မီဒီယာကို ဝါဒဖြန့်တဲ့ လက်နက်သဖွယ် အသုံးချနေမှုများ
2022.10.20
ပဋိပက္ခတွေနဲ့ ကြုံရတဲ့အခါမျိုးမှာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နဲ့ သတင်းအချက်အလက် ရရှိခွင့်ဟာ မဖြစ်မနေလိုအပ်ပြီး၊ ဒါမှပဲ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ နိုင်ငံတကာ ရာဇဝတ်မှု ကျုးလွန်တာတွေကို သတင်းသမားတွေနဲ့ လူ့အခွင့်အရေးလှုပ်ရှားသူတွေက စောင့်ကြည့်မှတ်တမ်းတင်နိုင်မှာဖြစ်တယ်လို့ ကုလသမဂ္ဂရုံးချုပ်မှကျင်းပတဲ့ လက်နက်ကိုင် ပဋိပက္ခတွေအတွင်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ဆိုင်ရာ ဆွေးနွေးပွဲမှာ ကျွမ်းကျင်သူတွေ ထောက်ပြခဲ့တာပါ။
မှန်ကန်ပြီး ယုံကြည်စိတ်ချရတဲ့ သတင်းအချက်အလက်တွေရမှ အရပ်သားတွေ ဘေးကင်းလုံခြုံမှု ပေးနိုင်သလို၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ သတင်းအချက်အလက် ရရှိခွင့်ဟာလည်း မတူကွဲပြားတဲ့ လူ့အသိုင်းအဝိုင်းတွေကြား ပေါင်းစည်းပေးတဲ့နေရာမှာ အထောက်အကူ ဖြစ်စေတယ်လို့လည်း ပြောပါတယ်။ ဒါပေမဲ့လည်း လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်လာပြီဆိုရင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ သတင်းအချက်အလက် ရပိုင်ခွင့်တွေဟာ ထိပ်ဆုံးကနေ ဆုံးရှုံးရတတ်တာကလည်း စိတ်မကောင်းစရာပဲလို့ ပြောဆိုခဲ့ကြပါတယ်။
သတင်းမှားတွေ၊ ဝါဒဖြန့်တာတွေကို အစိုးရတွေကရော၊ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေကပါ မကြာခဏ အသုံးချနေတာဟာ လူ့အခွင့်အရေး၊ တရားဥပဒေစိုးမိုးရေး၊ ဒီမိုကရေစီလုပ်ငန်းစဉ်တွေကို ထိခိုက်လေ့ရှိပြီး ပဋိပက္ခ တာရှည်လေ့ရှိတယ်လို့လည်း သတိပေးထားပါတယ်။
အထူးသဖြင့် လူမှုကွန်ရက်မီဒီယာတွေနဲ့ ဆက်သွယ်မှုတွေ အားကောင်းလာတဲ့ ဒစ်ဂျစ်တယ်ခေတ်မှာ စိန်ခေါ်မှုတွေလည်း ပိုမိုကြီးမားလာနေတယ်လို့ ပြောပါတယ်။ ပဋိပက္ခတွေနဲ့ ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံလို နေရာမျိုးမှာ သတင်းအချက်အလက် ရဖို့ လူမှုကွန်ရက်တွေကို အားထားနေရပေမဲ့ - တချိန်တည်းမှာပဲ အန္တရာယ်တွေလည်း ရှိနေတယ်လို့ ကုလသမဂ္ဂရဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ဆိုင်ရာ အထူးကိုယ်စားလှယ် Irene Khan က ဆွေးနွေးပွဲမှာ သတိပေးခဲ့ပါတယ်။
“ဥပမာ မြန်မာနိုင်ငံလို နေရာမျိုးမှာ လူမှုကွန်ရက်တွေဟာ အစိုးရရဲ့ ထိန်းချုပ်မှုမရှိဘဲ သတင်းအချက်အလက် ရနိုင်တာကြောင့် အင်မတန်မှ တန်ဖိုးရှိပါတယ်။ ဒါပေမဲ့ တချိန်တည်းမှာပဲ သတင်းမှားတွေ၊ အမုန်းစကားတွေနဲ့ အကြမ်းဖက်မှုတွေကို ဖြန့်ချိရာမှာလည်း အဓိကနေရာမှာ ရှိနေပါတယ်။”
မြန်မာနိုင်ငံမှာ အစိုးရရဲ့ ပံ့ပိုးမှုနဲ့ ဝါဒဖြန့်ချိမှုတွေ၊ သတင်းမှားတွေ ဖြန့်ဝေတာတွေဟာ စစ်ရာဇဝတ်မှုတွေ ကျုးလွန်တဲ့အထိ အားပေးရာရောက်ကြောင်းလည်း အထူးကိုယ်စားလှယ်က ကုလသမဂ္ဂ အထွေထွေ ညီလာခံရဲ့ တတိယကော်မတီကို တနင်္လာနေ့က တင်ပြတဲ့ အစီရင်ခံမှာ ဖော်ပြခဲ့ပါတယ်။
ကုလသမဂ္ဂရုံးချုပ်က ဆွေးနွေးပွဲကို အွန်လိုင်းကနေ ပါဝင်ခဲ့တဲ့ မဇ္ဈိမသတင်းဌာန အယ်ဒီတာချုပ် ဦးစိုးမြင့် ကတော့ မနှစ် ဖေဖော်ဝါရီလက မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း မဇ္ဈိမ အပါအဝင် လွတ်လပ်တဲ့ ပုဂ္ဂလိက သတင်းမီဒီယာ တော်တော်များများ ပိတ်ပင်ခံရတာ၊ အွန်လိုင်းဆက်သွယ်မှုတွေအပေါ် ကန့်သတ်ခံရတာတွေလို သတင်းရရှိခွင့် အခြေအနေကို အလေးထား ပြောဆိုသွားပါတယ်။ မြန်မာစစ်အာဏာပိုင်တွေရဲ့ သတင်းမီဒီယာတွေအပေါ် ဖိနှိပ်မှုတွေဟာ ပဋိပက္ခကို ပိုကြီးစေတဲ့ အကြောင်းရင်း တစ်ခုအဖြစ်နဲ့လည်း ထောက်ပြခဲ့တာပါ။
“လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်တွေအပေါ် ဖိနှိပ်မှုတွေနဲ့အတူ သတင်းမှားတွေ ဖြန့်ချိတာတွေကို အတိုက်အခံတွေနဲ့ ထောက်ခံသူတွေကို အကြမ်းဖက် ဖိနှိပ်ရာမှာ စနစ်တကျ အသုံးချနေတယ်ဆိုတာ ထင်ရှားတဲ့ အထောက်အထားတွေ ရှိပါတယ်။ ဒီလုပ်ရပ်တွေကြောင့် တစ်ဘက်မှာလည်း ပြည်တွင်းမှာ အကြောက်တရား ပိုမိုကြီးထွားလာနေသလို၊ စစ်အာဏာပိုင်တွေအပေါ် ရန်လိုတဲ့ သဘောထားတွေလည်း တိုးလာနေတာကြောင့် ပဋိပက္ခကာလအလွန် အချိန်မှာ ပြဿနာတွေ ပိုများမယ့် အခြေအနေကို ဦးတည်နေပါတယ်။”
ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Irene Khan ကတော့ လွတ်လပ်စွာ ထုတ်ဖော်ခွင့်နဲ့ သတင်းအချက်အလက် ရရှိခွင့်တွေအတွက် နိုင်ငံတကာ ဥပဒေတွေကို ပိုမို ခိုင်မာအားကောင်းအောင်လုပ်ဖို့လည်း တိုက်တွန်းခဲ့တာပါ။ ဒစ်ဂျစ်တယ်ခေတ်မှာ သတင်းအချက်အလက် ဖြန့်ချိမှုတွေဟာ ပိုမိုရှုပ်ထွေးလာတာနဲ့အမျှ စိန်ခေါ်မှုတွေဟာ တစ်နေ့တခြား ကြီးထွားလာနေတာကို ရင်ဆိုင်နိုင်ဖို့ သက်ဆိုင်သူတွေ၊ လူမှုအသိုင်းအဝိုင်းတွေ၊ အစိုးရတွေနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေ ပိုပြီးပူးပေါင်းဖို့ လိုတယ်လို့လည်း သတိပေးခဲ့ပါတယ်။