ခွင့်ပြုချက်မဲ့ နိုင်ငံခြားငွေကိုင်ထားသူတွေကို အရေးယူမယ်လို့ ဗဟိုဘဏ်ကြေညာ
ခွင့်ပြုချက်မရှိဘဲ နိုင်ငံခြားငွေလက်ဝယ်တွေ့ရင် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေနဲ့ အရေးယူမယ်လို့ စစ်ကောင်စီ ဗဟိုဘဏ်က ကြေညာပါတယ်။
-
RFA Burmese
2023-08-21 -
-
-
ပြင်ပငွေလဲလှယ်ဈေးကွက်မှာ အမေရိကန် တစ်ဒေါ်လာကို မြန်မာကျပ်ငွေ ၃၉၀၀ အထိ မြင့်တက်လာပြီးနောက် ခွင့်ပြုချက်မရှိဘဲ နိုင်ငံခြားငွေလက်ဝယ်တွေ့ရင် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေနဲ့ အရေးယူမယ်လို့ စစ်ကောင်စီ ဗဟိုဘဏ်က ဩဂုတ်လ ၂၁ ရက် ဒီနေ့ထုတ် နိုင်ငံပိုင် သတင်းစာတွေကနေတစ်ဆင့် ကြေညာခဲ့ပါတယ်။
လက်ရှိ ပြည်တွင်းမှာ အဆမတန်မြင့်တက်လာနေတဲ့ အမေရိကန် ဒေါ်လာငွေ လဲလှယ်နှုန်းကို ထိန်းချုပ်ဖို့ စစ်ကောင်စီရဲ့ ဗဟိုဘဏ်က အခုလို ကန့်သတ်လိုက်တာလို့ လေ့လာသူတွေနဲ့ ငွေကြေးလုပ်ငန်း လုပ်ကိုင်သူတွေက ထောက်ပြကြပါတယ်။
"သူတို့ ဝယ်ထားတာ သုံးထောင်နဲ့ ဝယ်ထားရတဲ့အခြေအနေမှာ နှစ်ထောင်လောက် ဈေးတန်းနဲ့ဆို ဘယ်ထုတ်ရောင်းမလဲ"
နိုင်ငံခြားငွေလုပ်ငန်း လုပ်ကိုင်ခွင့်ရထားတဲ့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ လုပ်ငန်းရှင်တစ်ဦးကတော့ အခုထုတ်ပြန်ချက်ဟာ တရားမဝင်လည်ပတ်နေတဲ့ ဈေးကွက်ကိုထိန်းချုပ်နိုင်မှာ မဟုတ်ဘူးလို့ RFA ကို ပြောပါတယ်။
“အဓိကတော့ ဈေးကစားနေတာကို သူတို့ (စစ်ကောင်စီ) က ထိန်းလို့မရဘူးဖြစ်နေတာ။ ဒီကြေညာချက်အရဆိုရင် မဖြစ်မနေကို သူတို့သတ်မှတ်ထားတဲ့ ၂၉၂၀ တို့၊ ၂၁၀၀ တို့ အထိ မဖြစ်မနေလုပ်မယ့် သဘောရှိတယ်။ ထုတ်ရောင်းမှာ မဟုတ်ဘူးဗျ။ သူတို့ (ဝယ်ထားသူ) အရှုံးခံပြီး ဘယ်ထုတ်ရောင်းမလဲ။ သူတို့ ဝယ်ထားတာ သုံးထောင်နဲ့ ဝယ်ထားရတဲ့အခြေအနေမှာ နှစ်ထောင်လောက် ဈေးတန်းနဲ့ဆို ဘယ်ထုတ်ရောင်းမလဲ။ သိန်းသောင်းနဲ့ချီ ရင်းထားရတာ”
ဒါပေမဲ့ အမေရိကန်ဒေါ်လာ တစ်ထောင်ကနေ တစ်သောင်းအထိ လက်ဝယ်ရှိသူတွေ ကတော့ ဒီကြေညာချက်ကြောင့် ထုတ်ရောင်းလာနိုင်တယ်လို့ သူက သုံးသပ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ ဗဟိုဘဏ်ရဲ့ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု စည်းမျဉ်း အမိန့်ကြေညာစာ အပိုဒ် - ၁၅ အရ ပြည်တွင်းမှာ နေထိုင်သူတစ်ဦးဟာ အမေရိကန်ဒေါ်လာ တစ်သောင်း ဒါမှမဟုတ် အဲဒီတစ်သောင်းနဲ့ ညီမျှတဲ့ တစ်ခြားနိုင်ငံခြားငွေကို လက်ခံရှိတဲ့နေ့ကစပြီး ခြောက်လအထိဘဲ ကိုင်ဆောင်ခွင့်ရှိတာပါ။
ခြောက်လပြည့်ရင်တော့ နိုင်ငံခြားငွေလုပ်ငန်း လုပ်ကိုင်ခွင့်ရရှိသူတွေဆီ ရောင်းချခြင်း ဒါမှမဟုတ် ဘဏ်စာရင်းထဲထည့်သွင်းခြင်းတွေ ဆောင်ရွက်ရမယ်လို့လည်း အမိန့်မှာ ပြဋ္ဌာန်းထားပါတယ်။
စစ်တပ် အာဏာမသိမ်းခင် ကာလတွေတုန်းကတော့ ဒီလိုလုပ်ဆောင်ချက်မျိုး အကောင်အထည်ဖော်တာ မတွေ့ရဘဲ အခု စစ်ကောင်စီလက်ထက်မှာမှ ဒီစည်းမျဉ်းတွေနဲ့ အရေးယူဖို့ အကောင်အထည်ဖော်လာတာ တွေ့ရတယ်လို့လည်း ငွေကြေးလုပ်ငန်း လုပ်ကိုင်သူတွေက ပြောပါတယ်။
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ပြည်တွင်း ဘဏ်လုပ်ငန်းကျွမ်းကျင်သူတစ်ဦးကတော့ ဗဟိုဘဏ်အနေနဲ့ အမေရိကန်ဒေါ်လာ လိုအပ်ချက်ကို ပုံမှန်ဖြည့်ဆည်းပေးပြီး ပြင်ပ ဈေးကွက် ပေါက်ဈေးအတိုင်း ဈေးနှုန်းပြောင်းလဲပေးမှသာ ဒီလိုအဆမတန်မြင့်တက်နေတဲ့ ဒေါ်လာဈေးကို ထိန်းနိုင်မယ်လို့ RFA ကို ပြောပါတယ်။
“Supply (ရောင်းချအား) ထက် Demand (ဝယ်လိုအား) က ပိုများနေတော့ ဒေါ်လာဈေးက တက်မှာပဲ။ ဘာနည်းနဲ့မှ တားလို့မရဘူး။ အမိန့်နဲ့ တားလို့မရဘူး။ ဖမ်းမယ်ဆိုပြီး တားလို့မရဘူး။ ဘာနဲ့မှ တားလို့ရလဲဆိုတော့ Supply (ရောင်းချအားကို) မှန်မှန်ကန်ကန်လုပ်ပေးမယ်။ ဈေးကွက်ကို Floating (ပြင်ပပေါက်ဈေးအတိုင်း စျေးရှင်) ထားပေးနိုင်ရင် ပြန်ငြိမ်သွားလိမ့်မယ်။ Float မလုပ်နိုင်ဘဲနဲ့ ဘယ်လိုမှမရဘူး”
စစ်ကောင်စီဟာ အမေရိကန် ဒေါ်လာငွေ လိုအပ်ချက်ရှိနေပြီး အရင်ထုတ်ရောင်းခဲ့တဲ့ အမေရိကန် ဒေါ်လာငွေတွေဟာလည်း လိုအပ်နေသူတွေ လက်ထဲမရောက်ခဲ့ဘူးလို့ သူက ထောက်ပြပါတယ်။
အခုနောက်ပိုင်း ပြည်သူတွေရဲ့ နိုင်ငံခြားငွေ အကောင့်ထဲရှိတဲ့ ဒေါ်လာတွေကိုပါ ဗဟိုဘဏ်ဈေးနဲ့ဖြတ်ပြီး ပြန်ယူတာတွေ ရှိနေတယ်လို့လည်း ဆိုပါတယ်။
ဩဂုတ်လ ၁၉ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ စစ်ကောင်စီ ဗဟိုဘဏ်နဲ့ ပြည်တွင်းစီးပွားရေး လုပ်ငန်းရှင်တွေ တွေ့ဆုံပွဲမှာ တရားမဝင် ငွေလဲလှယ်လုပ်ငန်းနဲ့ အွန်လိုင်းပေါ်ကနေ အမေရိကန် ဒေါ်လာဈေး မြင့်တက်အောင် ရေးသားပြောဆိုသူတွေကို အရေးယူမယ်လို့ စစ်ကောင်စီရဲ့ ဗဟိုဘဏ် ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ က ပြောခဲ့ပါတယ်။
၂၀၁၂ ခုနှစ်က ပြဋ္ဌာန်းခဲ့တဲ့ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေမှာ လုပ်ငန်းလိုင်စင်မရှိဘဲ နိုင်ငံခြားငွေ လဲလှယ်ရောင်းချရင် ထောင်ဒဏ် သုံးနှစ်၊ ငွေဒဏ် ဒါမှမဟုတ် ဒဏ်နှစ်ခုလုံးချမှတ်နိုင်တဲ့အပြင် သက်သေခံပစ္စည်းတွေကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်တယ်လို့ ပြဋ္ဌာန်းထားတာပါ။
ရန်ကုန်မြို့က ရွှေနဲ့ငွေကြေးဈေးကွက် စောင့်ကြည့်လေ့လာနေတဲ့ စီးပွားရေးသုံးသပ်သူ တစ်ဦးကတော့ လက်ရှိ ဗဟိုဘဏ်ရဲ့ လုပ်ဆောင်ချက်ဟာ ဒေါ်လာအကျပ်အတည်းကို ရေတိုဖြေရှင်းနည်းတစ်ခုသာ ဖြစ်နိုင်တယ်လို့ RFA ကို ပြောပါတယ်။
“ရေတိုဖြေရှင်းတဲ့ နည်းနဲ့၊ အဓိကတော့ လူထုကို အကြောက်တရားနဲ့ပဲ ဖြေရှင်းတဲ့နည်းနဲ့ ကြိုးစားလာတာဖြစ်တယ်။ တစ်ကယ့်အခြေအနေက ငွေကြေးအကျပ်အတည်းပေါ့။ ဘဏ်နှစ်ဘဏ် အပိတ်ခံရတယ်။ နောက်ပြီး ဘင်္ဂလားဒေ့ရှ်က ငွေတွေကိုထိန်းချုပ် လိုက်တာတွေဖြစ်တော့ လူထုက ထုံးစံအတိုင်း ကိုယ့်ဆီမှာရှိတဲ့ ငွေကြေးတဖြည်းဖြည်း ကျုံ့ကျုံ့လာတဲ့အခါ ရှိတဲ့သူတွေကတော့ စိတ်ချရတဲ့ငွေ (ဒေါ်လာ) ကို ဝယ်ကြတာ။ ဒါက ထုံးစံပဲ။ အဲလိုဟာမျိုးကို လတ်တလော အမိန့်အာဏာနဲ့ ဖြေရှင်းဖို့ ကြိုးစားတဲ့ ကိစ္စက ဘယ်လိုမှ မဖြစ်နိုင်ဘူး”
ဒီအခြေအနေတွေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ဗဟိုဘဏ် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဌာနကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားခြင်း မရှိပါဘူး။
စစ်ကောင်စီရဲ့ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB)၊ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနဲ့ ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB) နှစ်ခုကို အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ဇွန်လ ၂၁ ရက်နေ့မှာ ပိတ်ဆို့အရေးယူခဲ့ပါတယ်။
ဒီအတောအတွင်း ဩဂုတ်လ ၁၆ ရက်နေ့ကလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ Sonali ဘဏ်က သူတို့ဘဏ်မှာ ဖွင့်ထားတဲ့ အမေရိကန်ဒေါ်လာ တစ်သန်းတစ်သိန်းကျော်ရှိတဲ့ စစ်ကောင်စီ ဘဏ်နှစ်ခုရဲ့ ငွေစာရင်းတွေကို ထုတ်ယူလို့မရအောင် ပိတ်ပင်ထိန်းချုပ်ခဲ့ပါတယ်။
စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ နိုင်ငံတချို့ဟာ ဒေါ်လာ ငွေကြေးကို လက်နက်သဖွယ် အသုံးချနေတယ်လို့ ဩဂုတ်လ ၁၅ ရက်နေ့က ရုရှား နိုင်ငံမှာလုပ်ခဲ့တဲ့ ၁၁ ကြိမ်မြောက် နိုင်ငံတကာ လုံခြုံရေးညီလာခံမှာ ပြောဆိုထားပါတယ်။
စစ်ကောင်စီရဲ့ ဗဟိုဘဏ်ဟာ နိုင်ငံခြားငွေ စီမံခန့်ခွဲမှု ဥပဒေကို မလိုက်နာဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ အခုနှစ်အတွင်း နိုင်ငံခြားငွေ လဲလှယ်ရောင်းချခွင့်လိုင်စင် ၄၃ ခုကိုလည်း ရုပ်သိမ်းထားပါတယ်။