲ ဆိုတော့ တိုက်ပွဲတွေဖြစ်ရင် စကစဘက်ကတော့ သူတို့ အရှုံးနဲ့ ရင်ဆိုင်လာရတဲ့အခါ ကျွန်မတို့ ပြည်သူတွေ အများဆုံးရှိတဲ့ နေရာမှာပဲ လက်နက်ကြီးပစ်တဲ့ဟာတွေ လုပ်တာပေါ့နော်။ နောက်ပြီး ဒီလေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှာတွေ အရမ်းစိုးရိမ်တာ ပေါ့နော်"
သူတို့ စစ်ဘေးဒုက္ခသည်စခန်းမှာ ညအချိန်မှာ ဒရုန်းတွေ ပျံတာတွေလည်းရှိနေတာကြောင့် နေစဉ်နဲ့အမျှ စိုးရိမ်စိတ်နဲ့ နေထိုင်နေကြရတယ်လို့ပြောပါတယ်။ မြစ်ကြီးနားနဲ့ ဝိုင်းမော်ဘက် အင်တာနက်လှိုင်းတွေလည်း ပြတ်နေသလို သွားလာဖို့လည်း လုံခြုံမှု မရှိတဲ့အတွက် ခက်ခဲမှုတွေ များနေတယ်လို့လည်းပြောပါတယ်။
"တိုက်ပွဲတွေဖြစ်ရင် စကစဘက်ကတော့ သူတို့ အရှုံးနဲ့ ရင်ဆိုင်လာရတဲ့အခါ ကျွန်မတို့ ပြည်သူတွေ အများဆုံးရှိတဲ့နေရာမှာပဲ လက်နက်ကြီးပစ်တဲ့ဟာတွေ လုပ်တာပေါ့နော်"
အခုလို သုံးသပ်ပြောဆိုချက်တွေနဲ့ပတ်သက်လို့ တုံ့ပြန်ချက်သိရဖို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဒီနေ့ ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။
နိုင်ငံရေးလ့လာသူ ဦးသန်းစိုးနိုင်ကတော့ ကေအိုင်အေ အနေနဲ့ ကချင်ပြည်နယ်မှာရှိတဲ့ စစ်ကောင်စီတပ်တွေကို ဖယ်ရှားပြီးရင် ဖက်ဒရယ် ပြည်နယ်တစ်ခုဖြစ်အောင် ပူးပေါင်းလိမ့်မယ်လို့ သုံးသပ်ပါတယ်။
"ကေအိုင်အိုအနေနဲ့လည်း နွေဦးတော်လှန်ရေး အောင်ပွဲနဲ့အတူ တစ်ပြည်လုံးကို သူလည်း ပါဝင် တိုက်ပွဲဆင်မယ်။ အဲအခါကျရင်တော့ KIA က ဦးစွာပထမ သူ့ပြည်နယ် လွတ်မြောက်ရေးကို အရင်လုပ်မယ်လို့ ယူဆတယ်။ အဲဒီလိုလုပ်ပြီးရင်တော့ သူပြည်နယ်ထဲမှာရှိတဲ့ ကချင်ပြည်နယ်လွှတ်မြောက်ရေးအတွက် အဲဒီမှာရှိတဲ့ စစ်ကောင်စီ ကျရှုံးရေး စစ်တပ်တွေကို ဖယ်ရှားပြီးလို့ရှိရင် သူလည်း ဖက်ဒရယ် ပြည်နယ် တစ်ခုဖြစ်အောင် ပူပေါင်းလိမ့်မယ်လို့ ယူဆတာပေါ့။ ဒါက ယေဘုယျအမြင် ကျွန်တော်မြန်မြန်ပြောတာ။ ၂၀၂၄ ခုနှစ်က စစ်ရေးလှုပ်ရှားမှုတွေ ပိုပြီး ပြင်းထန် လိမ့်မယ်လို့ ယုံကြည်စရာရှိတာပေါ့"
အေအိုင်အေက ၂၀၂၃ နှစ်လယ်ပိုင်းကစလို့ အခုထိ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး မြစ်ကြီးနား၊ ဝိုင်းမော်၊ တနိုင်း၊ ဖားကန့်၊ ဆွပ်ပရာဘွမ်၊ ရွှေကူ၊ မိုးညှင်း၊ မိုးကောင်း၊ မိုးမောက် စတဲ့ မြို့နယ်တွေက တပ်စခန်းတွေနဲ့ ရှမ်းမြောက်က စစ်ကောင်စီ စခန်း စုစုပေါင်း ၁၅ ခုကို တိုက်ခိုက်သိမ်းယူထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကိုင်းတိုင်းက မော်လူး၊ ကောလင်းနဲ့ ခါမ်းပါတ် စတဲ့မြို့တွေကို တိုက်ခိုက်သိမ်းပိုက်ချိန် မှာလည်း ကေအိုင်အေက ပူးပေါင်းပါဝင်ခဲ့ပါတယ်။